Monday, December 14, 2015

ရှမ်းနှစ်သစ်ကူးပွဲတော်တွင် ရှမ်းတိုင်းရင်းသားတစ်ချို့ ပြည်တွင်းစစ်ရပ်တံ့ရန် ဆုတောင်း

Leave a Comment

ရှမ်းနှစ်သစ်ကူးပွဲတော်တွင် ရှမ်းတိုင်းရင်းသားတစ်ချို့ ပြည်တွင်းစစ်ရပ်တံ့ရန် ဆုတောင်း





ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ်အတွင်းနေထိုင်ကြသည့် ရှမ်းမျိုးနွယ်ဝင်မိသားစုများမှ ရှမ်းသက္ကရာဇ် ၂၁၁၀ ခုနှစ် နတ်တော်လဆန်း ၁ ရက်နေ့ ရှမ်းနှစ်သစ်ကူးပွဲတော်အား ရှမ်းစာပေ နှင့် ယဉ်ကျေးမှုအဖွဲ့မှ ဦးစီး၍ ပြည်မြို့ စက်မြောင်းစက်ကြီးဝန်း မှုတ်ရှည်အုပ်စု ဓမ္မဒီပဘုန်းတော်ကြီးကျောင်းတွင် ဒီဇင်ဘာ ၁၂  ရက်နေ့ နံနက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပြီး ရှမ်းနှစ်သစ်ကူး အနေဖြင့် ရှမ်းတိုင်းရင်းသားတစ်ချို့က ပြည်တွင်းစစ်များရပ်တံ့သွားစေရန် ဆုမွန်ကောင်းတောင်းလျှက်ရှိကြောင်းသိရ သည်။



“ငါတို့တွေ ခါတိုင်းနှစ်တွေက စင်ပေါ်မှာအကြီးအကျယ်လုပ်ဆောင်ခဲ့တယ်။ ဒီနှစ်ရှမ်းပြည်တစ်ခွင်မှာ စစ်ဘေးဒုက္ခသည်တွေအများကြီးခံလိုက်ရတယ်။ သူတို့ကိုငဲ့ညာတဲ့အနေနဲ့ ငါတို့ သူတို့နဲ့ထပ်တူဝမ်းနည်းတယ်။ ပှုဆွေးတယ်။ သောကတွေလည်းရောက်ရတယ်ဆိုတာ လူတွေသိအောင် ငါတို့ကြီးကြီးကျယ်ကျယ်မလုပ်ပဲ သူတို့နဲ့အတူတူမြေပြင်မှာတစ်သားတည်းဖြစ်အောင် ငါတို့ရှမ်းနှစ်သစ်ကူးကိုချမ်းချမ်းမြေ့မြေ့နဲ့ ကြိုဆိုဖြတ်သန်းကြတာပါ။ နှစ်ဦးနှစ်ဘက်ငြိမ်းချမ်းစွာ နားလည်မှုယူမယ်ဆိုငြိမ်းချမ်းမှာပါ။ဘယ်သူမှ စစ်ဆိုတာမလိုလားပါဘူး။ ရှမ်းနှစ်သစ်ကူးမှာ တစ်တိုင်းပြည်လုံး တစ်ကမ္ဘာလုံး လူမျိုးအားလုံး အေးအေးချမ်းချမ်းနဲ့ ဘ၀ကို ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။” ဟု ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ပြည်မြို့) ဥက္ကဌ စိုင်းလှကျော် ကပြောသည်။



အဆိုပါ ရှမ်းနှစ်သစ်ကူးပွဲတော်ကို ပြည်မြို့တွင် ရှမ်း စာ/ယဉ် အဖွဲ့က ၉-ကြိမ်မြောက်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၁၂ ရက်နေ့တွင်ကျရောက်မည့် ၂၁၁၀ ခုနှစ် နတ်တော်လဆန်း ၁ ရက်နေ့တွင် ရှမ်းမျိုးနွယ်ဝင်မိသားစုများ စုပေါင်း၍ အရုဏ်ဆွမ်း၊နေ့ဆွမ်း၊ဒါတဗ္ဗ၀တ္ထုအစုစုတို့အားလှူဒါန်း၍ ကောင်းမှုကုသိုလ်များ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။



“ငါတို့က ရှမ်းပြည်မှာမပျော်ရပေမယ့် အခုပြည်မှာ ရှမ်းမျိုးနွယ်တွေစုပေါင်းပြီး ငါတို့ရှမ်းနှစ်သစ်ကူးကိုကြိုဆိုကြတယ်။ ပြည်တွင်းစစ်တွေရပ်ပေးစေချင်တယ်။ တီဗီတွေထဲမှာကြည့်ရတာ ကိုယ့်အမျိုးတွေဘယ်လိုဖြစ်နေလည်း ဘယ်တော့ပါမလည်းလို့ အမြဲတမ်းစောင့်ကြည့်နေရတယ်။ စစ်ဘေးဒုက္ခတွေဖြစ်နေတာကြားတော့ ဘယ်လိုမှစိတ်မကောင်းမိဘူး။ ရှမ်းမျိုးနွယ်ဝင်တွေ ရိုးရာ မမေ့ကြပဲ နှစ်တိုင်း ဒီလိုပွဲတွေလုပ်ကြပါ။ ပြည်တွင်းစစ်တွေရပ်ပေးပါ။” ဟု ယင်းအခမ်းအနားတက်ရောက်လာသူ နန်းအေးမြ ကပြောသည်။



အဆိုပါ ၂၁၁၀ ခုနှစ် ရှမ်းနှစ်သစ်ကူး အချိန်ရောက်ရှိမည့် ဒီဇင်ဘာ ၁၂ ရက်နေ့ နံနက် ၁ -နာရီနောက်ပိုင်းကို ပြည်မြို့နယ်အတွင်းက ရှမ်းမျိုးနွယ်မိသားစုများ စုပေါင်း၍ ဒီဇင်ဘာ ၁၁ ရက်နေ့ ညပိုင်းတွင် ရှမ်းရိုးရာ အိုးစည်အကများ၊ရှမ်းအကများ ဖြင့် ကြိုဆိုလျှက်ရှိပြီး ပြည်မြို့ပေါ်ရပ်ကွက်တစ်ချို့မှာလည်း ထိုနည်တူစွာ ရှမ်းနှစ်သစ်ကူး အချိန်အား အခမ်းနားများဖြင့် ကြိုဆိုမှုများ ကျင်းပပြုလုပ်လျှက်ရှိကြောင်းသိရသည်။



K3(pyay)


0 comments:

Post a Comment

Facebook Like Page