Tuesday, March 10, 2015

Student News: Updated March 10 ယခုနောက်ဆုံးရကျောင်းသားသတင်း(23း0)

Leave a Comment
Student News: Updated March 10 ယခုနောက်ဆုံးရကျောင်းသားသတင်း(23း0)


ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲမှ အကြမ်းဖက်နှိမ်နင်းမှုများ ပြုလုပ်ခြင်းနှင့်အတူ သတင်းရယူနေသော မီဒီယာသမားများကိုပါ ရိုက်နက်မှု၊ ဖမ်းဆီးမှုများ၊ ဖမ်းဆီးရန် လုပ်ဆောင်မှုများရှိနေကြောင်း သိရသည်။ Eleven Media Group မှ သတင်းထောက်များအပါအ၀င် မီဒီယာသမားများအား ရဲတပ်ဖွဲ့က ဖမ်းဆီးရန် လုပ်ဆောင်မှုများရှိနေသောကြောင့် တိမ်းရှောင်နေရကြောင်း သိရှိရပြီး ယခုကဲ့သို့ သတင်းရယူနေသော မီဒီယာသမားများအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးရန်လုပ်ဆောင်ခြင်းမှာ သင့်လျော်ခြင်း မရှိသည့်အတွက် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ တစ်ဆင့် ကန့်ကွက်သွားမည်ဖြစ်ပါသည်။

Student News: Updated March 10, 1:50 PM

ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲမှ အကြမ်းဖက်နှိမ်နင်းမှုများ ပြုလုပ်နေကြောင်း သိရှိရပါသည်။ သပိတ်စစ်ကြောင်းမှ ကျောင်းသားကျောင်းသူများ ရိုက်နှက်၍ ဖမ်းဆီးခံရကြောင်း သိရသည်။ ကျောင်းသားကျောင်းသူများ ၀င်ရောက်ခိုလှုံသည့် နေအိမ်များအထိ ၀င်ရောက်ဖမ်းဆီးမှုများ ရှိကြောင်းလည်း သိရသည်။ သတင်းထောက်များသည်လည်း လွတ်ကင်းရာသို တိမ်းရှောင်နေရကြောင်းနှင့် သတင်းထောက်အချို့ မှ ပဋိပက္ခအတွင်း ပိတ်မိနေကြောင်း သိရသည်။ လက်ပံတန်းမြို့ခံအချိှု့ ဆန္ဒပြနေကြောင်းနှင့် မြို့ခံများနှင့် ရဲတပ်ဖွဲ့ဝင်များ အကြား အပြန်အလှန်ပဋိပက္ခ ဖြစ်ပွားနေကြောင်း လည်းသိရသည်။

Student News: Updated March 10, 1:30 PM

ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းမှ ကျောင်းသားများ၊ သံဃာတော်များအား လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်တားဆီး ဖြိုခွင်းမှုများ၊ ဖမ်းဆီးမှုများ စတင်ပြုလုပ်နေကြောင်း သိရှိရသည်။

ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းသည် ရန်ကုန်သို့ချီတက်ရန်အတွက် ရဲတပ်ဖွဲ့ဘက်မှ အကြောင်းပြန်ကြားရန် ပြောဆိုထားသည့်အချိန် နံနက် ၁၁ နာရီ ၄၅ မိနစ်ကို ကျော်လွန်သွားပြီးနောက် အတားဆီးများရှိရာသို့ ကျောင်းသားများမှ တိုးဝင်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် ကျောင်းသား ကျောင်းသူ ၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


Student News: Updated March 10, 1:00 PM

ကျောင်းသားများဆီသို့ လာရောက်ပူးပေါင်းရန် ကြိုးစားသည့် လက်ပံတန်းမြို့ခံအချို့ ရိုက်နှက်ခံရကြောင်းနှင့် ဖမ်းဆီးခံရသူအချို့ရှိကြောင်း ဆန္ဒပြကျောင်းသားများ၏ ပြောကြားချက်အရ သိရသည်။ ရဲတပ်ဖွဲ့ဝင်များနှင့် တွန်းထိုးမှုဖြစ်ပွားပြီး ဒဏ်ရာရရှိသည့် ကျောင်းသားများကို တင်ဆောင်ထားသည့် အရေးပေါ်လူနာတင်ယာဉ်ကို ထွက်ခွင့် မပြုဘဲ ရဲတပ်ဖွဲ့မှ တားဆီးထားကြောင်း သိရသည်။


Student News: Updated March 10, 12:50 PM

လက်ရှိအချိန်တွင် ကျောင်းသားများနှင့် ရဲတပ်ဖွဲ့ဝင်တို့ အပြန်အလှန် တွန်းထိုးနေမှုများ ရပ်ဆိုင်းထားပြီး ရဲတပ်ဖွဲ့ဝင်များဘက်မှ ဒိုင်းများကို အသုံးပြုရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။


Student News: Updated March 10, 12:30 PM

လက်ပံတန်းရှိ ပင်မကျောင်းသားစစ်ကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်များကြား အခြေအနေတင်းမာနေကြောင်း သိရသည်။ ကျောင်းသား ကျောင်းသူ ၅ ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး မူးလဲသူအချို့ရှိကြောင်းလည်း သိရသည်။ ရဲတပ်ဖွဲ့မှ တားဆီးထားသည့်နေရာ၏ အပြင်ဘက်တွင် လက်ပံတန်း မြို့ခံများမှ ကျောင်းသားများနှင့် ပူးပေါင်းရန်အတွက် ရောက်ရှိနေပြီး ၄င်းတို့ကိုလည်း ရဲတပ်ဖွဲ့မှ တားဆီးထားကြောင်း သိရသည်။


Student News: Updated March 10, 12:05 PM

ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းသည် ရန်ကုန်သို့ချီတက်ရန်အတွက် ရဲတပ်ဖွဲ့ဘက်မှ အကြောင်းပြန်ကြားရန် ပြောဆိုထားသည့်အချိန်ကို ကျော်လွန်သွားသည့်အတွက် အတားဆီးများရှိရာသို့ စတင်တိုးဝင်နေပြီဖြစ်ကြောင်း သိရှိရပါသည်။ ကနဦးတွင် ရန်ကုန်သို့ချီတက်ရန် ပဲခူးတိုင်းဒေသကြီး နယ်လုံဝန်ကြီးမှ ခွင့်ပြုခဲ့သော်လည်း ကန့်သတ်ထားသည့် စည်းကမ်းချက်များကို ညှိုနှိုင်း၍မရသဖြင့် အတားဆီးများရှိရာသို့ တိုးဝင်နေခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အာဏာပိုင်များဘက်မှ ကန့်သတ်ချက်များမှာ ပင်မစစ်ကြောင်းအနေဖြင့် လက်ပံတန်းတာဆုံသို့ ငါးယောက်တစ်ဖွဲ့စီသာ သွားရောက်ရမည်ဖြစ်ကြောင်း၊ ကားဖြင့် ရန်ကုန်သို့ ချီတက်ရာတွင်လည်း စစ်ကြောင်းပုံစံဖြင့် ချီတက်ခြင်းကို ခွင့်မပြုဘဲ ကားတစ်စီးနှင့်တစ်စီးခြား၍ ချီတက်ရမည်ဖြစ်ကြောင်း၊ ကျောင်းသားသမဂ္ဂအလံထောင်ခွင့်၊ ကြွေးကြော်ခွင့်၊ ခေါင်းစီးများ အသုံးပြုခွင့် မပြုကြောင်းတို့ ဖြစ်ကြောင်းသိရသည်။


Student News: Updated March 10, 11:50 AM

ရန်ကုန်သို့ သပိတ်စစ်ကြောင်း ချီတက်ရန် ရဲတပ်ဖွဲ့၏ ကန့်သတ်ချက်အား ပယ်ဖျက်ပေးရန် ကျောင်းသားများဘက်မှ ယနေ့ ၁၁ နာရီ ၄၅ မိနစ်အထိ စောင့်ဆိုင်းခဲ့ပြီးနောက် ယခုအချိန်တွင် ပင်မသပိတ်စစ်ကြောင်းသည် ရဲတပ်ဖွဲ့နှင့်အတားအဆီးများရှိရာသို့ စတင်တိုးဝင်နေပြီဖြစ်ကြောင်း သိရသည်။


Student News: Updated March 10, 11:10 AM

ဒီမိုကရေစီပညာရေးပင်မသပိတ်စစ်ကြောင်း ရန်ကုန်သို့ ချီတက်ရန် ဆက်လက်ညှိနှိုင်းနေရဆဲ

ဒီမိုကရေစီပညာရေးပင်မသပိတ်စစ်ကြောင်း ရန်ကုန်သို့ ချီတက်မည့်ပုံစံကို ကျောင်းသားကိုယ်စားလှယ်များနှင့် ရဲတပ်ဖွဲ့တို့ ဆက်လက်ညှိနှိုင်းနေကြောင်း သိရသည်။ ရဲတပ်ဖွဲ့မှ ပင်မစစ်ကြောင်းအနေဖြင့် လက်ပံတန်းတာဆုံသို့ ငါးယောက်တစ်ဖွဲ့စီသာ သွားရောက်ရမည်ဖြစ်ကြောင်း၊ ကားဖြင့် ရန်ကုန်သို့ ချီတက်ရာတွင်လည်း စစ်ကြောင်းပုံစံဖြင့် ချီတက်ခြင်းကို ခွင့်မပြုသေးဘဲ ကားတစ်စီးနှင့်တစ်စီးခြား၍ ချီတက်ရမည်ဖြစ်ကြောင်း၊ ကျောင်းသားသမဂ္ဂအလံထောင်ခွင့်၊ ကြွေးကြော်ခွင့်၊ နှဖူးစီးများ အသုံးပြုခွင့် မပြုကြောင်း သိရသည်။ ရဲတပ်ဖွဲ့၏ သတ်မှတ်ချက်များကို ကျောင်းသားများဘက်မှ လက်ခံခြင်းမရှိဘဲ ရဲတပ်ဖွဲ့နှင့် ဆက်လက်ဆွေးနွေးလျက်ရှိပြီး လက်ပံတန်းမြို့မှ စတင်ထွက်ခွာနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ ကျောင်းသားများမှ ယနေ့ ၁၁နာရီ ၄၅ မိနစ် အချိန်အထိ အကြောင်းပြန်ကြားချက်ကို စောင့်ဆိုင်းမည်ဖြစ်ကြောင်း သိရသည်။


Student News: Updated March 10, 10:10 AM

လက်ပံတန်းရှိ ဒီမိုကရေစီပညာရေးသပိတ် ပင်မစစ်ကြောင်း ရန်ကုန်သို့ ချီတက်ခွင့်ရရှိ

လက်ပံတန်းမြို့တွင် တားဆီးခံထားရသည့် ဒီမိုကရေစီပညာရေးသပိတ် ပင်မစစ်ကြောင်းသည် ယနေ့နံနက်တွင် ပဲခူးတိုင်းဒေသကြီး နယ်လုံဝန်ကြီးနှင့် ဆွေးနွေး၍ ရန်ကုန်သို့ စတင်ချီတက်ခွင့် ရရှိခဲ့ကြောင်း သိရသည်။ ဒီမိုကရေစီပညာရေးသပိတ် ပင်မစစ်ကြောင်းသည် လက်ပံတန်းမြို့ တာဆုံအထိ လမ်းလျှောက် ချီတက်မည် ဖြစ်ပြီး ထိုနေရာမှ ကားဖြင့် ရန်ကုန်သို့ ယနေ့ အရောက် ချီတက်မည်ဟု သိရှိရပါသည်။

Eleven Media Group မှကူးယူဖော်ပြတင်ဆက်သည်။

တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019





0 comments:

Post a Comment

Facebook Like Page