သရေခေတ္တရာမြို့ ပြည်ကန်တော်မောင်နှမှ စစ်ထွက်ပွဲကျင်းပပြုလုပ်
ပဲခူးတိုင်းဒေသကြီး ပြည်ရိုင် ပြည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် သရေခေတ္တရာ ကန်တော်ရှင်မောင်နှမ ၊တောင်ပြုံးမင်း နှစ်ပါး၊ကူတော်ရှင် နှစ်ပါး တို့ စစ်ထွက်ပွဲအခမ်းအနားအား ဒီဇင်ဘာ ၁၈ ရက်နေ့ နံနက် ၁၀-နာရီချိန်ခန့်က ပြည်မြို့ ရွာဘဲနယ်မြေအတွင်းရှိ ကန်တော်ရှင်မောင်နှမ မှုလနတ်နန်းတွင်စည်ကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ပြည်ကန်တော်ရှင် မောင်နှအား သရေခေတ္တရာမြို့ ဒွတ္တပေါင်မင်း လက်ထပ်တွင် ပြည်မြို့ရှိ သမိုင်းဝင် ရွှေစေတီ ကိုးဆူ၊ ကန်ကိုးကန်၊သိမ်ကိုးသိမ်၊တောင်ကိုးတောင် ကျောင်းကိုးကျောင်း စသည့်အနက် ပြည်ကန်တော်အား ကန်တော်ရှင်မောင်နှမတို့ထံ အပိုင်စားပေးသနားတော်မှုခဲ့သည့် နှစ်မှစတင်၍ ပြည်ကန်တော်နတ်နန်းတည်ဆောက်ထားခဲ့ပြီး နှစ်စဉ် နတ်တော်လဆန်း ၇-ရက်နေ့နံနက်အချိန်ခါတွင် နတ်စစ်သည်များ စစ်တိုက်ထွက်ပွဲအား ကျင်းပပြုလုပ်ခဲ့တာဖြစ်ကြောင်းသိရသည်။
“စစ်ထွက်ရာမှာလိုအပ်တဲ့ စစ်လက်နတ်ပစ္စည်းအစုံပါတယ်။ ရှေ့ဆုံးက ကြံကိုင်တယ်။ စစ်ရိတ်က္ခာ၊စစ်ပန်းအိုး၊ဒိုင်း၊ရွှေဓါးကိုင် ငွေဓါးကိုင်၊စစ်ကိုယ်ရံတော်၊ရွှေမောင်းငွေမောင်း၊ စစ်ဝန်းခင်းပြီး စစ်ထွက်ပါတယ်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေရဲ့ သရေခေတ္တရာ ပြည်မြို့ရဲ့ မြို့ရှင် နယ်ရှင်တွေစစ်ထွက်တဲ့ပွဲပါ။ အတွင်း ၃၇-မင်း အပြင် ၃၇-မင်း အရံ ၃၇-မင်း ၁၀၁ပါးသောမင်းတွေအားလုံးထဲမှာမှ စစ်ထွက်ရတဲ့နတ်က ၃-မျိုးပဲရှိတာပါ။ ကန်တော်ရှင်မောင်နှမ ၊တောင်ပြုံးမင်း နှစ်ပါး၊ကူတော်ရှင် နှစ်ပါး ထုံးတမ်းအစဉ်အလာအတိုင်းပဲ စစ်ထွက်ကြပါတယ်။”ဟု ရွှေတိုက်စာရင်းဝင် ပြည်ကန်တော် အရှေ့နန်းထိန်း ကိုထွန်းထွန်းနိုင် ကသမဂ္ဂဂျာနယ်သို့ ပြောသည်။
အဆိုပါ ပြည်ကန်တော်ရှင်မောင်နှမ နတ်နန်းတွင် ကျင်းပပြုလုပ်သည့် ဆီထမင်း နှင့် သရက်သီးကပ်လှူပွဲ၊စစ်ထွက်ပွဲ၊စစ်ကြိုပွဲများအား ပြည်မြို့ဒေသခံပြည်သူအချို့ နှင့် ရန်ကုန်၊မန္တလေး စသည့် မြို့များအပါဝင် ပြည်မြို့နှင့်နီးဆက်ရာ ဒေသအသီးသီးမှ နတ်ယုံကြည်သူများ ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်လေ့ရှိကြောင်းသိရသည်။
“နန်းထိန်းဆိုတာ ရှေးဘိုးဘေးဘီဘင်တွေလက်ထပ်ကတည်းက အမွေဆက်ခံယူလာရတယ်။ တခြားသူတွေ နန်းထိန်းနေရာ ယူလို့မရဘူး။ ရှေးဘိုးဘေးဘီဘင်တွေလက်ထပ်ကတည်းက နှစ်စဉ် ဒီလိုပွဲတွေ ကျင်းပပြုလုပ်ခဲ့တာပါ။ သီးနှံအစုံနဲ့ စစ်ထွက်ဖို့ နတ်စစ်သည်တွေကို ပင့်ဖိတ် လှူဒါန်းတယ်။ ပြည်မြို့မှရှိတဲ့ ကန်ကိုးကန်ထဲမှာ ဒီကန်က ကြာမျိုးငါးပါးနဲ့ပြည့်စုံလို့ ဒွတ္တပေါင်မင်းကို စစ်ရှုံးခဲ့တဲ့ ကန်တော်သခင်ကြီး နဲ့ သခင်မကြီးတို့ကို ဒွတ္တပေါင်မင်းက ဒီကန်နဲ့ ဒီမြို့ကို အပိုင်စားပေးခဲ့ရာကနေစတင်ခဲ့တာပါ။ ဘုရားမှာရွှေဆံတော် နတ်မှာ ပြည်ကန်တော်ဆိုတဲ့ တဘောင်စကားလည်းရှိပါတယ်။ သရက်သီး နဲ့ ဆီထမင်းပွဲ၊စစ်ထွက်ပွဲ၊စစ်ကြိုပွဲ အဲလိုအခမ်းအနားကို နှစ်စဉ်ကျင်းပပြုပါတယ်။” ဟု ပြည်ကန်တော်နန်းထိန်း မရီရီမြင့် ကသမဂ္ဂဂျာနယ်သို့ ပြောသည်။
အဆိုပါ ကန်တော်ရှင်မောင်နှမ နတ်နန်းအတွင်း နှစ်စဉ် နယုန်လဆန်း ၁၃၊၁၄၊၁၅-ရက်နေ့တွေမှာ သရက်သီး နှင့် ဆီထမင်းကပ်လှူပွဲ၊နတ်တော်လန်း ၇-ရက်နေ့မှာ စစ်ထွက်ပွဲ၊နတ်တော်လဆန်း ၁၄၊၁၅ ရက်နေ့နှင့် လပြည့်ကျော်ရက်တွေအထိ စစ်ကြိုပွဲများကျင်းပပြုလုပ်လေ့ရှိကြောင်းသိရသည်။
မောင်ပန်ကာ(ပြည်)
0 comments:
Post a Comment