Monday, August 10, 2015

မိုးကောင်းတုန်းရွာထားပေါ့ ဆပ်စရာအကြွေး ဘယ်လိုပေးမလည်း မောင်ပန်ကာ(ပြည်)

Leave a Comment


မိုးကောင်းတုန်းရွာထားပေါ့ ဆပ်စရာအကြွေး ဘယ်လိုပေးမလည်း

မောင်ပန်ကာ(ပြည်)

မြန်မာနိုင်ငံတွင် နှစ်စဉ်ဆိုသလို မိုးကောင်းလွန်းသည့်ဒေသများနှစ်စဉ်ရေကြီးရေလျှံ နစ်မြုပ်လေ့ရှိခဲ့ဘူးပါတယ်။ယခု ၂၀၁၅-ခုနှစ် ဇူလိုင်လပိုင်းအတွင်း ရေဘေးကပ်ဆိုက်သည်ဟုဆိုလေမလား အချိန်မတန်သေးဘဲ တိုင်းနှင့်ပြည်နယ် ၁၄-ခုရှိရာတွင် တိုင်းနှင့်ပြည်နယ် ၁၁-ခုမှာ ထူးကဲစွာ ရေကြီးရေလျှံရေနစ်မြုပ်ရုံတင်မက လေပြင်းတိုက်ခိုက်မှုဒဏ်ပါင်းများစွာကြုံတွေ့နေခဲ့ရ၏။ ဒါကိုပင် တချို့သောသူများမှ တိုင်းပြည်အတွင်း သူတော်ကောင်းတစ်ဦးဆုံးပါးသွား၍ မိုးနတ်မင်းကြီးက ၀မ်းနည်းစွာငိုကြွေး၍ ယခုလိုရေကြီးသည်ဟုဆိုလေသည်။ ထိုသို့သော သုံးမရသည့်စကားများနူတ်ကပေါ်ထွက်လာမှုအား ချက်ချင်းဆိုသလို လူမှုကွန်ယက်(Face book)စာမျက်နှာများစွာတွင် ၂၀၁၅-မှာကျင်းပမည့်ရွေးကောက်ပွဲကြီး သန့်ရှင်းစင်ကြယ်စေရန်အတွက် မလိုအပ်သည့်အမှိုက်များကို မိုးရေဖြင့်ဆေးကျောသန့်စင်လျက်ရှိနေသည်ဟု ပြန်လည်ဝေဖန်သုံးသပ်မှုများ မြင်တွေ့နေခဲ့ရ၏။ မြန်မာနိုင်ငံအတွင်း သစ်တောပြုန်းတီးမှုများ၊တောင်ဖြိုမြေသယ်ယူမှုများစွာကြောင့် ရာသီဥတုပြောင်းလည်းလာခဲ့သည်ဟူ၍လည်း ဝေဖန်သံများပေါ်ထွက်လာခဲ့ပြန်၏။

ထိုကဲ့သို့ နိုင်ငံတစ်ဝိုင်းလုံးရေကြီးရေလျှံရေနစ်မြုပ်မှုများဖြစ်ပေါ်နေစဉ် သြဂုတ်လ(၁)ရက်နေ့ထုတ်သတင်းစာတစ်ခုတွင်တော့ ပြည်နယ်နှစ်ခုနှင့်တိုင်းဒေသကြီးနှစ်ခုတို့အား သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ်ကြေငြာခဲ့လေတော့၏။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး ကြေငြာအမှတ် ၁/၂၀၁၅ ဇူလိုင်လ ၃၁-ရက်နေ့စွဲဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံး ဇွန်၊ဇူလိုင်လများအတွင်း မုတ်သုန်မိုး သည်းထန်စွာရွာသွန်းမှုများကြောင့် တိုင်းဒေသကြီး နှင့် ပြည်နယ်တချို့တို့တွင် ရေကြီးရေလျှံမှုများ၊မြေပြိုမှုများစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လျှက်ရှိကြောင်း ထိုသဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ပျက်စီးမှု ပမာဏကြီးမားပြီး မှုလအခြေအနေသို့ ပြန်လည်ရောက်ရှိရေး ဆောင်ရွက်ရာတွင် အခက်အခဲရှိမည့်  ချင်းပြည်နယ်၊စစ်ကိုင်းတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ရခိုင်ပြည်နယ် များကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ(၁၁)အရ သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မှကြေငြာလိုက်ခဲ့ပါတယ်။

၎င်းကြေငြာမှုများမတိုင်ခင်က မြန်မာတစ်နိုင်ငံလုံးကို တကြော်ကြော်အော်ဟစ်အသိပေးနေသည့် စကားရှိခဲ့သည်။ “ တစ်တိုင်းပြည်လုံးကို အရေးပေါ်အခြေအနေကြေငြာပေးပါ။သဘာဝဘေးအန္တရာယ်တားစီးမှုတွေ ညံ့ဖျင်းလို့ ယခုလိုဖြစ်ပေါ်နေပေမယ့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် လုပ်ပါ။ ” ဟု မိုးလေ၀သပညာရှင် ဦးထွန်းလွင် မှပြောဆိုနေခဲ့သော်လည်း ကြိုတင်ပြင်ဆင်ရန်နောက်ကျခဲ့ခြင်းများစွာဖြစ်ပေါ်သွားခဲ့သဖြင့် သဘာဝဘေးအန္တရာယ်များစွာကို ပြည်သူလူထုများစွာကြုံတွေ့ခံစားနေရသည်မှာ ယနေ့ထိတိုင်ဖြစ်ပေါ်နေခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်အခြေခံဆင်းရဲသားလက်လုပ်လက်စားနှင့်တောင်သူလယ်သမားများစွာတစ်နိုင်ငံလုံးနီးပါးနေထိုင်လျှက်ရှိနေသည်။အခြေခံလူတန်းစားဆင်းရဲသားပြည်သူများအနေဖြင့်ပျက်စီးဆုံးရှုံးမှုများစွာရှိခဲ့သလို တောသူတောင်သားလယ်သမားများက ပို၍ဆိုးရွားနေခဲ့ပါတယ်။ မိုးဒဏ်လေဒဏ်မခံစားရမှီက လယ်တစ်ကလျှင် တစ်သိန်းဖြင့် စိုက်ပျိုးစရိတ်ချေးငွေကို ထုတ်ယူ၍ စိုက်ပျိုးသီနှံ၊မျိုးစပါး၊ခြံအတွက်သီးနှံများအပါဝင် မိသားစုစားဝတ်နေရေးအခက်ခဲများကြောင့် လယ်ဆယ်ဧကပိုင်ဆိုင်ထားသည့် တောင်သူလယ်သမားတစ်ဦးအနေဖြင့် ချေးငွေဆယ်သိန်းမှာ တစ်လအထိသုံးနိုင်သည့်အခွင့်အရေးမရရှိခဲ့ကြပါ။ထိုချေးငွေကို အတိုးနူန်းသက်သာသည်ဟုဆိုသော်လည်း နေ့စဉ်လယ်ယာမြေထဲရုန်းကန်နေကြရသဖြင့် စာပေပညာမကြွယ်ဝသောကြောင့်လတ်တလောအဆင်ပြေရန်အဓိကထားချေးယူခဲ့ကြသည်။ရပ်ကွက်ကျေးရွာအတွင်း တစ်သောင်းယူမည်ဆိုပါက ပြန်မဆပ်နိုင်မချင်း တစ်လ နှစ်ထောင်ကျပ်ပေးဆပ်နေရသည့်အတိုးများမပါသေးပါ။ထို့ကဲ့သို့ အကြွေးနွံ့ထဲရောက်ရှိနေချိန် ရာသီဥတုအပြောင်းလည်းများကြောင့် ယခုလို မိုးကြီးရေကြီးလေကြီးနေသည့်အချိန်ခါတွင် လယ်ယာမြေများအတွင်း ရေနစ်မြုပ်ရေ၀င်သွားခဲ့၍ပျက်စီးဆုံးရှုံးသွားမှုများအပေါ် အစိုးရအနေဖြင့် မည်ကဲ့သို့ပြန်လည်ငဲ့ညာပေးမည်ဆိုသည်ကတွေးစမရခဲ့ပါ။

ကျေးရွာအတွင်းအတိုးနူန်းမြင့်မားစွာပေးရသည့်ချေးငွေကထားအုံး စိုက်ပျိုးစရိတ်ချေးငွေမဆပ်နိုင်ပါက အနည်းဆုံး ထောင်ကျခံရမည်ကမလွဲဧကန်ဖြစ်နေလေ၏။ တရားရုံးသို့ရောက်ရှိချိန်များမှာလည်း တရားရင်ဆိုင်ရန်အတွက် ငွေတစ်ပြားတစ်ချပ်မှမရှိနိုင်သေးသည့် ယခုလိုရာသီဥတုအချိန်ခါမှာ ရေမြုပ်နေသည့်လယ်မြေများရောင်းချကာ တရားရင်ဆိုင်ဖို့ပဲရှိတော့၏။လောလောဆယ် မိသားစုဝမ်းရေးအတွက် ရေနစ်မြုပ်နေသည့်လယ်ယာမြေများပေါ်တွင် ငါးနှင့်ရေနေသတ္တ၀ါလေးများရှာဖွေကာ တစ်ဝမ်းတစ်ခါး တနေ့တာရှာဖွေစားသောက်နေခဲ့ကြရသည်။ ပိုလျှံလာသည့် ငါးလေးများအား ၀ယ်ယူသူရှိပါက ရောင်းချ၍သာ ငွေမြင်နေရသည့်အခြေအနေသို့ လယ်သမားမှတံငါသည် ဘ၀သို့ကူးပြောင်းလုပ်ကိုင်ရရှာဖွေစားသောက်နေရသော လယ်သမားများစွာရှိနေခဲ့၏။ မိသားစုဝမ်းရေးမနည်းဖြေရှင်းနေရချိန်မှာ လယ်ကွင်းထဲကျနေသည့် ချွေးစက်တစ်ချို့ကလည်း နစ်မြုပ်နေသည့်လယ်ကွင်းရေပြင်မျာရောထွေးလျှက်ရှိနေသည်။ရေပြန်ကျသည်ထားအုံး ရင်းနှီးထားသည့် စိုက်ပျိုးစရိတ်များစွာ ဆုံးရှုံးနေခဲ့ရပြန်သည်။တစ်ချို့သော တောင်သူလယ်သမားများကတော့ ဆည်တွေတည်ဆောက်ပြီးမှ မြန်မာပြည်ရေကြီး ရေနစ်မြုပ်ဖြစ်လာသည်ဟုအတွေးနယ်ချဲ့ပြောခဲ့သလို မြို့ပေါ်ဒေသတွေမှာလည်း သစ်တောဖြုန်းတီးမှုတွေ တောင်ဖြိုမြေသယ်မှုတွေကြောင့် ယခုလို ရေကြီးရေလျှံရေနစ်မြုပ်မှုများကြုံတွေ့ရသလိုလေဘေးဒုက္ခများကိုပါပှုးတွဲခံစားကြရသည်ဟုထင်ကြေးပေးလျှက်ရှိနေသည်။ မိုးခေါင်၍ အလုပ်မဖြစ်ချိန် လယ်ယာမြေတွေထဲ ရေမရှိ၍ လွန်စွဲရသည်အထိ ရေခမ်းခြောက်မှုများစွာဖြစ်ပေါ်လာခဲ့သလို ယခုမိုးကြီးမှုများတွင်လည်းအင်မတန်ကြမ်းတမ်းခက်ထန်စွာ ရေနစ်မြုပ် ဘ၀ပျက်သည်အထိ ကြုံတွေ့နေရသည့် လယ်သမားများဘ၀ ချေးယူထားသည့် ငွေကြေးများမည့်သို့မည်ပုံပေးဆပ်သွားမည်ကို သိချင်နေခဲ့၏။စိုက်ပျိုးစရိတ်ချေးငွေကို တစ်နည်းအားဖြင့်ဆပ်လိုသော် အသိမ်းခံရမှုမရှိခဲ့သည့် လက်ကျန် ဘိုးစဉ်ဘောင်ဆက် ဓားမဦးချပိုင်ဆိုင်လုပ်ကိုင်လာခဲ့သည့် လယ်ယာမြေများ ရောင်းချ၍ စိုက်ပျိုးစရိတ်ချေးငွေဆပ်မည်ဆိုပါက လောလောလတ်လတ်အဆင်ပြေမည်ဟုယူစရသော်လည်း လယ်ယာလုပ်စရာမရှိ၍ မြို့တက် ချမ်းသာအောင်ဆိုက်ကားနင်းဖို့ပဲရှိပေတော့မည်။ထမင်းတစ်နပ်လျှော့စားသွားမည်ဆိုပါကလည်း စိုက်ပျိုးစရိတ်ချေးငွေကိစ္စအဆင်ပြေမယ်မထင်။ ယခုလိုသဘာဝဘေးအန္တရာယ် မိုးဒဏ်လေဒဏ်ရေဒဏ်ခံစားရ၍ ပျက်စီးဆုံးရှုံးသွားသောလယ်ယာမြေများအိုးအိမ်များနှင့်ကျန်ရှိနေသည့် လယ်သမားမိသားစုတိုင်း၏ ဘ၀များစွာအား ငဲ့ညာ၍ လှည့်ကြည့်ပေးစေလိုကြောင်း စိုက်ပျိုးစရိတ်ချေးငွေပြဿနာအား ကင်းလွတ်ခွင့်၊တစ်ဝက်ဆပ်ခွင့်၊အရစ်ကျပေးသွင်းစနစ် သို့မဟုတ်ပါက ယခုနှစ်စိုက်ပျိုးစရိတ်ချေးငွေများအား နောင်တစ်နှစ်သို့ရွေ့ပြောင်းပေးစေလိုကြောင်း ရေကြီးမှုနောက်ကွယ်မှ ဘ၀များစွာအကြောင်းတစေ့တစ်စောင်းရေးသားရပါတော့သည်။

 အတွဲ ၃ အမှတ် ၂၉ သြဂုတ် ၈ရက်ထုတ်
သမဂ္ဂသတင်းဂျာနယ်  မှကူးယူဖော်ပြသည်။

0 comments:

Post a Comment

Facebook Like Page