Friday, August 16, 2013

ဆီးရီးယား လူ့အခွင့်အရေး လေ့လာရေးအဖွဲ့၏ အဆိုအရ ဆီးရီယားကဒ် လူမျိုး တိုက်ခိုက်ရေး(ဘာသာပြန်ဆောင်းပါး)

Leave a Comment

ဆီးရီးယား လူ့အခွင့်အရေး လေ့လာရေးအဖွဲ့၏ အဆိုအရ ဆီးရီယားကဒ် လူမျိုး တိုက်ခိုက်ရေး သမား သူပုန်များသည် အယ်လ်ကိုင်ဒါတို့နှင့် ဆက်နွှယ်သော သူပုန်
အုပ်စုများကို ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း စစ်ဆေးရေး ဂိတ်စခန်းမှ  လက်နက် ခဲယမ်းများကို သိမ်းပိုက်ပြီး  မောင်းထုတ်လိုက်ကြောင်း ဆိုသည်။
တိုက်ခိုက်မှုများသည် သောကြာနေ့ ညမှ စနေနေ့အထိ ကဒ်လူမျိုးသူပုန် အဖွဲ့နှင့် အယ်လ်နျူဆရာ ဖရန့်သူပုန် အဖွဲ့ ISIS အဖွဲ့နှင့် အခြားသူပုန်အုပ်စု များအကြား တယ်အလူကျေးရွာ၊ ကာဟွတ်ကျေးရွာနှင့် အလီအဂ္ဂဟာ ကျေးရွာများအနီး ဖြစ်ပွားခဲ့ရာ  အပေါ့စား လက်နက်များ၊ ခဲယမ်းများနှင့် စက်သေနတ်ကြီး တပ်ဆင် ထားသော မော်တော်ယာဉ် တစ်စီးနှင့် စိန်ပြောင်းတစ်လက်တို့ကို ကဒ်လူမျိုး သူပုန်အဖွဲ့က ဖမ်းဆီး သိမ်းပိုက် လိုက်သည်ဟု  သိရသည်။
ဒီမိုကရက် တစ်ယူနီယံပါတီ (PVD) အပေါ် သစ္စာရှိသော ကဒ်လူမျိုး တိုက်ခိုက်ရေးသမား  သူပုန်အဖွဲ့သည် အယ်လ်နျူ ဆရာဖရန့်နှင့် အစ္စလာမစ် စတိတ်အော့ အီရတ်နှင့် Levant(ISIS) သူပုန်အဖွဲ့တို့နှင့် မဟာမိတ်ဖြစ်သော တိုက်ခိုက်ရေး သမားများကို ကဒ်လူမျိုး များ၏ မဟာဗျူဟာကျသော ရတ်စ်အယ်လ်အိန်မြို့ မှ မောင်းထုတ်ပစ်လိုက်ကြောင်း  သတင်းကြားရပြီး ရက်ပိုင်းအတွင်း ချီတက်မှုများ ဖြစ်လာခဲ့သည်။
PVD အကြီးအကဲ ဆာလီမွတ်စလင် က ထုတ်ဖော် ပြောကြားရာ၌ ဆီးရီး ယားကဒ် လူမျိုးများသည် မြောက်ပိုင်းရှိ သူတို့ဒေသကို ယာယီကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အစိုးရက အုပ်ချုပ်သွားရန် အစီအစဉ်များ ပြုလုပ်နေကြောင်း ဆိုသည်။
ကဒ်တို့ဒေသတွင် ၂ဝ၁၂ ခုနှစ် နှစ်လယ်ပိုင်းက သမ္မတ ဘာရှာအယ်လ် အာဆတ်၏ အစိုးရတပ်များ ပြန်လည် ဆုတ်ခွာသွား ကတည်းက ဌာနေကဒ် လူမျိုးကောင်စီများက  အုပ်ချုပ်လာ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သူပုန်များကို တိုက်ခိုက်ရန် အစိုးရက တန်ပြန်တပ်ဖြန့်မှုများကို စစ်နည်းဗျူ ဟာအသစ်များဖြင့် ပြုလုပ်လာသည်ကို တွေ့ရှိရပြီး ဆန့်ကျင်ဘက် သူပုန်အဖွဲ့များနှင့် မဟာမိတ်မဖွဲ့ဘဲ ရှောင်ရှား နေကြရန် ကဒ်လူမျိုးများကို သတိပေးထားခဲ့သည်။ 
ကော့ကရီ သူပုန်ထမှုကြီးပြီးသည့် နောက် တူရကီ သမ္မတနိုင်ငံ ဂရန်းနေ ရှင်းနယ် အဆင်ဘလီတွင် ကာဒစ္စတန် ကို ဗဟိုထား၍ ကဒ်ဒေသတွင် ကဒ်လူမျိုးတို့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို ကန့်သတ်ချက်များဖြင့် ထားရှိခဲ့ရာ ၁၉၂၃ ခုနှစ် လော့စိန်းစာချုပ်အရ ယင်းကိုယ် ပိုင်အုပ်ချုပ်ရေး အာဏာမှာ ပျက်သုဉ်း သွားခဲ့သည်။ ကဒ်တို့ခါးသီးစွာစိတ် ပျက်သွားပြီး ၁၉၂၅ ခုနှစ် ဖေဖော်ဝါရီတွင် လက်နက်ကိုင် လှုပ်ရှားမှုအဖြစ် ဇာဇာဘာသာရေး ခေါင်းဆောင် ရှိတ်ဆိတ် ခေါင်းဆောင်ကာ ကဒ်လူမျိုး အမျိုးသားရေး အဖွဲ့ကြီး အာဇာဒီ (AZADI) ကို ဖွဲ့စည်းဆောင်ရွက် လာခဲ့သည်။ ကဒ်သူပုန် ထမှုကြီးသည် ၁၉၂၅ ခုနှစ် မတ်လတွင် ပြီးဆုံးသွားကာ ဇွန် ၂၉ရက် တွင် ရှိတ်ဆိတ်နှင့် အခြားသူပုန်ခေါင်း ဆောင်များ  ကြိုးပေးခြင်း ခံရသည်။
၁၉၂၇ ခုနှစ် ဆောင်းရာသီတွင် ရှိတ်ဆိတ်၏ညီ ရှိတ်အဗ္ဗဒူရာမန်က ပလူနှင့် မလက်ယာမြို့ရှိ တူရကီတပ်များကို တိုက်ခိုက်ခဲ့သည်။ အောက်တိုဘာလတွင် တူရကီ အစိုးရက သူပုန်များကို လေယာဉ် ငါးစင်းဖြင့် နှိမ်နင်းခဲ့သည်။ သို့သော် သူပုန်များက အာရာရက် သမ္မတ နိုင်ငံဟူ၍ မိမိတို့ဘာသာ လွတ်လပ်ရေး ကြေညာကာ ကဒ်နိုင်ငံ တည်ထောင်ခဲ့ကြသည်။
၁၉၃ဝ ပြည့်နှစ် နွေရာသီအကုန်တွင် တူရကီလေတပ်က အာရာရက်တောင် ပတ်လည် တပ်စခန်းများကို ဗုံးကြဲတိုက် ခိုက်ခဲ့ရာ ကဒ်တို့၏ တပ်စခန်းများနှင့် ခံတပ်များမှာ  ချေမှုန်းခြင်း ခံရသည်။  တူရကီ အစိုးရတပ်မှာ လူအင်အား ၆၆ဝဝဝနှင့် စစ်လေယာဉ် အစင်း ၁ဝဝ အသုံးပြုခဲ့သည်။ ၁၉၃၁  ခုနှစ်တွင်  ကဒ် သူပုန်များ နှိမ်နင်း ခံလိုက်ရသည်။
၁၉၃၇ ခုနှစ် နောက်ပိုင်း ကဒ်သူပုန်များကို အပြတ်နှိမ်နင်းရာတွင် သူပုန် အမျိုးသမီးများက   မိမိကိုယ်ကိုယ် သတ်သေကြသည်။
၁၉၈၃ ခုနှစ်တွင် အီရန်- အီရတ်စစ်ပွဲ အတွင်း အီရတ်မြောက်ပိုင်း ကဒ်လူမျိုး တို့သည် ဆဒမ်ဟူစိန်ကို တော်လှန် ခဲ့ကြသည်။ ၁၉၈၆ ခုနှစ်တွင် အီရတ် စစ်တပ်ကို ကဒ်လူမျိုးတို့ သူပုန်ထကြ ပြန်သည်။ ၁၉၈၈ ခုနှစ်တွင် အီရတ် အစိုးရနှင့် ကဒ်သူပုန်တို့အကြား ငြိမ်းချမ်းရေး သဘော တူညီချက်ဖြင့် သူပုန်ထမှု ပြီးဆုံး သွားခဲ့သည်။
ကာဒစ္စတန်ရှိ မျိုးချစ် သမဂ္ဂပါတီ (PUK) ကို ၁၉၇၅ ခုနှစ်တွင် တည်ထောင်ခဲ့ရာ  ဂျလယ်တာ လဘာနီက ခေါင်းဆောင်ခဲ့သည်။ ၁၉၇၅ ခုနှစ် တွင် တာလဘာနီနှင့် သူ၏နောက်လိုက် များသည် PUK မှ ခွဲထွက်လာပြီး ပါတီသစ် တည်ထောင်သည်။ ကာဒစ္စတန်အတွက် ကိုယ်ပိုင် အုပ်ချုပ်ရေး နှင့် အီရတ်အတွက် ဒီမိုကရေ စီရေး ကြွေးကြော်ခဲ့သည်။ ကဒ်ပါတီ နှစ်ခုကွဲနေ သော်လည်း ရည်မှန်းချက်က အတူတူ ဖြစ်နေသည်ဖြစ်ရာ ဆဒမ်ဟူစိန် အီရတ် အုပ်ချုပ်စဉ်က ဆဒမ်ဟူစိန်က ဘာ့သ် ပါတီဖြစ်သဖြင့်  ပြဿနာရှိခဲ့သည်။ ဘာ့သ်ပါတီက KDP ကို မယုံကြည်၊ သံသယ အမြဲရှိသည်။ အထူးသဖြင့် ခေါင်းဆောင် ဘာဇာနီကို မယုံကြည်ခဲ့ပေ။
အီရတ်တပ်ဖွဲ့သည် ကဒ်သူပုန် သောင်းကျန်းမှုကို နှိမ်နင်းရာတွင် စစ်နည်းဗျူဟာကို  အပြည့်အဝ အသုံး ချသည်။ လေကြောင်းတိုက်ခိုက်မှု များဖြင့် မြို့ရွာများနှင့် စိုက်ခင်းများကို ဂရစ်ကွက်လိုက် ကွက်ပြည့်နင်း၍ ဖျက်ဆီးချေမှုန်းသည်။ လူအင်အားနှင့် လက်နက်အင်အား သာလွန်မှုကို အသုံးချသည်။ အမြောက်များနှင့် လက်နက်ကြီးများ အသုံးပြုသည်။
အီရန်က ကဒ်လူမျိုး သူပုန်များကို လက်နက်ခဲယမ်း၊ စားရေရိက္ခာများနှင့် ထောက်လှမ်းရေး သတင်းများပေးသည်။
အီရတ် အစိုးရအဖွဲ့တွင် ကဒ်တို့ကို လုံးဝနေရာမပေးခဲ့ပါ။ ကဒ်တို့၏ အဆင့်အတန်း နေရာရအောင် ဘာ့သ်ပါတီနှင့် ခေါင်းဆောင်များက သံတမန် နည်းလမ်းကို အသုံးပြု၍ နေထိုင်လာခဲ့သည်။ ကဒ်တို့အတွင်းမှာလည်း KDP နှင့် PUK ဟူ၍ အဖွဲ့နှစ်ဖွဲ့ ရှိနေသည်။
၂ဝဝ၃ ခုနှစ် ဘာ့သ်အစိုးရကို အမေရိကန် ပြည်ထောင်စုက ဖြုတ်ချလိုက်ရာ ကဒ်တို့က နေရာရအောင် သံတမန်နည်းလမ်းကို တိုး၍ ကျင့်သုံး ဆောင်ရွက်ထား ခဲ့သည်။
၂ဝ၁၃ ခုနှစ် ဇန်နဝါရီတွင် တူရကီဥပဒေပြု အမတ်နှစ်ယောက် အောက္ကလန် အကျဉ်းထောင်သို့ သမိုင်း ဝင်သွားရောက်ခဲ့သည်။ ထိုအခိုက် PKK တည်ထောင်သူ တစ်ဦးဖြစ်သည့် ဆာကိုင်းကန်ဆဇ် ပဲရစ်မြို့တွင် ပစ်သတ် ခံရသည်။ တူရကီက ကဒ်ဘာသာစကား ကို တရားရုံးတွင် ပြောခွင့်ပြုလိုက်သည်။ ဖေဖော်ဝါရီ ၂၃ ရက်တွင် ဒုတိယအကြိမ် ဥပဒေပြု အမတ်များ ကိုယ်စားလှယ် အဖွဲ့ထောင်တွင်းသို့ သွားရောက်၍ ငြိမ်းချမ်းရေး ကြိုးပမ်းမှု ထပ်မံပြုလုပ် ခဲ့သည်။
အကျိုးဆက်အဖြစ် ကဒ်သူပုန် အကျဉ်းသား ရှစ်ယောက်ကို လွှတ်ပေးခဲ့သည်။ ကဒ်နှစ်သစ်ကူး အထိမ်းအမှတ် အဖြစ် မတ် ၂၁ ရက်တွင် အပစ်အခတ် ရပ်စဲရေးကို အောက္ကလန်က တောင်းဆိုပြီး သူပုန်တပ်သားများ လက်နက် ချရန်ပြောခဲ့သည်။
သမိုင်းပြန်ကြည့်လျှင် ၁၉ ရာစု ရောက်သော် တူရကီတို့က ကာဒစ္စတန်ကို  လက်အောက် ဆွဲသွင်းလိုက်ရာ ပထမကမ္ဘာစစ် အထိ ဖြစ်သည်။ ၁၉၂ဝ ပြည့်နှစ် ရောက်သော် လွတ်လပ်ရေး ပေးမည်ဟု ကတိပြုခဲ့သော်လည်း လော့စိန်းစာချုပ်အရ ၁၉၂၃ ခုနှစ်တွင် ပြန်ရုပ် သိမ်းသွားခဲ့သည်။
တူရကီတွင် ကဒ်သူပုန်ထခဲ့သည်မှာ ၂၅ နှစ် ပြည့်သွားပေပြီ။ နိုင်ငံရေးသမား ခေါင်းဆောင်များက ပြန်လည် ပေါင်းစည်းရေး လုပ်လို၍ ပြဿနာကို ပြေလည် သွားစေရန်   စီမံချက်အသစ် ဆွဲပြီး အစိုးရကို လုပ်စေလိုကြသည်။ တူရကီ အရှေ့တောင်ဘက်တွင် ကဒ်တို့ကိုယ် ပိုင်အုပ်ချုပ်ခွင့် ရလိုကြ၍ တိုက်ခိုက်ခဲ့ကြရာ လူပေါင်းလေးသောင်း အသက်ဆုံး ရှုံးခဲ့ကြသည်။
တူရကီပါလီမန် လွှတ်တော်ဥက္ကဋ္ဌ မယ်မတ်အလီဆာဟင်က ပြန်လည်ပေါင်းစည်း ညီညွတ်ရေးကို တောင်းဆိုခဲ့သည်။ ဝန်ကြီးချုပ်ကလည်း တူရကီ  အနေဖြင့် ဤပြဿနာ များကို ဒီမိုကရေစီ နည်းလမ်းဖြင့် ဖြေရှင်းမည်ဆို၏။
တိုင်းပြည်လူဦးရေ ၇၅ သန်း၏ ၂ဝ ရာခိုင်နှုန်းရှိသော အရှေ့တောင်ဘက်နေ ကဒ်တို့အား ၎င်းတို့၏ ဘာသာ စကားကိုလည်း ဇန်နဝါရီလမှစ၍ ရုပ်မြင်သံကြားမှ ပထမဆုံး အကြိမ်၂၄ နာရီ ပြန်လွှင့်ပေးနေသည်ဟု ဆို၏။
သို့ဖြစ်၍ ကဒ်လူမျိုးတို့ သူပုန်ထရခြင်းကို သမိုင်းအကျဉ်းနှင့်တကွ ယခု နောက်ဆုံး အနေအထား အထိ  သိရှိပါ ရန် ရေးသား လိုက်ရပါသည်။   

0 comments:

Post a Comment

Facebook Like Page