ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်ဖွင့်ပွဲနှစ်ပတ်လည်နေ့
ပြည်မြို့သူမြို့သားတွေ ဒီကနေ့ ဇူလိုင်၁၆ရက်နေ့ကို မှတ်မိကြပါရဲ့လားခင်ဗျာ။ ဒီကနေ့ဟာ မြို့တော်ကျက်သရေဆောင် " ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကျောက်ရုပ် " ဖွင့်လှစ်ခဲ့သော ၃၈နှစ်မြောက်နေ့ဖြစ်ပါတယ်။ အမှတ်တရှဓါတ်ပုံလေးတင်ပေးလိုက်ပါတယ်။
၁၆ ၊ ၇ ၊ ၁၉၇၈ ရက်နေ့နံနက် ဗိုလ်ချုပ်ကျောက်ရုပ်ရှေ့တည့်တည့်မှာ ကျွန်တော် (ဗိုလ်ကြီးမင်းဆွေ - ခလရ၇၅တပ်ရေး) က " ဗိုလ်ချုပ်ကိုအလေးပြု " ဟူသော စစ်မိန့်သံနှင့် ဖွင့်လှစ်ပွဲကိုဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါကြောင်း ဂုဏ်ယူစွာတင်ပြလိုက်ပါတယ်။ ထိုစဉ်က ပါတီယူနစ် ဥက္ကဌ ဦးစံတင်၊ ပြည်သူ့ကောင်စီ ဥက္ကဌ ဦးဘလှ၊ ကျောက်ရုပ်ဖွင့်လှစ်ပွဲ ဗဟိုကော်မတီ ဥက္ကဌ ဦးစိုးဦးတို့က ဦးစီးပြီး မြို့သူမြို့သားစေတနာရှင်များ လှူဒါန်းပံ့ပိုးမှုဖြင့် အကောင်အထည်ဖော်ဆောင်ခဲ့သော ဗိုလ်ချုပ်ကျောက်ရုပ်ကို ခန့်ခန့်ငြားငြား ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ အခမ်းအနားကို အမှတ်(၆၆)တပ်မဌာနချုပ် တပ်မမှူး ဗိုလ်ချုပ်တောင်ဇာခိုင်နှင့် တပ်နယ်အရာရှိများလည်း တက်ရောက်ဂုဏ်ပြုခဲ့ကြပါတယ်။
မြို့သူမြို့သားတွေ အလှည့်ကျတန်းစီပြီး ဂါရ၀ပြုလိုက်ကြတာ ကျွန်တော်နဲ့ စစ်ရေးပြ ရဲဘော် (၄)ယောက်ကတော့ ဗိုလ်ချုပ်ကျောက်ရုပ်ပတ်လည်မှာ တစ်နာရီခန့် မတုံမလှုပ် - ကျောက်ရုပ်အလား - မားမားမတ်မတ် - စောင့်ကြပ်နေခဲ့ရပါတယ်ခင်ဗျား။ ပုံထဲကအတိုင်းပါ။ ရွာဘဲရပ်မှာမွေးတဲ့ ကျွန်တော်ပြည်သားစစ်စစ်ကတော့ ဂုဏ်ယူလို့မဆုံးဖြစ်မိပါကြောင်း အမှတ်တရတင်ပြလိုက်ရတာပါ။ ပြည်မြို့ကိုမရောက်ဖူးသေးသော မိတ်ဆွေများကိုလည်း အချိုးကျကျ အခန့်ငြားဆုံး ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်ကို လာရောက်ဂါရ၀ပြု လေ့လာသင့်ပါကြောင်း ဖိတ်ခေါ်လိုက်ပါရစေ။
မြန်မာပြည်သူပြည်သားအားလုံး အာဇာနည်ဗိုလ်ချုပ်ကဲ့သို့ ရိုးသားဖြောင့်မတ်ဖြူစင်စွာဖြင့် အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ကြောင်းပါခင်ဗျား။
Swe Pie Min
0 comments:
Post a Comment