Sunday, September 15, 2013

{{ ဗောဓိသတ္တဘုရားလောင်းရုပ်ကြွ }}

Leave a Comment


{{ ဗောဓိသတ္တဘုရားလောင်းရုပ်ကြွ }}

Credit To >> http://sriksetraheritagezone.wordpress.com/

၁၉၂၆-ခုနှစ်တွင် သရေခေတ္တရာမြို့ဟောင်းအတွင်းမှ တူးဖော်ရရှိသည်။ အလျား (၆)နှင့် (၃)လက်၊ အနံ (၄)ပေနှင့် (၂)လက်မ၊ အမြင့် (၁)ပေနှင့် (၄)လက်မ ရှိပြီး အပိုင်းပိုင်းပြတ်နေသည်။ ပျူခေတ်လက်ရာတစ်ခုဖြစ်ပြီး အေဒီ (၄)ရာစုမှ (၉)ရာစုအတွင်းတွင် ထုဆစ်ထားခြင်း ဖြစ်သည်။
မဟာယာဉ်ဂိုဏ်းဆိုင်ရာ ဗောဓိသတ္တဘုရားလောင်းရုပ်တု အပိုင်းအစဖြစ်သည်။ သဲကျောက်ဖြင့် ထုဆစ်၍ ရုပ်ကြွဖော်ထားသော ပျူခေတ်လက်ရာဖြစ်ပြီး ရုပ်ကြွသည် အပိုင်းပိုင်းပြတ်နေသည်။ ဗောဓိသတ္တ ဘုရားလောင်းသည် စုလစ်များတပ်ဆင်ထားသော လိုဏ်အတွင်းရှိ ပလ္လင်ပေါ်၌ ညာဒူးကို ထောင်၍ ဘယ်ခြေကို တွဲလဲချလျက်ထိုင်နေသည်။ ဘယ်လက်ကို ဘယ်ဒူးပေါ်တွင် တင်ထားသည်။ ညာဘက်လက်သည် ပျောက်ဆုံးနေပြီး၊ ဘုရားလောင်းသည် မကိုဋ်၊ လက်စည်း၊ ခြေကျင်း စသည်တို့ အပြည့်အစုံ ဆင်မြန်းထားသည်ကို တွေ့ရသည်။ ဘေး၌ အခြွေအရံ (၂)ဦးပါရှိ၍ အောက်ဘက်တွင် တင်းပုတ်ကိုင်ကာစောင့်ရှောက် နေသော နတ်ဘီလူးအစောင့် (၄)ဦးကို တွေ့ရှိရသည်။
သရေခေတ္တရာခေတ်ဦးပိုင်းတွင် မဟာယာဉ်ဂိုဏ်းဗုဒ္ဓဘာသာသည် ထေရ၀ါဒဂိုဏ်းဗုဒ္ဓဘာသာနှင့် ယဉ်ပြိုင်ထွန်းကားခဲ့ကြောင်းတွေ့ရသည်။ မဟာယာဉ်ဂိုဏ်းသည် ခရစ်နှစ် (၁)ရာစုတွင် အိန္ဒိယပြည်၌ စတင်ပေါ်ပေါက် လာခဲ့ပြီး၊ ၄င်း၏ ထူးခြားသောဝါဒမှာ ဘုရားလောင်းဗောဓိသတ္တ၀ါဒဖြစ်သည်။ ၄င်းဝါဒအရ လူတိုင်းတွင် ဗောဓိသတ္တဘုရားလောင်းဖြစ်နိုင်သော စွမ်းရည်သတ္တိရှိကြောင်း ယုံကြည်ခြင်းဖြစ်၏။ ဂရုဏာ၊ မေတ္တာတရားကို ရင်ဝယ်ပိုက်လျှက် ဗောဓိသတ္တဘုရားလောင်းများသည် လောကတွင် ရှိရှိသမျှ ဝေနေယျသတ္တ၀ါများအား နိဗ္ဗာန်သို့ ပို့ဆောင်ပေးရန် တာဝန်ရှိသည်ဟုဆို၏။ ယင်းတာဝန်မပြီးမချင်း လောကကို စောင့်ရှောက်လျှက် ရှိသည်ဟု ဆိုသည်။ ဗောဓိသတ္တဘုရားလောင်း ရုပ်တုတော်တို့တွင် သျှောင်ထုံးတော်၌ စေတီငယ်တစ်ဆူကို တွေ့ရှိရသည်။ ဤအချက်ကိုထောက်၍ ဆင်းတုတော်သည် သင်္ကန်းပင်ရုံထားသော်လည်း ဘုရားရုပ်ပွားတော် မဟုတ်ပဲ ဘုရားအလောင်းရုပ်ပွားတော်ဖြစ်ကြောင်း နားလည်ရသည်။

Credit To >> http://sriksetraheritagezone.wordpress.com/

0 comments:

Post a Comment

Facebook Like Page