Saturday, August 17, 2013

ရသစာပေ စာရေးဆရာဖြစ်အောင် သင်ပေးလို့ရသလား ဆိုသောမေးခွန်းသည်

Leave a Comment

ရသစာပေ

စာရေးဆရာဖြစ်အောင် သင်ပေးလို့ရသလား ဆိုသောမေးခွန်းသည် ခေတ်အဆက်ဆက် အမေးခံခဲ့ရသောစကားဖြစ်၏။ ထိုမေးခွန်းကိုဖြေရလျှင် သင်ပေးလို့ ရတဲ့အခါလည်းရှိ၊ မရတဲ့အခါလည်းရှိဟု ဆိုရလိမ့်မည်။ စာပေအပါအ၀င် အနုပညာအလုပ်များသည် သင်ပေးတိုင်းရသောအရာများမဟုတ်။ မသင်ဘဲလည်း သူ့အလိုလိုတတ်ချင်တတ်နေတာမျိုးပဲ။ ဒါကတော့ ပါရမီနှင့်ဆိုင်သေးသည်။

စာရေးဆရာတွေကို ဘယ်သူသင်ပေးလို့ စာရေးဆရာဖြစ်လာတာလဲ မေးလျှင် တချို့က ဘယ်ဆရာကြီးထံမှာ အနီးကပ်ဆည်းပူးခဲ့ပါတယ်ဟု ဖြေမည်။ တချို့ကတော့ ဒီလိုပဲ ရေးရင်းနဲ့ဖြစ်လာတာပါပဲဟု ဆိုလိမ့်မည်။

နာမည်ကြီးစာရေးဆရာကြီးတွေဆီ ဆည်းကပ်ကိုးကွယ်ပြီး သင်ယူတိုင်းလည်း စာရေးဆရာဖြစ်ချင်မှဖြစ်မည်။ ဖြစ်လာသူတွေလည်းရှိသည်။ တချို့ကျတော့ ဒီလိုနည်းနဲ့စာရေးဆရာဖြစ်လာသည့်တိုင် ဆရာ့လက်ကျအတိုင်း ဖြစ်ချင်မှဖြစ်မည်။

ဆရာသော်တာဆွေသည် ဆရာကြီးရွှေဥဒေါင်းထံ တပည့်ခံပြီး ပညာယူခဲ့သည်။ သို့တိုင်အောင် ဆရာကြီးလို ဘာသာပြန်စာပေ၊ အတည်အခံ့ စာပေဘက်မှာ မဖြစ်ထွန်းဘဲ ဟာသဘက်မှာကျမှ တစ်ရှိန်ထိုးအောင်မြင်သွားသည်။ နောက်ပိုင်းမှာ ဘ၀သရုပ်ဖော်တွေ ရေးလာသော်လည်း သွက်လက်ရွှင်မြူးသော ဟာသသမားရေးဟန်ကတော့ ပြောင်းလဲခြင်းမရှိဘဲ ဆက်လက်ကျန်ရှိနေကြောင်း တွေ့ရသည်။ တကယ်တော့လည်း အနုပညာဆိုတာကိုက တစ်ယောက်နဲ့တစ်ယောက် မတူဘဲ သီးခြားဖန်တီးမှုကို ဆိုလိုတာပဲလေ။

စာရေးဆရာ အတော်များများသည် ဘယ်သူက သင်ပေးလို့မှမဟုတ်ဘဲ စာရေးဆရာဖြစ်လာသည်ဟု ဆိုကြသည်။ ကျွန်တော်တို့အဖေသည် နာမည်ကျော် စာရေးဆရာကြီးဖြစ်သော်လည်း ကျွန်တော်တို့ကို စာ ဘယ်လိုရေးကွဟု သင်ကြား ပို့ချခဲ့တာမျိုးမရှိခဲ့။ တစ်ခုရှိတာကတော့ အဖေ့ဆီက မျိုးရိုးဗီဇကို ရရှိခဲ့ခြင်းကိုက စာရေးဆရာဖြစ်ဖို့ လုံလောက်ပြီဟု ဆိုကောင်းဆိုနိုင်ခြင်းပင်ဖြစ်၏။ ဒါမှမဟုတ် အဖေနှင့် ဟိုအကြောင်း ဒီအကြောင်း ရောက်တတ်ရာရာပြောဆိုခြင်းကပင် မသိမသာ သင်ကြားပေးသလို ဖြစ်ချင်လည်းဖြစ်သွားနိုင်သည်။

သင်ဆရာရယ် သတ်သတ်မှတ်မှတ်မရှိသော်လည်း မြင်ဆရာ၊ ကြားဆရာတွေ ကတော့ အများကြီးပင်ဖြစ်၏။ အဖေအပါအ၀င် ဆရာကြီး၊ ဆရာမကြီးများ၏စာများသည် ကျွန်တော်တို့အတွက် အကောင်းဆုံးသင်ရိုးညွှန်းတမ်းများ ဖြစ်ခဲ့လေသည်။

စာရေးဆရာတွေမှာ ရေးဟန်အမျိုးမျိုး၊ အကြောင်းအရာ ရွေးချယ်မှုအမျိုးမျိုး ကွဲပြားနေသော်လည်း စာရေးဆရာဖြစ်လာပုံ အခြေခံအကြောင်းတရားတွေ ခြားနားကြ သော်လည်း လုံးဝတူညီတာတစ်ခုရှိ၏။ စာဖတ်ဝါသနာပါကြခြင်းပင်ဖြစ်၏။ စာရေးဆရာတွေအားလုံး စာကို အသည်းအသန်ဖတ်ခဲ့ကြသည်။ ငယ်ငယ်က စာဂျပိုးလေးတွေဖြစ်ခဲ့ပြီး ကြီးလာတော့ စာဂျပိုးကြီးတွေဖြစ်လာကြသည်။ စာဖတ်အား ကောင်းခြင်း(စာဖတ်နာခြင်း)သည် စာရေးဆရာဖြစ်လာဖို့ အကောင်းဆုံးလေ့ကျင့်ခန်းပင် ဖြစ်၏။

စာရေးဆရာများသည် ဘောလုံးသမားတွေလိုပဲ လက်ရွေးစင်ဖြစ်ပြီဆိုပြီး ဆက်မကြိုးစားဘဲနေလို့မရ။ လေ့ကျင့်မှုကို ရပ်တန့်ပစ်လို့မရ။ ပိုပြီးတော့တောင် ကြိုးစားရသည်။ စာရေးဆရာဖြစ်ပြီဆိုပြီး စာမဖတ်ဘဲနေလို့မရ။ ပိုပြီးတော့တောင် လေ့လာအားထုတ်ရသေးသည်။ ကိုယ့်လိုင်းနဲ့မဆိုင်ဘူးဟု ဘေးဖယ်ထားလို့မဖြစ်။ မော်ဒန်၊ ပို့စ်မော်ဒန်ရေးနေသူများသည် ဂန္ထ၀င်စာပေနှင့် ကြီးပြင်းခဲ့ရသည်။ ဂန္ထ၀င်ဟန် ရေးနေသူတွေကလည်း ခေတ်ပေါ်ခေတ်သစ်စာပေ အရေးအသားကို လေ့လာကြရသည်။

ကျွန်တော်ငယ်ငယ်က အားလပ်ချိန်များကို ဘောလုံးကန်ခြင်းနှင့် စာဖတ်ခြင်းတို့အတွက်သာ အများဆုံးအသုံးပြုခဲ့သည်။ စာမှန်သမျှ အကုန်ဖတ်သည်။ ၀တ္ထုသာမက ဆောင်းပါး၊ အက်ဆေး၊ အတ္ထုပ္ပတ္တိ၊ ကဗျာစုံအောင်ဖတ်သည်။ အက်ဆေးနှင့်စာပေဆောင်းပါးတွေကို ၀တ္ထုစွဲသလို စွဲခဲ့ဖူးသည်။ ဒါတွေက ခုချိန်မှာ အများကြီးအထောက်အကူပြုနိုင်သည်။

ဟိုတုန်းက လက်လှမ်းမီရာရှာဖွေဖတ်ရှုရခြင်းဖြစ်သဖြင့် စနစ်တကျလေ့လာနိုင်တာတော့မဟုတ်။ ဒီလိုကိစ္စမျိုးအတွက်တော့ စာပေဗိမာန်က ကျင်းပပေးသော စာတမ်းဖတ်ပွဲများကို အားကိုးရသည်။ စာတမ်းရှင်ဆရာကြီး၊ ဆရာမကြီးများက သူတို့တစ်သက်လုံး လေ့လာဖတ်ရှုခဲ့ရသမျှ မြန်မာနှင့် ကမ္ဘာ စာပေဆိုင်ရာများကို ပြုစုဖတ်ကြားပေးကြသည်။ အပြန်အလှန်ဆွေးနွေးပွဲတွေ လုပ်ကြသည်။ စာအုပ်ပေါင်းများစွာ လိုက်ရှာဖတ်နေစရာမလိုတော့ဘဲ စာတမ်းတစ်ခုတည်းမှာပင် အနှစ်ချုပ်လေ့လာနိုင်ကြသည်။ ထိုစာတမ်းများကို စာအုပ်အဖြစ်လည်း ပြန်လည်ထုတ်ဝေခဲ့သည်။ စာသမားတို့အတွက် အဖိုးတန် ရတနာထုပ်များပင်ဖြစ်၏။ (ခုအခါမှာ အချို့သောစာအုပ်များ အလွန်ရှားပါးနေပြီ ဖြစ်သဖြင့် ပြန်လည်ထုတ်ဝေသင့်သည် ထင်၏)

ဟိုတစ်ချိန်က စာပေကို စနစ်တကျလေ့လာလိုက်စားလိုသူများသည် တက္ကသိုလ်၌ မြန်မာစာအဓိက(အထူးပြု)ယူကြသည်။ မြန်မာစာဌာန၏ကျေးဇူးကြောင့် စာပေပညာရှင်တွေ၊ စာရေးဆရာ၊ ကဗျာဆရာတွေ ပေါ်ထွက်ခဲ့သည်။

ရသစာပေသည် မြန်မာစာဌာန သင်ရိုးညွှန်းတမ်းထဲတွင် ဘာသာရပ်ခွဲတစ်ခုအဖြစ် ပါဝင်ခဲ့သည်။ ခုအခါမှာတော့ ရသစာပေကို သီးသီးသန့်သန့်လေ့လာသင်ယူလိုသူများအတွက် အခွင့်အလမ်းကောင်းတစ်ခု ပေါ်ပေါက်နေပြီဖြစ်သည်။

တက္ကသိုလ်မြန်မာစာဌာနမှ ရသစာပေကို အထူးပြုသင်ကြားသော သင်တန်းတစ်ခု ဖွင့်လှစ်ခဲ့သည်။ ရသစာပေ အထူးပြုဘာသာရပ်ဖြစ်၏။ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရာတွင် သီးခြားဘာသာရပ်တစ်ခုအဖြစ် လျှောက်ထားနိုင်သည်။

အဝေးသင်တက္ကသိုလ်တွင် ပို့ချပေးခဲ့တာ သုံးနှစ်လောက်ရှိပြီ။ ခုအခါမှာ ပထမဆုံးအကြိမ် ဘွဲ့ဒီဂရီပေးနိုင်ပြီဖြစ်၏။ ပြီးခဲ့သောနှစ်ကစ၍ နေ့တက်(DAY) အဖြစ် တက္ကသိုလ်တွေမှာ တက်ရောက်သင်ကြားနိုင်အောင် စတင်ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ ပေးအပ်ချီးမြှင့်သောဘွဲ့မှာ "ဝိဇ္ဇာဘွဲ့(ရသစာပေပညာ)" B.A (Creative Writing) ဖြစ်၏။ မဟာဝိဇ္ဇာအဆင့်မြင့်တန်းများကိုလည်း ဆက်လက် တက်ရောက်နိုင်လိမ့်မည်ဟု သိရ၏။

ရသစာပေ အထူးပြုသင်တန်းများတွင် ရသစာပေသမိုင်းအကြောင်း၊ ခေတ်အဆက်ဆက်ရေးသားခဲ့ကြသော ရသစာပေများ၊ ရသနွယ်သောစာပေများ၊ စာပေအရေးအသား၊ စာပေအယူအဆ သဘောတရားများ၊ အနုပညာ သဘောတရားများကို သင်ကြားကြရသည်ဆို၏။ အတန်းကြီးလာသောအခါ ကမ္ဘာ့စာပေတွေကိုပါ လေ့လာသင်ယူခွင့်ရမည်ဖြစ်၏။ ခေတ်သစ်ခေတ်ပေါ်စာပေ အယူအဆသဘောတရားများကိုလည်း လေ့လာသင်ကြားခွင့်ရလိမ့်မည်ဟု မျှော်လင့်ရသည်။ မြန်မာစာပေလောကအတွက် ၀မ်းမြောက်စရာပင်ဖြစ်၏။

စာရေးဆရာဆိုတာ စီမံကိန်းချပြီး မွေးထုတ်လို့ရတာမျိုးတော့မဟုတ်။ မှန်ကန်သောလမ်းညွှန်မှု၊ စနစ်ကျသောသင်ရိုးညွှန်းတမ်း၊ ပြည့်စုံသော ရည်ညွှန်း ကိုးကားစာအုပ်စာတမ်းများ၊ ၀ါသနာနှင့်လေ့လာမှု၊ ကြိုးစားအားထုတ်မှုရှိပြီး ပါရမီလည်းပါလာမယ်၊ ကိုယ်တိုင်က "ဇ"ကလေးလည်းရှိမယ်ဆိုလျှင်တော့ အခွင့်အရေး ရှိနိုင်သည်ဟု ထင်ပါသည်။



မင်းလူ

-------------------

အလင်းတန်းဂျာနယ်၊

၁၈-၁၀-၂၀၀၄

0 comments:

Post a Comment

Facebook Like Page