Wednesday, June 8, 2016

မြေနုကျွန်းပိုင်ဆိုင်မှုအငြင်းပွား၍အချင်းများရာမှ မင်းတဲကျွန်း-စစ်ကိုင်းကျွန်းကွက်သစ်အုပ်စုအုပ်ချုပ်ရေးမှူးအား တရားစွဲဆိုထားမှုအပြီးသတ်အမိန့်ချမှတ်

Leave a Comment



မြေနုကျွန်းပိုင်ဆိုင်မှုအငြင်းပွား၍အချင်းများရာမှ မင်းတဲကျွန်း-စစ်ကိုင်းကျွန်းကွက်သစ်အုပ်စုအုပ်ချုပ်ရေးမှူးအား တရားစွဲဆိုထားမှုအပြီးသတ်အမိန့်ချမှတ်

 

 

ပန်းတောင်း၊ဇွန်၊၈

 

 

 

ပဲခူးတိုင်းဒေသကြီးပြည်ခရိုင်အတွင်းရှိ ရွှေတောင်မြို့နယ်၊မင်းတဲကျွန်း-စစ်ကိုင်းကျွန်းကွက်သစ်ကျေးရွာ နှင့် ပန်းတောင်းမြို့နယ်၊သရက်လိန်အုပ်စု၊သူရဲဇီးကျေးရွာ တို့မှ ဒေသခံတောင်သူတွေ ဧရာဝတီမြစ်ရေကျချိန်တွင်ပေါ်ပေါက်လာသည့် ၃၅၈-ဧကခန့်ရှိ မြေနုကျွန်းပိုင်ဆိုင်မှုအငြင်းပွား၍ ပန်းတောင်းမြို့နယ်တရားရုံးသို့ရောက်ရှိလာရာ ၂၀၁၆-ဇွန်-၈ရက်နေ့နံနက်တွင် ပန်းတောင်းမြို့နယ်တရားရုံးမှ ယင်းကိစ္စနှင့်ပတ်သက်ပြီး အပြီးသတ်အမိန့်ချမှတ်ခဲ့သော်လည်း နှစ်ဘက်တောင်သူများက အမိန့်ချမှတ်ခဲ့မှုအပေါ်မကြေနပ်၍ ယူခံဆက်လက်တက်သွားမည်ဖြစ်ကြောင်းသိရသည်။

 

 

 

ပြီးခဲ့သည် ၂၀၁၄-ခုနှစ် အောက်တိုဘာ ၃၀-ရက်နေ့တွင် ရွှေတောင်မြို့မှ မင်းတဲကျွန်း-စစ်ကိုင်းကျွန်းကွက်သစ်အုပ်ချုပ်ရေးမှူး-ဦးအေးသွင် ဦးဆောင်ခေါ်လာသည့် ဒေသခံတောင်သူ ၁၈၀-ခန့်၊စက်လှေ ၂-စီး၊ပဲ့တောင် ၂-စီးဖြင့် ယင်းမြေနုကျွန်းပေါ်တက်ရောက်လာ၍ နှစ်ဘက်တောင်သူအချင်းချင်းပြဿနာများဖြစ်ကာ ဓားခုတ်မှုတွေအထိဖြစ်ပွားခဲ့ပြီး ယင်းအချင်းများမှုကိစ္စနှင့်ပတ်သက်ပြီး ၂၀၁၄-နိုဝင်ဘာ-၁ရက်နေ့မှာ ပန်းတောင်းမြို့နယ်အုပ်ချုပ်ရေးမှူးမှ ခေါ်ယူညှိနိုင်းဖြေရှင်းပေးခဲ့သော်လည်း အဆင်ပြေမှုမရှိခဲ့ကြ၍ ယခုလိုပန်းတောင်းမြို့နယ်တရားရုံးတွင် အပြီးသတ်အမိန့်ချမှတ်ပေးခဲ့တာဖြစ်ကြောင်းသိရသည်။

 

 

“တရားသူကြီးက ကျွန်တော့ကို ဒဏ်ငွေ တစ်ထောင့်ငါးရာဆောင်ရမယ်။မဆောင်နိုင်ရင် ထောင်ဒဏ် ၁၅-ရက်ချမှတ်မယ်ပြောတော့ ဒဏ်ငွေတစ်ထောင့်ငါးရာဆောင်ခဲ့တယ်။ဒါမတရားဘူး။ကျွန်တော် ပြစ်မှုကျူးလွန်တာမရှိဘူး။ကျွန်တော်တို့ကိုတရားဆွဲတာ မြေနုကျွန်းကိစ္စနဲ့မဟုတ်ဘူး။မြေနုကျွန်းပေါ်မှာဖြစ်သွားတဲ့ကိစ္စတွေနဲ့ ပါးရိုက်တယ်ဆိုပြီးအမှုဖွင့်လို့ အခုလိုလာရောက်ရင်ဆိုင်တာ။ကျွန်တော်အယူခံဆက်တက်သွားမယ်။ဒီမြေနုကျွန်းက ကျွန်တော်တို့ရွှေတောင်ကပိုင်တာ။ပန်းတောင်းမြေစာရင်းနဲ့ရွှေတောင်မြေစာရင်းမှာ စာရွက်စာတမ်းတွေရှိတယ်။”ဟု ရွှေတောင်မြို့နယ်၊မင်းတဲကျွန်း-စစ်ကိုင်းကျွန်းကွက်သစ်အုပ်စု အုပ်ချုပ်ရေးမှူးဟောင်း-တရားစွဲခံထားရသူ ဦးအေးသွင်-ကပြောသည်။

 

 

အဆိုပါ ရွှေတောင်မြို့နယ်အတွင်းရှိ မင်းတဲကျွန်း-စစ်ကိုင်းကျွန်းကွက်သစ်အုပ်ချုပ်ရေးမှူးဦးဆောင်သည့်အဖွဲ့မှ မင်းတဲကျွန်း နှင့် စစ်ကိုင်းကျွန်းများမှာ နှစ်ပေါင်းအတော်ကြာ တိမ်မြှပ်ပျောက်ကွယ်သွားခဲ့ပြီး ယခုအခါမှ ပြန်လည်ပေါ်လာခဲ့သည်ဟုဆိုခါ အဆိုပါမြေနုကျွန်းပေါ်တွင် တိုင်များအမှတ်အသားအဖြစ်လာရောက်စိုက်ရန်ကြိုးစားခဲ့ရာမှ ပန်းတောင်းမြို့နယ်၊သရက်လိန်အုပ်စု၊သူရဲဇီးကျေးရွာသူ/သားများနှင့် ယခုလိုအငြင်းပွားအချင်းများခဲ့တာဖြစ်ပြီး ယင်းကိစ္စနှင့်ပတ်သက်ပြီး နှစ်ဘက်အမှုရင်ဆိုင်နေသည့် တောင်သူများက ပန်းတောင်းမြို့နယ်ဒု-တရားသူကြီး၏ အမိန့်ချမှတ်ခဲ့မှုကို မကြေနပ်၍ နှစ်ဘက်စလုံးမှအယူခံဆက်လက်တက်သွားမည်ဖြစ်ကြောင်းသိရပြီး ပန်းတောာင်းမြို့နယ်၊သရက်လိမ်အုပ်စု၊သူရဲဇီးကျေးရွာမှ တရားလိုဖြစ်သူ ဦးအေးဝင်းမှ ဒီအမိန့်ချမှတ်တာမကြေနပ်ဘူး။ကျွန်တော့ကိုဓားနဲ့ဝင်ခုတ်တာ။ဒဏ်ငွေတစ်ထောင့်ငါးရာမပေးဆောင်နိုင်ရင် ၁၅-ရက်လောက်ထောင်ဒဏ်ကျမယ်ဆိုတော့အင်မတန်နည်းတယ်။ဒီအမှုကိစ္စနဲ့ပတ်သက်ပြီး မကြေနပ်ဘူး။တရားရုံးကိုလာပြီးဆန္ဒပြဖို့စီစဉ်တော့မယ်-ဟုဆိုသည်။

 

 

“၁၅-ရက်ထောင်ချတာမကြေနပ်ဘူး။ပါးလဲအရိုက်ခံရတယ်။ငါအုပ်ချုပ်ရေးမှူးဆိုပြီးသူလူတွေနဲ့လူမိုက်လာလုပ်ပြီးကျွန်းလာလုတာ။သူခေါ်လာတဲ့လူထဲကတစ်ဦးက ကျွန်မတို့ရွာသားကို ဓားနဲ့ဝင်ခုတ်တာ အပြေးကောင်းလို့မထိပဲနေခဲ့တာ။သူတို့တွေပြဿနာလာရှာတာကို မှတ်တမ်းတင်တဲ့အနေနဲ့ကျွန်မက ဖုန်းနဲ့ဓာတ်ပုံရိုက်တာကို ရိုက်ရမလားဆိုပြီးကျွန်မပါးကိုလာရိုက်တာ။ခုလိုတရားသူကြီးက ငွေဒဏ်တစ်ထောင့်ငါးရာပေးဆောင်ရင်ပေးဆောင် မပေးဆောင်ရင် ထောင် ၁၅-ရက်ဆိုတော့ ကျွန်မ မကြေနပ်ဘူး။အယူခံဆက်တက်အုံးမှာ။”ဟု အခင်းဖြစ်စဉ်က ပါးအရိုက်ခံရသည်ဟု ဆိုသူ ပန်းတောင်းမြို့၊သရက်လိန်အုပ်စု၊သူရဲဇီးကျေးရွာ၊မလှလှဌေး-ကပြောသည်။

 

အဆိုပါ ၃၅၈-ဧကခန့်ရှိသည့် မြေနုကျွန်းကိစ္စပိုင်ဆိုင်မှုအငြင်းပွားရင်း အချင်းများသည့်ကိစ္စနှင့်ပတ်သက်ပြီး လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်မှစတင်ကာ တရားရင်ဆိုင်နေကြရပြီး ရုံးချိန်းပေါင်း သုံးဆယ်ကျော်ခန့်မှာ ယခုလိုအပြီးသတ်အမိန့်အား ပန်းတောင်းမြို့နယ် ဒုတိယတရားသူကြီးမှ အမိန့်ချမှတ်ခဲ့တာဖြစ်ကြောင်းသိရသည်။ အဆိုပါ မြေနုကျွန်းသည် ၂၀၀၄-ခုနှစ်ခန့်က ပန်းတောင်းမြို့နယ်၊သရက်လိန်အုပ်စု၊သူရဲဇီးကျေးရွာ နှင့် ပေခြောက်ရာခန့်မှာ ကျွန်းငုတ်လေးစတင်ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ယင်းကျွန်းငုတ်အား သူရဲဇီးကျေးရွာသူ/သားများမှ ၂၀၀၈-ခုနှစ်အထိ ထိန်းသိမ်းလာခဲ့ရာမှ ခုတ်ထွင်ရှင်းလင်း၍ ယင်းမြေနုကျွန်းပေါ်တွင်သီးနှံများစိုက်ပျိုးလာခဲ့ရာ ၂၀၁၂-ခုနှစ်တွင် ရွှေတောင်မြို့နယ်၊မင်းတဲကျွန်း-စစ်ကိုင်းကျွန်းကွက်သစ်ဘက်မှ ရွာသူ/သားများလာရောက်၍နေရာယူသဖြင့် အငြင်းပွားပြီးနောက် ပြန်လည်သွားခဲ့ပြီး ၂၀၁၄-ခုတွင်ဒုတိယအကြိမ်ထပ်မံလာရောက်၍ မြေနုကျွန်းပိုင်ဆိုင်မှုကိစ္စနှင့်အငြင်းပွားအချင်းများခဲ့ရာ ယခုလို ပန်းတောင်းမြို့နယ်တရားရုံးတွင် အမိန့်ချမှတ်ခဲ့တာဖြစ်ကြောင်းသိရပြီး ယင်းအမှုကိစ္စနှင့်ပတ်သက်ပြီး ပန်းတောင်းမြို့နယ် ဒုတိယ တရားသူကြီးအမိန့်ချမှတ်ခဲ့မှုကို နှစ်ဘက်တောင်သူများကမကြေနပ်၍ အယူခံဆက်လက်တက်သွားမည်ဖြစ်ကြောင်းသိရသည်။

 

K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ

 

ပြည်သတင်းလူငယ်-ပြည်သတင်း(၀၉-၂၅၃၃၁၁၀၁၉)


 

0 comments:

Post a Comment

Facebook Like Page