Saturday, May 28, 2016

ကျေးရွာအတွက် လှူဒါန်းထားသည့် ယာမြေဧကတစ်ဆယ်အား အသိသက်သေအဖြစ်လက်ခံ၍ လက်မှတ်ရေးထိုးပေးသူက အလွဲသုံးစားပြုလုပ်ဟုဆို

Leave a Comment

ကျေးရွာအတွက် လှူဒါန်းထားသည့် ယာမြေဧကတစ်ဆယ်အား အသိသက်သေအဖြစ်လက်ခံ၍ လက်မှတ်ရေးထိုးပေးသူက အလွဲသုံးစားပြုလုပ်ဟုဆို

 

ပြည်၊မေ၊၂၄

 

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့နယ်၊မှုတ်ရှည်ကျေးရွာအုပ်စု၊ရွှေလောင်ကံကျေးရွာတွင် နေထိုင်သူများ နေထိုင်ရန်အတွက် ယာမြေအလှူရှင် ဒေါ်ခင်စိန် လှူဒါန်းထားသည့် မှော်ဇာကျေးရွာအုပ်စုရှိ ကြေးတိုင်ပြင်ကွင်း၊ကွင်းအမှတ်(၁၃)တွင်ရှိသည့် ယာမြေ ၁၀-ဧကအား ရွှေလောင်းကံကျေးရွာကိုယ်စား ယာမြေအားလက်ခံ၍ အသိသက်သေများအဖြစ်ဆောင်ရွက်ကြသူ သုံးဦးမှ ဒေသခံများသဘောဆန္ဒကိုမယူဘဲ ၄င်းယာမြေအား လဲလှယ်ခြင်း၊ရောင်းချခဲ့ခြင်းများပြုလုပ်ခဲ့ကြောင်းဒေသခံများထံမှသိရသည်။

 

အဆိုပါ ယာမြေအလှူရှင် ဒေါ်ခင်စိန် မှ ရွှေလောင်းကံကျေးရွာသူ ရွာသားများနေထိုင်ရန်အတွက် “ကျေးရွာခြံမြေလှူဒါန်းခြင်းကတိစာချုပ်” ယာမြေ-၁၀-ဧကအား ၂၀၁၅-ခုနှစ် ဖေဖော်ဝါရီ ၂၀-ရက်နေ့တွင် ယာမြေအလှူရှင် ဒေါ်ခင်စိန် နှင့် ကျေးရွာသူရွာသားများကိုယ်စား အသိသက်သေနေများဖြစ်သည့် ဦးပေါခင်၊ဦးတင်စိန်၊ဦးတင်ဝင်း၊ဦးကျော်နိုင်၊ဦးအောင်မြင့် တို့မှ လက်မှတ်ရေးထိုးလက်ခံထားရှိပြီးနောက်ပိုင်းမှာ ၄င်းယာမြေ ၁၀-ဧကအား အသိသက်သေအဖြစ်လက်မှတ်ရေးထိုးလက်ခံသူများထဲမှ ဦးပေါခင်၊ဦးတင်စိန် နှင့် ဦးတင်ဝင်း တို့ကကျေးရွာသူကျေးရွာသားများအား မသိပေးခြင်း၊သဘောထားဆန္ဒခံယူခြင်းမရှိဘဲ ပြန်လည်ရောင်းချခြင်း နှင့် မြေလဲလှယ်ခြင်းများပြုလုပ်ခဲ့တာဖြစ်ကြောင်းဒေသခံများထံကသိရသည်။

 

“အလှူရှင်က မြေကွက်တွေလှူတယ်။ကျွန်မတို့က သူများခြံထံမှာခြံစောင့်အနေနဲ့မှီခိုနေရတော့ မြေကွက်လေးရပြီဆိုဝမ်းသာခဲ့တာ။ဒီမြေကွက်တွေကို ရွာမိရွာဖဖြစ်တဲ့ ဦးပေါခင်တို့က အကွက်တွေရိုက်ရောင်းစားပြီး လှူထားတဲ့မြေနဲ့ တခြားမြေကိုလဲလှယ်ထားခဲ့ပြီးအကွက်တွေရိုက်ရောင်းစားတယ်။ဒါတွေကို ရပ်ရွာကလည်းမသိဘူး။ရပ်ရွာသဘောထားဆန္ဒလည်းမရယူခဲ့ကြဘူး။အခုဒီမြေနေရာကိစ္စကိုလည်း သက်ဆိုင်ရာအဆင့်ဆင့်ကိုတိုင်ကြားထားတယ်။ခုထိဘာမှဆောင်ရွက်ပေးတာမရှိဘူး။အလှူရှင်ကလှူထားတဲ့မြေနေရာလေးပြန်လိုချင်တယ်။သက်ဆိုင်ရာလူကြီးတွေကူညီပေးပါ။” ဟု ရွှေလောင်းကံကျေးရွာနေထိုင်သူ ဒေါ်သိန်းမြင့်-ကပြောသည်။

 

အဆိုပါ ရွှေလောင်းကံကျေးရွာအတွက်လှူဒါန်းထားသည့် ယာမြေ ၁၀-ဧကကိစ္စများနှင့်ပတ်သက်ပြီး ယာမြေအလှူရှင် နှင့် ဒေသခံကျေးရွာသူ/သားများ၊မှော်ဇာကျေးရွာအုပ်ချုပ်ရေးမှူး၊မှုတ်ရှည်ကျေးရွာအုပ်ချုပ်ရေးမှူးတို့ နှင့် ယာမြေ ၁၀-ဧကအား အသိသက်သေအဖြစ်လက်ခံထားသူများ နှင့် ၂၉-၉-၂၀၁၅ ရက်နေ့တွင် ပြည်မြို့နယ်၊မှုတ်ရှည်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် ၄င်းယာမြေ ၁၀-ဧကကိစ္စနှင့်ပတ်သက်သည်များကိုရှင်းလင်း၍ အစည်းဝေးပြုလုပ်ခဲ့ကြရာ အဆိုပါ လှူဒါန်းထားသည့် ယာမြေ ၁၀-ဧကထဲမှ ပေ-၆၀x၅၀ (၃)ကွက်အားဦးပေါခင်မှရောင်းချထားကြောင်း နှင့် လှူဒါန်းထားသည့်ယာမြေ နှင့် တခြားမြေအားလဲလှယ်ထားရှိကြောင်း၊လဲလှယ်ထားရှိသည့် မြေထဲမှ မြေအကွက် ၆၀-အကွက်ရိုက်ထားကြောင်း၊၄င်းအကွက်ရိုက်ထားသည့် မြေကွက် ၆၀-ထဲမှ ၈-ကွက်အား မိမိသဘောဆန္ဒနှင့်မိမိ ကျေးရွာသူ/သားများအားအသိပေးခြင်းမရှိဘဲ ရောင်းချခဲ့ခြင်းများပြုလုပ်ခဲ့ကြောင်းဦးပေါခင် မှ၎င်းအစည်းဝေးတွင် ပြောကြားခဲ့ကြောင်းဒေသခံများထံကသိရသည်။

 

“ကျွန်တော်တို့ဆီကို ဒီမြေကိစ္စ စီစစ်ဖို့စာဝင်ထားတာရှိပါတယ်။ကျွန်တော်ကိုယ်တိုင် ပထမကွင်းဆင်းကြည့်ပြီးသွားပါပြီ။နောက်အစိုးရအဖွဲ့အစည်းအသစ်အနေနဲ့ပြန်လည်လာပြီးစီစစ်နိုင်ပါတယ်။ပထမ မြေ/စီအဖွဲ့အနေနဲ့ကွင်းဆင်းစစ်ဆေးထားတာ စစ်ဆေးတဲ့မြေ/စီအဖွဲ့ကဖျက်သိမ်းထားရတော့ နောက်ထပ်မံတင်ပြလာတာတွေကို စီစစ်ပေးသွားမှာပါ။သုံးသပ်ချက် အကြံပြုချက်အနေနဲ့ အထက်ဌာနတွေကိုတင်ပြထားပြီးပါပြီ။ဒီရွှေလောင်းကန်မြေကိစ္စကို ရှေးဟောင်းဇုံထဲမှာရောက်နေတော့ ရှေးဟောင်းက နေထိုင်ခွင့်မပြုဘူးဆိုတာလည်းကြားသိရတယ်။ရှေးဟောင်းနဲ့မလွတ်ဘူးဆိုရင်တော့ ကျွန်တော်တို့က ဒေသခံတွေကို ပြန်လည်ပြောပြရမှာပါ။” ဟု ပြည်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေး နှင့် စညရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ-ဦးလင်းအေးချမ်း-ကပြောသည်။

 

အဆိုပါ ယာမြေ ၁၀-ဧကနှင့်ပတ်သက်ပြီး ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး မှထိရောက်စွာဆောင်ရွက်ပေးခြင်းမရှိသောကြောင့် ၂၀၁၆-ခုနှစ် မေလ-၆-ရက်နေ့တွင် ရွှေလောင်းကံ ကျေးရွာသူ/သားများ ၇၅-ဦးကျော်လက်မှတ်ရေးထိုး၍ နိုင်ငံတော်သမ္မတအပါဝင်သက်ဆိုင်ရာဝန်ကြီးဌာနရုံးများသို့တိုင်ကြားတင်ပြထားခဲ့သော်လည်း ယနေ့အချိန်အထိ ထိရောက်စွာဆောင်ရွက်ပေးခြင်းမရှိသေးကြောင်းဒေသခံများထံမှသိရသည်။

 

 

K3(pyay)ဒီမိုကရေစီတူဒေးနေ့စဉ်သတင်းစာ

 

ပြည်သတင်းလူငယ်-ပြည်သတင်း-၀၉၂၅၃၃၁၁၀၁၉

 



 

0 comments:

Post a Comment

Facebook Like Page