ဖုန်းတာဝါတိုင်စိုက်ထူးနေမှုကို ကန့်ကွက်နေသည့်ကြားကဆက်လက်လုပ်ကိုင်နေခြင်းကြောင့် ဒေသခံ ၁၀၀-ခန့် ဆန္ဒထုတ်ဖော်
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် သရက်လိန်အုပ်စု ကရင်စုကျေးရွာအတွင်းဖုန်းတိုင်စိုက်ထူနေမှုကိုဒေသခံကျေးရွာသားများမှ ကန့်ကွက်နေသည့်ကြားက ဆက်လက်တည်ဆောက်နေမှုကြောင့် ပန်းတောင်းမြို့ပေါ်တွင် ဖေဖော်ဝါရီ ၂ ရက်နေ့ နံနက် ၉-နာရီချိန်ခန့်က ဒေသခံအင်အား ၁၀၀-ခန့်မှ ပန်းတောင်း-တောင်ကုတ်လမ်း နှင့် ပေါ်တော်မှုဘုရားလမ်းထောင့်မှ စတင်ကာ ဖော်တော်ဦးဘုရားအနီးအထိ ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရသည်။
အဆိုပါ ပန်းတောင်းမြို့နယ် ကရင်စုကျေးရွာအတွင်းဖုန်းတိုင်စိုက်ထူနေခြင်းကို ဒေသခံကျေးရွာအတွင်းနေထိုင်သူများမှ ကျန်းမာရေးအရတားမြစ်မှုကို ဆက်လက်တည်ဆောက်နေမှုကြောင့် ဇန်န၀ါရီလ ၁၂-ရက်နေ့တွင် နိုင်ငံတော်အကြီးအကဲများအပါဝင် သက်ဆိုင်ရာဌာနများသို့ ဒေသခံ ၃၉-ဦးလက်မှတ်ရေးထိုးတိုင်ကြားခဲ့ကြောင်းသိရသည်။
“ရွာမှာတာဝါတိုင်စိုက်ထူတာ ဘေးပတ်ဝန်းကျင်ကိုအသိပေးခြင်းမရှိဘူး။ဖုန်းတာဝါတိုင်တွေက ကျန်းမာရေးနဲ့မညီညွှတ်ဘူးလို့ကျွန်မတို့ သိရတယ်။သက်ဆိုင်ရာလူကြီးတွေနဲ့ ဌာနတွေကို တိုင်စာတွေပို့တိုင်ကြား အကြောင်းကြားခဲ့တယ်။ဘာမှဆောင်ရွက်ပေးတာမရှိလို့ ကျွန်မတို့ရွာသားတွေ အခုလိုဆန္ဒထုတ်ဖော်ရတဲ့အခြေအနေအထိဖြစ်ခဲ့ရတယ်။အဓိကဒီတာဝါတိုင်ကို အမြန်ဆုံးဖြတ်သိမ်းပေးစေခြင်တယ်။ ကျေးရွာသားတွေက လက်လှုပ်လက်စားသမားတွေများတော့ ကျန်းမာရေးတစ်စုံတစ်ရာဖြစ်လာရင် ဘယ်သူမှတာဝန်ယူဖြေရှင်းပေးတာမရှိဘူး။ဆန္ဒထုတ်ဖော်တာတောင် ထူးခြားမှုမရှိ သက်ဆိုင်ရာ လူကြီးတွေကိုဆက်လက်တိုင်ကြားသွားဖို့ရှိနေပါတယ်။” ဟု ပန်းတောင်းမြို့ သရက်လိန်အုပ်စု ကရင်စုကျေးရွာ မနွယ်နွယ်လှိုင် ကသမဂ္ဂဂျာနယ်သို့ ပြောသည်။
အဆိုပါ ဖုန်းတိုင်စိုက်ထူရန် လုပ်ငန်းများအား ပြီးခဲ့သည့် ဇန်န၀ါရီလ ၅-ရက်နေ့တွင် မြေကျွင်းများတူးဖော်ခြင်းလုပ်ငန်းများစတင်ခဲ့တာဖြစ်ပြီး ဆက်လက်တည်ဆောက်နေမှုကြောင့် သက်ဆိုင်ရာဌာနများမှ ၄င်းဖုန်းတိုင်စိုက်ထူးနေမှုကို ရပ်တန့်ပေးရန်အတွက် ဆန္ဒထုတ်ဖော်ခဲ့ရတာဖြစ်ကြောင်းသိရသည်။
“လက်ရှိ ဆန္ဒထုတ်ဖော်မယ်ပြောလို တာဝါတိုင်က ခဏတော့ရပ်တန့်နေတယ်။ အကုန်ပြီးလုနီးပါးဖြစ်နေပြီ။မြေကျွင်းစတူးကတည်းက ကန့်ကွက်နေတာကို ဆက်လက်လုပ်ဆောင်နေတယ်။ ကင်ဆာရောဂါ အမျိုးမျိုးနဲ့ ကလေးသူငယ်မျိုးဆက်ပြန့်ပွားမှု ချို့တဲ့သည့် အဲလို ရောဂါတွေဖြစ်တယ်ဆိုတာ သိထားပြီးသားပါ။အဲဒါကြောင့်မလို့ကန့်ကွက်တာ။ ဖုန်းတာဝါတိုင်စိုက်ထူဖို့စီစဉ်တဲ့ကာစမှာလဲ ပတ်ဝန်းကျင်ကို အသိပေးတာမရှိဘူး။သက်ဆိုင်ရာဌာနတွေကို တိုင်ကြားတယ်။ဘာမှဖြေရှင်းဆောင်ရွက်ပးတာမရှိဘူး။အဲဒါကြောင့်ဆန္ဒပြတာ။ ဆန္ဒပြကန့်ကွက်လို့ ဆက်လက်တည်ဆောက်နေမယ်ဆိုရင် မရ ရတဲ့အထိ ဒေသခံတွေအားလုံးက သက်ဆိုင်ရာ အကြီးအကဲဌာနတွေမှာဆက်လက်တိုင်ကြားစာတင်ပြ တိုင်ကြားမှုတွေဆက်လက်လုပ်ဆောင်နေအုံးမှာပါ။” ဟု ဦးဆောင်ဆန္ဒထုတ်ဖော်သူ ပန်းတောင်းမြို့နယ် သရက်လိန်အုပ်စု ကရင်စုကျေးရွာ ဦးအောင်မြင့်သိန်း က သမဂ္ဂဂျာနယ်သို့ ပြောသည်။
အဆိုပါဆန္ဒထုတ်ဖော်ခွင့်ပြုမိန့်အား ဇန်န၀ါရီ ၂၇-ရက်နေ့တွင် ပန်းတောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ထံသို့ ခွင့်ပြုမိန့်တောင်းခံခဲ့တာဖြစ်ပြီး အဆိုပါခွင့်ပြုမိန့်အား ဇန်န၀ါရီလ ၃၁-ရက်နေ့တွင် ခွင့်ပြုမိန့်ရရှိခဲ့ကြောင်းသိရသည်။အဆိုပါ ဆန္ဒဖော်ထုတ်ရာတွင် ဒေသခံကျေးရွာသား ၁၀၀-ခန့်မှ ဆက်သွယ်ရေးဖုန်းတာဝါတိုင် ဖျက်သိမ်းပေးရေး၊အများသဘောမတူသည့် ဆက်သွယ်ရေးတာဝါတိုင် အမြန်ဆုံးဖယ်ရှားပေးရေး၊သက်ဆိုင်ရာ လူကြီးများမှ တားမြစ်အရေးယူဆောင်ရွက်ပေးရေး၊ပြည်သူ့ကျန်းမာရေးအား ထိခိုက်စေမည့်အရေး အလိုမရှိ စသည့် ဗီနိုင်းများအားကိုင်ဆောင်ကာ အဆိုပါ စာသားများကို ကြွေးကြော်ရွတ်ဆိုတောင်းဆိုမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဆန္ဒဖော်ထုတ်ရာတွင် လုံခြုံရေးအရဆောင်ရွက်ပေးသည့် ပန်းတောင်းမြို့မရဲစခန်းမှ အရာရှိတစ်ဦးအပါဝင် ရဲဝန်ထမ်း ၁၀-ဦးမှလိုက်ပါ၍ လုံခြုံရေးတာဝန်ယူဆောင်ရွက်ခဲ့တာဖြစ်ပြီး ခွင့်ပြုမိန့်ရထားခြင်းကြောင့် အရေးယူဆောင်ရွက်ရန်မရှိကြောင်း ပန်းတောင်းမြို့မရဲစခန်း စခန်းမှူးထံမှသိရသည်။
မောင်ပန်ကာ(ပြည်)
0 comments:
Post a Comment