နိုင်ငံရေးအကျဉ်းသားများ၊ဒီမိုကရေစီပညာရေးတိုက်ပွဲဝင်ကျောင်းသားများ နှင့်ဝန်းရံပြည်သူများလွှတ်ပေးရန် ဆန္ဒထုတ်ဖော်တောင်းဆို
ပြည် ဇန်န၀ါရီ ၂
ပြည်ခရိုင်အတွင်းက ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန် နှင့် တစ်နိုင်ငံလုံးမှာရှိသည့် ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများ၊ဒီမိုကရေစီပညာရေးတိုက်ပွဲဝင်ကျောင်းသားများ၊၀န်းရံပြည်သူများအား လွှတ်ပေးရန် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့က နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ နှင့် ပြည်သူ့အထောက်အကူပြုကွန်ရက် တို့မှ ဇန်န၀ါရီ ၂-ရက်နေ့ နံနက် ၁၀နာရီခန့်က ဗိုလ်ချုပ်ကျောက်ရုပ်အနီးတွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရသည်။
အဆိုပါဆန္ဒထုတ်ဖော်ရာတွင် ပြည်ခရိုင်အတွင်းက နိုင်ငံရေးအကျဉ်းသားဟောင်းများ၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ပြည်သူ့အထောက်အကူပြုကွန်ရက်အဖွဲ့တို့မှ ဆန္ဒပြမှုအမျိုးမျိုးတို့ကြောင့် ပုဒ်မအသီးသီးတပ်ကာ ပြည်ထောင်အတွင်းမှနေ၍ တရားရင်ဆိုင်လျှက်ရှိသည့် နိုင်ငံရေးအကျဉ်းသားတို့၏ ဓာတ်ပုံပါရှိသည့် ဗီနိုင်းပိုစတာများ၊နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ အလံများ နှင့် ပြည်သူအားလုံး အတွက်တိုက်ပွဲဝင်နေသော သူများသည် စနစ်တခုရဲ့ တရားခံများမဟုတ်ပါ ဟူသော စာသားပါဗီနိုင်းပိုစတာများချိတ်ဆွဲ၍ ပြည်မြို့က နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ နှင့် ပြည်သူ့အထောက်အကူပြုကွန်ရက် တို့မှ ဦးဆောင်ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ကြောင်းသိရသည်။
“ဒီမိုကရေစီစနစ်ကူးပြောင်းနေချိန်မှာ နိုင်ငံသားအားလုံးတာဝန်ကိုယ်စီယူပြီး နိုင်ငံရဲ့လိုအပ်ချက်တွေကို ထုတ်ဖော်ပြောပြသင့်တယ်။ အခုတော့ ထုတ်ဖော်ပြောကြတဲ့ နိုင်ငံရေးသမားတွေကို ထောင်ထဲထည့်ထားတာဟာ ဒီမိုကရေစီစနစ်မစစ်သေးဘူး။သူတို့ဘ၀ သူတို့မိသားစုဘ၀တွေကို သနားသင့်တယ်။ သူတို့တွေအားလုံး သူတို့အတွက်မိသားစုဘ၀အပျက်ခံပြီး တိုင်းပြည်ရဲ့ လိုအပ်ချက်တွေထုတ်ဖော်ပြောပြသွားတာ။ တစ်နိုင်ငံလုံးမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဒီမိုကရေစီပညာရေး တိုက်ပွဲဝင် ကျောင်းသားတွေအကုန်လွှတ်ပေးဖို့တောင်းဆိုချင်ပါတယ်။” ဟု ဦးဆောင်ဆန္ဒထုတ်ဖော်သူ ပြည်သူ့အထောက်အကူပြုကွန်ရက်အဖွဲ့ ကိုဇော်ဦးကပြောသည်။
မြန်မာနိုင်ငံအတွင်းအကျဉ်းထောင်အသီးသီးမှာရှိသည့် နိုင်ငံရေးအကျဉ်းများအား နိုင်ငံတော်သမ္မတအနေဖြင့် ၂၀၁၅ ခုနှစ်အကုန် ၂၀၁၆ ခုနှစ်သို့နှစ်ကူးအချိန်တွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟူသောအသံများလဲ လူမွန်ကွန်ယက်စာမျက်နှာတော်တော်များများတွင် ပျံနှံ့လျှက်ရှိနေကြောင်းသိရသည်။
“ဒီမိုကရေစီနိုင်ငံကိုသွားမယ်ဆိုရင် ပြည်သူ့ဝေဖန်မှုကိုခံရမှာပဲ။အဝေဖန်မခံနိုင်ရင် အစိုးရမလုပ်ပါနဲ့။လိုအပ်ချက်တွေ ပြည်သူတောင်းဆိုတဲ့အခါ ကျောင်းသားကလဲ ကျောင်းသားအခွင့်ရေးတောင်းဆိုကြတာ ဘာလို့ထောင်ထဲထည့်ကြတာလဲ။ ပြည်သူ့အသံနားထောင်မယ်ဆိုပြီး ထုတ်ဖော်တောင်းဆိုတဲ့ ပြည်သူတွေကိုထောင်ထဲထည့်တာမလုပ်သင့်ဘူး။ ဝေဖန်တာမကြိုက်ရင် အစိုးရမလုပ်နဲ့။လွတ်လပ်ပိုင်ခွင့် ပြောဆိုပိုင်ခွင့်မရှိသေးဘူး။ကျောင်းသားအရေး၊ပညာအရေး၊နိုင်ငံရေး၊လယ်သမားအရေး တောင်းဆိုလို့ ထောင်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ထောင်ထဲရှိနေသ၍ ဒီမိုကရေစီဆိုတာမရသေးဘူးလို့ သက်သေပြလိုက်တာပါပဲ။”ဟု ပြည်မြို့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးကျော်ဆန်း၏ သမီး မမာလာကျော်ကပြောသည်။
အဆိုပါဆန္ဒထုတ်ဖော်မှုကို မှုလက ပြည်မြို့အကျဉ်းထောင်ရှေ့တွင် ဆန္ဒထုတ်ဖော်ရန်စီစဉ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မပြုလုပ်ခဲ့ရ၍ ပြည်မြို့ဗိုလ်ချုပ်ကျောက်ရုပ်အနီးမှာ ပြောင်းလဲဆန္ဒထုတ်ဖော်ခဲ့ရတာဖြစ်ပြီး ဆန္ဒထုတ်ဖော်ရန် ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူးထံသို့ ဆန္ဒထုတ်ဖော်ခွင့်ပြုမိန့်အား ဒီဇင်ဘာ ၃၁ ရက်နေ့ကတင်ပြခဲ့ရာ ဆန္ဒထုတ်ဖော်ခွင့်အား ဇန်န၀ါရီ ၁ ရက်နေ့တွင် ခွင့်ပြုမိန့်ရကြောင်းသိရသည်။ အဆိုပါဆန္ဒထုတ်ဖော်မှုကို ၁-နာရီအချိန်ခန့်ကြာမြင့်စွာ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန်နှင့် ဒီမိုကရေစီပညာရေးသပိတ်မှောက်ကျောင်းသားများအပါဝင် ၀ိုင်းရံပြည်သူများလွှတ်ပေးရန် ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရသည်။
K3(pyay)
0 comments:
Post a Comment