ပီအာရ်စနစ်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုကြောင့် ပုဒ်မ ၁၈ ဖြင့်တရားစွဲဆိုခံထားရသူ ငါးဦး၏ အမှုကို အမိန့်ချရန်ရက်ကို စက်တင်ဘာလ ၂၂ ရက်နေ့သို့ထပ်မံရက်ရွှေ့ဆိုင်းလိုက်ကြောင်း သတင်းရရှိသည်။
အဆိုပါ ငါးဦးကိုစက်တင်ဘာလ ၈ ရက်နေ့တွင်အမိန့်ချရန်အတွက် ချိန်းဆိုထားသော်လည်း တရားစွဲ ခံထားရသူများထဲမှ ဦးကျော်ဆန်း(နိုင်/ကျဉ်း(ပြည်ခရိုင်)) မှာ ရွှေးကောက်ပွဲစောင့်ကြည့်သင်တန်း တက်ရောက်ရန်အတွက် နေပြည်တော်သို့ရောက်ရှိနေချိန်ဖြစ်၍ ရုံးချိန်းပျက်ကွက်ခွင့် တိုင်ကြားစာကို တင်ထားသည့်အတွက် ထပ်မံရက်ရွှေ့ဆိုင်းရခြင်းဖြစ်ကြောင်း တရားစွဲဆိုခံထားရသူများထံကသိရသည်။
“ ဒီနေ့ကတော့ကိုကျော်ဆန်းက နေပြည်တော်မှာရွေးကောက်ပွဲစောင့်ကြည့်ရေးသင်တန်းသွားနေတဲ့အတွက် ခွင့်တိုင်လာလို့အမိန့်ချမဲ့ရက်ကိုရွှေ့ဆိုင်းလိုက်ရတယ် နောက်ရုံးချိန်းရက်ကို နှစ်ဆယ့်နှစ်ရက်နေ့ကိုပြန်ချိန်း တယ် ကြမ်းခင်းဈေးကတော့ထောင်ဒဏ်လေးလချလိမ်မယ်လို့ထင်တယ် အမိန့်ချမဲ့ရက်မှာတော့ ပြောစရာ စကားတွေအများကြီးရှိမှာပါ ဒီနေ့တော့သိပ်ပြောစရာမရှိပါဘူး” ဟု တရားစွဲဆိုခံထားရသူများထဲက တစ်ဦးဖြစ်သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ပြည်မြို့နယ်)ဥက္ကဌ ဦးဝဏ္ဏကပြောသည်။
ပီအာရ်စနစ်အလိုမရှိကြောင်းဆန္ဒထုတ်ဖော်မှုကို ပြည်မြို့တွင် ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၄ ရက်နေ့က ပြုလုပ်ခဲ့ရာ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေပုဒ်မ ၁၈ ဖြင့် မြို့မရဲစခန်းမှူးဦးမျိုးမြင့်က တရားလိုပြုလုပ်၍ ဦးကျော်ဆန်း၊ ဦးကျော်ဆွေ၊ ဦးဝဏ္ဏ၊ ဦးမောင်မောင်တိုး၊ ကိုမျိုးသူထွဋ်တို့ကို အမှုဖွင့်တိုင်တန်းတရားစွဲဆိုခဲ့၍ မြို့နယ်တရားရုံးတွင် ရုံးချိန်းပေါင်း ၃၁ ချိန်း၊ ၁ နှစ်နှစ်ရက်ကြာ အထိအမှုရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။
“ပီအာရ်စနစ်ကမြန်မာနိုင်ငံမှာကျင့်သုံးဖို့မသင့်တော်လို့ ဆန္ဒပြခဲ့တယ်ပီအာရ်စနစ်ကတော့ အခုပျက်ပြယ်သွားပြီ ဆန္ဒပြသူတွေကတော့အမှုရင်ဆိုင်နေရဆဲဖြစ်တယ် တစ်နှစ်ကျော်အမှုရင်ဆိုင်နေရတဲ့အတွက် အလုပ်ကိုင် တွေလည်းပျက်တယ် တရားဝင်စာတင်ခဲ့တယ်ခွင့်ပြုမိန့်မပေးခဲ့ဘူး ပီအာရ်စနစ်လည်းပျက်ပြယ်သွားပြီးဆိုတော့ ဆန္ဒပြသူတွေကိုလွှတ်ပေးသင့်တယ် အမိန့်ချမယ်ဆိုရင်လည်းငွေဒဏ်လောက်ပဲလုပ်သင့်တယ် ထောင်ကျမှာကြောက်လို့တော့မဟုတ်ဘူး ဖြစ်သင်တာကိုပြောတာပါ” ဟု တရားစွဲဆိုခံထားရသူဦးကျော်ဆွေက ပြောသည်။
ဝေလင်း(ပြည်)
0 comments:
Post a Comment