ပြည်သူ့ကဗျာဆရာ (သို့) ကဗျာမောင်ချောနွယ်
Kငြိမ်းချမ်း
၂၀၁၅ စက်တင်ဘာ ၁၃ ရက်နေ့ ဆိုရင် မြန်မာပြည်သား ကဗျာဆရာ မောင်ချောနွယ် ကွယ်လွန်ခြင်း ၁၃ နှစ် ပြည့်ပါပြီ။ ၁၃ နှစ် တိုင်ခဲ့ပေမယ့် မြန်မာကဗျာ ချစ်သူ၊ မောင်ချောနွယ်ချစ်သူ တွေရဲ့ ရင်ဘတ်ထဲမှာတော့ မနေ့တနေ့ကလို လန်းဆန်း တက်ကြွ သတိတရ ဖြစ်နေကြတယ်ဆိုတာ Facebook သတင်းတွေအရရော၊ လူချင်းတွေ့တဲ့ သတင်းတွေအရရော သိရပါတယ်။
မြန်မာပြည်သူ တွေဟာ နှစ်ပေါင်းများစွာ စစ်အာဏာရှင် စနစ်အောက်မှာ ဖြတ်သန်းခဲ့ကြရတာ ကမ္ဘာသိပါ။ အခုလည်း အလုံးစုံ လွတ်မြောက်တယ်လို့ မဆိုနိုင်သေးပါဘူး။ ခေတ်အဆက်ဆက် အာဏာရှင်ကို တိုးတိုးတမျိုး ကျယ်ကျယ်တဖုံ တွန်းလှန် တိုက်ပွဲဝင်ခဲ့ကြတဲ့ အထဲမှာ ကဗျာဆရာဆိုတဲ့ လူတန်းစား တရပ်ဟာလည်း စင်ပေါ်မတက်ရင်သာ နေရမယ်၊ သံပုံးတီးရင် ရှေ့ဆုံးက ရပ်တည်ခဲ့တယ်ဆိုတာ ဘယ်လိုမှငြင်းမရခဲ့ပါဘူး။
သခင်ကိုယ်တော်မှိုင်း၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ ဒဂုန်တာရာ၊ တင်မိုး၊ ဒေါင်းနွယ်ဆွေ၊ ဗန်းမော်ညိုနွဲ့ အစရှိတဲ့ အမျိုးသား စာဆိုကြီးတွေက စလို့ မောင်လေးအောင်၊ ဖော်ဝေး၊ မောင်ချောနွယ်၊ လှသန်း၊ အောင်ဘညို အစရှိတဲ့ ကွယ်လွန်သူ ကဗျာဆရာတွေ ဟာလည်း ပြည်သူ့ဘက်မျက်နှာမူ ရပ်တည်ချက် မှန်မှန် နေထိုင်ခဲ့ကြတာ စာပေချစ်မြတ်နိုးသူတိုင်း အသိ ဖြစ်ပါတယ်။
အဲဒီ အထဲမှာမှ ကဗျာဆရာ မောင်ချောနွယ် ကတော့ လူငယ်မျိုးဆက် ကဗျာဆရာတွေ အပေါ်မှာရော၊ မြန်မာ ကဗျာဖတ်သူတွေ အကြားမှာရော မှတ်မှတ်ထင်ထင်၊ ထင်ထင်ရှားရှား ဖြစ်ခဲ့ပါတယ်။ ဘာကြောင့် အဲဒီလို ဖြစ်ထွန်းခဲ့ရ သလဲဆို သူဟာ ကဗျာဆိုတဲ့ အနုပညာအပေါ်မှာ သေချာခဲ့လို့ပါပဲ။ မယိမ်းမယိုင် မားမားမတ်မတ် ပြည်သူ့ဘက် မျက်နှာမူခဲ့လို့ပါပဲ။
ပြည်မြို့ မြို့ပိုင်မင်းကြီး တယောက်ရဲ့သားက သူ့ဖခင်ကို ပြန်လည် ပြောဆိုခဲ့တဲ့ စကားတခွန်းကို နားထောင်ကြည့်ပါ။ ဆယ်တန်းအောင်လို့ အရာရှိသင်တန်း ဆက်တက်ပြီး မြို့အုပ်လုပ်ဖို့ ပြောတာကို ပြန်လည်ချေပ ပြောဆိုခဲ့တာပါ။ “ကမ္ဘာကျော် မြို့ပိုင်ဆိုတာ မရှိဘူးအဖေ၊ ကမ္ဘာကျော် ကဗျာဆရာ ဆိုတာပဲရှိတယ်” လို့ ပြောခဲ့ပါတယ်။ အဲဒါ ကွယ်လွန်သူ မြန်မာကဗျာဆရာ မောင်ချောနွယ်ပါပဲ။
ပန်းချီ
ငါ့အူတွေက ခွေးလို သံရှည်ဆွဲအူလို့
ငါ့အစာအိမ်က စစ်လမ်းကြောင်းကျတဲ့ ရွာလေးတစ်ရွာလို။
ငါ့ကျောက်ကပ်တွေက
တဗွမ်းဗွမ်း ရေတွေလျှံလို့။
ငါ့အဆုတ်တွေက
ဖွတ်ချက်ဖွတ်ချက်နဲ့ မီးခိုးတအူအူ
ဘယ်လိုမှ စားသုံးလို့မရတော့ဘူး။
ငါ့အရိုးနဲ့အဆစ်တွေ ဂျွိုင်းထားတဲ့ ဂျွိုင်းနတ်တွေပြုန်းပေါ့
ငါ့ခန္ဓာ တာဘိုအင်ဂျင် သူရဲကောင်းကြီးလေ…
သူရဲကောင်းကြီးတဲ့ …
ဘယ်လိုမှ ဆုတံဆိပ်တွေ မမျှော်မှန်း
ဘာဆုတံဆိပ်တွေမှ မရခဲ့တဲ့ သူရဲကောင်းကြီးပေါ့။
ငါဘယ်တော့မှ လက်နက်မချနိုင်ဘူးတဲ့
ဘာကြောင့်လဲဆိုတော့
ငါ့မှာ ချစရာလက်နက် မရှိလို့ပါကွယ်တဲ့။ ။
မောင်ချောနွယ်
မြန်မာကဗျာနဲ့ မြန်မာကဗျာဆရာ တွေဟာ ခေတ်အဆက်ဆက် စစ်ဝါဒီတွေရဲ့ စောင့်ကြည့်၊ ဖမ်းဆီးတာတွေလည်း ခံခဲ့ကြရ ပါတယ်။ စကားလုံးတလုံး၊ ကဗျာတပိုဒ်ဟာ အာဏာရှင်တွေရဲ့ ရင်ဘတ်ကို ထိမှန်စေခဲ့လို့ မဂ္ဂဇင်း၊ စာအုပ် များမှာ ပါလာခဲ့ရင် ဆုတ်ဖြဲဖျက်ဆီး လိုက်တတ်ကြပါတယ်။ လိုအပ်လာရင် ဖမ်းဆီး ထောင်ချပစ်လေ့လည်း ရှိပါတယ်။ ကဗျာဆရာ တော်တော်များများ ဟာလည်း ဒီရန်ကိုမကြောက်ဘဲ ရေးစရာရှိတာ ရေးမြဲရေးခဲ့ကြပြီး ပြည်သူ့အရေး ကိုယ့်အရေး လုပ်ခဲ့ကြတာ သမိုင်း တခုပါပဲ။
အိမ်
ပလတ်စတစ် အကြည်သားပေါ်
တိမ်တွေရေးဆွဲချလိုက်ပြီး
တိမ်အိမ်ကလေး ဆောက်ကာ ဝင်လိုက်မိ
ဘယ်လိုမှ ပြန်ထွက်မရတော့ဘူး။
မောင်ချောနွယ်
ကဗျာဆရာဆိုတာလည်း လူထဲကလူပါပဲ။ ချစ်ခြင်းမေတ္တာ ရှိမယ်၊ မိသားစုရှိမယ်၊ သားသမီးတွေရှိမယ်။ အကျိုးအမြတ်၊ အခွင့် အရေး ဘာဆိုဘာမှ မသေချာတဲ့ ကဗျာဆရာဘဝကို ရွေးချယ်မိကြသူတွေမှာ မိသားစုတာဝန် ကျေပွန်ဖို့ဆိုတာ မလွယ်ပါဘူး။ နားလည်မှုကြီးတဲ့ မိသားစုတခု ရရှိထားမှသာလျှင် မိသားစုနဲ့ အနုပညာကြား ကောင်းမွန်တဲ့ ဆက်ဆံရေး ဖြစ်လာမှာပါ။
ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်း၊ မယုတ်မလျော့ လူနေမှုအဆင့်အတန်း တခုကို လူတိုင်း မက်မောကြမှာ မလွဲပါဘူး။ ဒါပေမယ့် အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ ဆိုသလို အာဏာရှင်အောက်ရောက် ပြည်တွင်းစစ်မီး ရှည်ကြာနေတဲ့ တိုင်းပြည် တခုမှာ ကိုယ်လွတ်ရုန်း ရှောင်ခွာသူတွေထဲ ကဗျာဆရာ မပါတာကတော့ အသေချာဆုံးပါပဲ။ အဲဒီအတွက် ရလာတဲ့ အကျိုးအပြစ် တွေကို ခါးသီးစွာ ခံယူရင်း ပြည်သူတွေရဲ့ မျက်မှောက် ခံစားရုန်းကန် နေရပုံတွေကို ပုံဖော် မှတ်တမ်းတင်ခဲ့ ကြတာပါပဲ။
ဘယ်လို မှတ်တမ်းတင်ခဲ့သလဲ ဆိုတော့ …
တကယ်တော့လည်း အမေရယ်
ကဗျာဆရာဆိုတာ
ဒဏ်ခံကြိုးလေး တစ်ချောင်းပါဗျာ ။
အမေရယ်
ဟောဒီ ကမ္ဘာလောကကြီးမှာ
အမေ့သား ကဗျာဆရာဖြစ်လာတာ
အပြစ်ရှိပါသလား အမေ
သားရဲ့ အချစ်မှာလေ
ဟောဒီ ကမ္ဘာကြီးနစ်ခဲ့ရင်တောင်
စစ်ဖြစ်ဖို့ မသေချာတော့ပါဘူး အမေရယ် ။
မောင်ချောနွယ်ရဲ့ ကြယ်ပြာလေးနဲ့ ထမင်းစားပြီးတဲ့နောက် ကဗျာမှ –
တကယ်တော့ မြန်မာကဗျာဆိုတာ ပြည်သူလူထုနဲ့ မစိမ်းပါဘူး။ မွေးကင်းစအရွယ် သားချော့တေးတွေက အစ ကျောင်းနေ အရွယ် ကျောင်းသင်ခန်းစာ ထဲပါ ကဗျာတွေအလယ်၊ အရွယ်ရောက်ချိန် ရည်စားသနာ ရှာကြချိန် ကိုယ့်ချစ်သူကို ချစ်ခွန်းတုံ့လှယ်တဲ့ အချိန်ထိ ကဗျာဟာ တည်ရှိခဲ့ပါတယ်။ ဘုန်းတော်ဘွဲ့တွေ ကတော့ ခြွင်းချက်ပေါ့လေ။
အဲသလို တည်ရှိနေရာကနေ စားဝတ်နေရေးတွေ၊ နိုင်ငံရေး မတည်ငြိမ်မှုတွေ ပြည်တွင်းစစ်တွေရဲ့ ဒဏ်တွေကို ပြည်သူတွေ ခံစားလာကြရင်း ပြည်သူလူထုဟာ ကဗျာဘက် မလှည့်နိုင်အောင် ဖြစ်ခဲ့ကြရပါတယ်။ ဥပမာ-စစ်အစိုးရတိုင်းဟာ စာပေ ဟောပြောပွဲတွေကို ပိတ်ပင်ခဲ့တာတွေ၊ လွတ်လပ်တဲ့ စာပေအနုပညာ တွေကို စိစစ်ရေးဆိုပြီး ဖြုတ်ထုတ် လုပ်ခဲ့တာတွေ။
တိုင်းပြည်တခု တိုးတက်ဖို့ ရုပ်ဝတ္တု တမျိုးတည်း တိုးတက်နေရုံနဲ့ မပြီးပါဘူး။ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ ဘက်ပေါင်းစုံ တိုးတက် ဖွံ့ဖြိုးနေဖို့ပါ လိုပါတယ်။ အဲဒီလို ဖန်တီးနေတဲ့ အနုပညာရှင်တွေ ကိုလည်း အားပေး ထောက်ခံကြိုဆိုမှ ဖြစ်မှာပါ။
အဲဒီလိုတွေ မရှိခဲ့ဘူးဆိုရင်ရော – ကျနော်တို့ရဲ့ ခေတ်ပေါ် ကဗျာဆရာ မောင်ချောနွယ်က အခုလို ကြေညာခဲ့ပါသေးတယ်။
အနုပညာ နွေဦးပေါက် ရာသီကို မညာချင်ဘူး။
လှိုင်းပုတ်ခတ်ခံ ကျောက်ဆောင်ကို မညာချင်ဘူး။
အဆုတ်ရဲ့ အလုပ်ကိုမညာချင်ဘူး။
သစ်သီးတစ်လုံးသီးတိုင်း သင်တို့အတွက်ဖြစ်တယ်။
ပန်းတစ်ပွင့် ပွင့်တိုင်း သင်တို့အတွက်ဖြစ်တယ်။
အချစ်ရေ
ညစ်ညမ်းတဲ့ လမ်းမများနဲ့
ငါ့ရဲ့ ကျန်းမာရေးအတွက်
လက်ဖက်ရည်တစ်ခွက်သာ
သစ္စာရှိခဲ့ပါစေတော့
ဆာဟာရကို
အာဟာရလို့ထင်တယ်။
pppp ကဗျာမှ –
၁၃ နှစ်ဆိုတာ အာဏာရှင်တယောက်၊ ဘယ်သူသေသေ ငတေမာပြီးရော ဒုစရိုက် စီးပွားရေးသမား တယောက်ကို တိုင်းပြည်ထဲက ကိုင်ဆွဲမြှောက်ပြီး မြေမြှုပ်လို့ရပေမယ့် ပြည်သူ့ဘက်တော်သား လူထုကဗျာဆရာ တယောက်ကိုတော့ မနေ့တနေ့ ကလို လွမ်းဆွတ် တမ်းတနေကြမယ် ဆိုတာ အသေအချာပါပဲ။
ဒါကို ကွယ်လွန်သူ ကဗျာဆရာ မောင်ချောနွယ်က ကြိုသိနေပုံထောက်ရဲ့။ ကြယ်ပြာလေးနဲ့ ထမင်းစားပြီးတဲ့နောက် ကဗျာမှာ ဒီလို ထည့်ရေးထားခဲ့ပါတယ်။
ကျနော် ရိုးသားခဲ့ပါတယ် အမေ
ဤသို့ပင် ပဲ့တင်ပါလိမ့်မယ်။ ။
ကဗျာဆရာမောင်ချောနွယ်ကွယ်လွန်ခြင်း ၁၃ နှစ်ပြည့်အမှတ်တရ။
ဧရာဝတီ သတင်းဌာနမှ ကူးယူဖော်ပြသည်။
0 comments:
Post a Comment