Saturday, September 26, 2015

တောင်သူများစိုက်ပျိုးရာသီချိန်ကုန်ပါက အခြားအလုပ်အကိုင်အခွင့်အလမ်းအတွက် သင်တန်းပို့ချ

Leave a Comment

တောင်သူများစိုက်ပျိုးရာသီချိန်ကုန်ပါက အခြားအလုပ်အကိုင်အခွင့်အလမ်းအတွက် သင်တန်းပို့ချ



ပြည် စက်တင်ဘာ ၂၅



ပဲခူးတိုင်ဒေသကြီး ပြည်ခရိုင်အတွင်း ထန်းပေါက်ကျေးရွာအုပ်ချူပ်ရေးမှူးရုံးတွင်  မွေးမြူရေးနှင့်ရေလုပ်ငန်း ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီး ဌာန မှ ဦးစီ၍ ငါးရွာကျေးရွာနှင့်ထန်းပေါက်ကျေးရွာအတွင်းရှိ လယ်သမားများ အလုပ်အကိုင်အခွင့်အလမ်းတစ်ချို့နှင့် စိုက်ပျိုးရာသီချိန်ကုန်ဆုံးခဲ့ပါက တောင်သူလယ်သမားများအနေဖြင့် မိသးစုဝမ်းစာဖြည့်မှီစေရန်အတွက် ပန်းရံလုပ်ငန်းနှင့်လက်သမားလုပ်ငန်းများဆိုင်ရာအသိပညာအတတ်ပညာ သင်ကြားပေးသည့် သင်တန်းတစ်ခုကို စက်တင်ဘာ ၂၅ ရက်နေ့မှစတင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။





“ကျေးလက်နေပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိနိုင်စေရန်။လယ်စိုက်နေတဲ့တောင်သူတွေ စိုက်ပျိုးရာသီပြီးတဲ့အချိန်တွေမှာ ဒီလုပ်ငန်းလေးတွေနဲ့အသက်မွေးကြောင်းပြုနိုင်ဖို့ရည်ရွယ်ခဲ့တာပါ။စားဝတ်နေရေးပိုမိုချောင်လည်လာအောင်ရည်ရွယ်ချက်တွေနဲ့ဒီသင်တန်းကို ပြုလုပ်ခဲ့တာ။သင်တန်းတစ်ခုကို ၅၃ သိန်းဘတ်ဂျက်ငွေရထားပြီးပါပြီ။ပြည်ခရိုင်အတွင်းမှာ ဒါဟာပထမဆုံးအကြိမ်ပြုလုပ်တာပါ။သင်တန်းသားတွေစားစရိတ်ကအစအဆုံး နဲ့ သင်တန်းပြီးပါကအခုလက်တွေ့သင်ကြားပေးနေတဲ့လုပ်ငန်းဆိုင်ရပစ္စည်းတွေကိုအကုန်ပေးထားခဲ့မှာပါ။”ဟု ကျေး/လက်ဖွံ့ဖြိုး မြို့နယ်ဦးစီးမှူး ဦးစိုးပြည်မှူး ကပြောသည်။



အဆိုပါသင်တန်းတွင် သင်တန်းသား ၃၀ ဦးတို့အား ပြည်တက္ကသိုလ် GTC မှ အင်ဂျင်နီယာ ၃ ဦးခေါ်ယူ၍ လက်သမားနှင့်ပန်းရံလုပ်ငန်း များဆိုင်ရာအသိပညာပေးနှင့် အတတ်ပညာပေးခြင်း များကို စက်တင်ဘာ ၂၅ ရက်နေ့မှစတင်ကာ ၁၀ ရက်အကြာသင်တန်းဖွင့်၍ သင်ကြားဖို့ချသွားမည်ဖြစ်ကြောင်းသိရသည်။



“သင်တန်းကဒီနေ့မှစဖွင့်တာဆိုတော့ သင်ကြားတတ်မြောက်ထားတာမရှိသေးပါဘူး။ဒီလိုသင်တန်းတွေတစ်နိုင်ငံလုံးကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်သင့်တယ်။နွေစပါး မိုးစပါး စိုက်ပျိုးချိန်ပြီးတိုင်း ကျွန်တော်တို့တောင်သူအများစုဟာ ဖားရှာ ငါးရှာအလုပ်နဲ့တောထဲထင်းခွေမြစ်ချိုးအလုပ်တွေလုပ်နေကြရတယ်။အပြောင်းအလည်းတစ်ခုတော့ကျိန်းသေရမယ်ဆိုတာယုံကြည်တယ်။လုပ်မစားခဲ့တောင်သင်ကြားပေးလို့ တတ်မြောက်ထားရင် တစ်ချိန်ချိန်မှာအသုံးဝင်လာနိုင်ပါတယ်။”ဟု ငါးရွာကျေးရွာမှ သင်တန်းလာတက်သူ တောင်သူတစ်ဦးကပြောသည်။



အဆိုပါ ထန်းပေါက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအတွင်းမှာပြုလုပ်သည့် ၁၀ ရက်ကြာသင်တန်းအား ပြည်ခရိုင်အတွင်းပထမဆုံးအကြိမ်ပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်ခရိုင်အတွင်းရှိ ပြည်၊ပန်းတောင်း၊ပေါင်းတည် စသည့်မြို့နယ်ကျေးရွာများတွင် ဆက်လက်ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပြီး ဒုတိယအကြိမ်ထပ်မံ၍ ပြည်မြို့နယ်အတွက်ထပ်မံဖွင့်လှစ်ရန်ရှိနေကြောင်းသိရသည်။အဆိုပါသင်တန်းတွင် လုပ်ငန်းကျွမ်းကျင်နည်းပညာရှင်များမှသင်တန်းပို့ချသွားမည်ဖြစ်ပြီး ယခုလက်ရှိ သင်တန်း နှစ်ကြိမ်စာအတွက် ၁၀၇ သိန်းအား ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီဌာနမှ  ဘတ်ဂျက်ငွေချထားပေးခဲ့ကြောင်းသိရသည်။



K3(pyay)ဒီမိုကရေစီတူဒေးနေ့စဉ်သတင်းစာ


0 comments:

Post a Comment

Facebook Like Page