Thursday, September 10, 2015

အသံ..... ပရလောကအကြောင်းတစ်စေ့တစောင်း..

Leave a Comment


အသံ.....

ပရလောကအကြောင်းတစ်စေ့တစောင်း..




 အိမ်လေးရဲ့ အနောက်ဖက်ကတော့ ပေ၂၀ ဝန်းကျင် အကွာမှာ ခြံစည်ရိုး ရှိပြီး ခြံပြင်ပ မှာတော့ လူနေအိမ်ခြေ မတွေ့ ရတော့ပဲ မြက်ခင်းပြင်ကျယ်ကြီးက ကုန်းလျှောသဖွယ်မြေအနေအထား မှာ စိမ်းချင်တိုင်း စိမ်းလန်းနေတော့တယ်။
ထမင်းစားခန်းကနေ ကြည့်မယ်ဆိုရင် မီးဖိုချောင် ရဲ့ နောက်ဖေးပေါက် ကို အတိုင်းသားမြင်နေရတာမို့ နံနက်စာ စားရင်း အိမ်နောက်ဖက် ခြံရှုခင်းကို ငေးမောခံစား ရင်း မအေးလှ ပြင်ပေးတဲ့ နံနက်စာ နွားနို့ နဲ့ ပေါင်မုန့် ထောပါတ်သုတ်က အင်မတန် အရသာရှိ လိုက်ဖက်လှသလိုပါပဲ.။
အနောက်တောင်လေ အေးအေး ကြောင့် နောက်ဖေး တံခါး တစ်ချပ် ဝုန်းကနဲ ဆောင့်အပိတ် မှာ ထင်းမီးဖို ဖို့ ကြိုးစားနေတဲ့ မအေးလှ တစ်ယောက် အောင်မလေး တ ရင်း အပြေးအလွှား ကမန်းကတန်း တံခါးကို တုံးတစ်ခု နဲ့ ပြန်ဖိ ပြီး ဖွင့်ထားပြီး ပြန်အလှည့် ..
အိမ် ရဲ့ အတွင်းခန်းတွေ ဆီမှ ဆင့်ကဲ တံခါးပိတ်သံ ကြမ်းကြမ်းတွေ က ကျွန်မ နဲ့ မအေးလှ တို့ ကို တုန်ကနဲ ထိပ်လန့်သွားစေ ခဲ့ပါတယ်။
မအေးလှ ..မအေးလှ ..အဲ့ဒါ ဘယ်သူတွေလဲ..သည်အိမ်မှာ အခု ကျွန်မ နဲ့ မအေးလှ ပဲရှိတာ မဟုတ်ဖူးလားဟင်.။
ဆရာမ... ဘယ်..ဘယ်သူမှ မရှိပါဘူး..ဆရာမရဲ့..ဟို..ဒီအိမ်က တံခါးတွေ က မကောင်းဘူးလေ..အဲ့လိုပဲ တစ်ခါတစ်လေ ဖြစ်တတ်တယ်... ဘာမှ မဟုတ်ဖူးဆရာမ.. ကျွန်မ ပေါ့ဆသွားတာ..
ရှင်..မအေးလှ ဘာပေါ့ဆ တာလဲ..
အာ...မဟုတ်ဖူး..ဆရာမ.. ကျွန်မ ဘာမှ မပေါ့ဆဘူး..ဆရာမ နွားနို့တွေ အေးတော့မယ်...ကုန်အောင်သောက်လိုက်ပါနော်.။ ပြီးရင် ခြံထဲက ကရဝေး ပင်အရိပ်အောက်မှာ စာရေးမလား..ကျွန်မ ခုံလေး နဲ့ ရေနွေး နဲ့ လက်ဖက် ပြင်ပေးမယ်နော်.။
အင်း..ကောင်းသားပဲ ..မအေးလှရယ်.. ကရေးဝေး နံ့ ကို ကျွန်မ ကြိုက်တယ်.. သူ့ရနံ့ လေးတွေ တသင်းသင်းအောက် စိတ်ကူးလေးတွေ မြူးချင်တိုင်း မြူးခွင့်ရတာပေါ့နော်.။
မအေးလှ နဲ့ စကားပြောပြီး လှည့်အထွက် မှာ ဧည့်ခန်းကို ဖြတ်လျှောက်မိတော့... မနေ့ကတင်ပြီး မနက်က တစ်စုံတစ်ယောက်ခေါက်ပေးသွားတဲ့ အနွေးထည်လေးကို သတိရမိတယ်။
ဟော... ကျွန်မ အနွေးထည်လေး က မနက် ကအတိုင်းခေါက်လျက်သားလေး ပါပဲ။
အနွေးထည်လေး ကို လက်က ကိုင်ရင်း ခြံထဲက ကရဝေးပင်ကြီး ရှိရာ ကျွန်မ ထွက်လာခဲ့တယ်။ လူတွေ ဟာ သူတို့ နောက်ကျောကနေ တစ်ယောက်ယောက် စူးစိုက်ကြည့်ရင် သိတတ်ကြတယ်မဟုတ်လား..။ အဲ့သလိုပဲ ကျွန်မနောက်ကျော မှာ ခပ်ကျင်ကျင်အရသာ တစ်မျိုးရနေမိတယ်။
စိတ်ထဲမလုံမလဲ ဖြစ်လှတာမို့ ဆတ်ကနဲ နောက်ကိုလှည့်ကြည့်မိတော့ လဲ မည်သူ့ ကိုမျှ မမြင်ရတာမို့ မိမိစိတ်တွေ အထင်မှားတာပဲနေပါလိမ့်မယ် လို့ဖြေသာတွေးမိရင်း မအေးလှ ပြင်ဆင်ပေးတဲ့နေရာလေး အရောက်လျှောက်လာခဲ့ပါတော့တယ်။
တကယ်ပါပဲ ခပ်သင်းသင်းရနံ့တွေ ပျံ့လွင့်နေတဲ့ သည်နေရာလေး ကို ကျွန်မ ချစ်လိုက်တာ..။ ကရဝေးရွက်ကြွေတွေ ကြားထဲက ဝါးကုလာထိုင်လေး မှာ ခပ်လျော့လျော့ ထိုင်မိ လိုက်တော့မှ ကျွန်မ နောက်ကျော က တစ်စုံတစ်ယောက် စူးစိုက်ကြည့်လို့ ခံစားရတဲ့ ဝေဒနာလေး လျော့ပါး ပျောက်ကွယ်သွားသလိုပါပဲ.။
အို.... ဘယ်အချိန်တောင် ရှိပါလိမ့်..နေရောင်ခြည် ခြေဖျားမှ တစ်ဆင့် ထိုင်နေတဲ့ ကျွန်မ ဒူးတစ်ဝိုက်ဆီ တက်လာတော့မှ နေအတော်စောင်းပြီ မှန်းသတိရလိုက်ပါတယ်။
သစ်ရွက်ခြောက်တွေကြားက ခြေသံ ကြောင့် ဆတ်ကနဲ မော့အကြည့် မအေးလှ ရဲ့ ရိုးသားပြီး ပြုံးနေတဲ့မျက်နှာ ကိုမြင်ရမှ ကျွန်မ ရင်တွေ တုန်သွားတာပြေ ပျောက်တော့တယ်။
ထမင်းစားရအောင်ဆရာမလေး...
ဟုတ်ကဲ့ မအေးလှ..ကျွန်မ ဒါလေးတွေသိမ်းပြီး လိုက်ခဲ့မယ်နော်.. ပြောလြဲေ့ပာရင်း လက်ကလဲ စာရေး ကရိယာတွေ နဲ့ စာအုပ်တွေ ကိုကောက် ကိုင်ပြီး မအေးလှ နောက်က ပဲ လိုက်သွားမိပါတယ်။
အိမ်ရှေ့ တံခါးမကြီး နားအရောက် မအေးလှ မှ ဆတ်ကနဲ ပြန်လှည့်ကြည့်လာရင်း ဆရာမ... တံခါး ဖြည်းဖြည်း ပိတ်ပါ နော်...လို့ မှာကြားလာ တဲ့အခါ မှာတော့ မျက်မှောင် တစ်ချက် ဆတ်ကနဲ ကျုတ်မိရင်း ..
မအေးလှ ရဲ့.. ဘာလို့များ သည်လောက် တံခါး ဝုန်းကနဲ ပိတ်မှာကိုကြောက်ရသတုန်း ဟင်.. လို့ ခပ်ဆတ်ဆတ် မေးမိပါတော့တယ်။
ကျွန်မ ရဲ့ ခပ်ဆတ်ဆတ် မေးခွန်းကြောင့် မအေးလှ ရဲ့ မျက်နှာ အပျက်ကြီး ပျက်တဲ့ကြားက ကြောက်ရွံ့ တုန်လှုပ် သွားသလို ခန္ဒာ ကိုယ်က လဲ တုန်ယင် သွားသလိုပါပဲ။
မဟုတ်ပါဘူး..ဆရာမရယ်..တံခါးတွေက မကောင်းတော့ မတော်လို့ ပျက်သွားရင် ကျွန်မ ကို မရင်မြ ဆူမှာစိုးလို့ ပါ..။
မဟုတ်သေးဘူး မအေးလှ.. ကျွန်မ က ညကျရင် တစ်ယောက်ထဲ ဒီ အိမ်ထဲမှာ ကျန်နေရမှာ..
မကျန်ပါဘူး ဆရာမရယ်..ကျွန်မ ယောင်္ကျား ညကျရင် ဟိုခြံထောင့်က တဲမှာ လာစောင့်အိပ်မှာပါ..မကြောက်ပါနဲ့နော်။
မဟုတ်သေးဘူးနော်.. ကျွန်မ ရိပ်မိတန်သလောက်ရိပ်မိပါတယ်..မအေးလှရယ်.။

ပြောမှာသာ ပြောပြပါ။ ကျွန်မ သိပ်ပြီး တော့အသည်းမငယ်လှပါဘူး.။
ထိုသို့ ပြောရင်း မနက်အစော ပိုင်းက ကျွန်မ ကြုံ ရသမျှကိုပြောပြလိုက်ပါတော့တယ်။
ထိုသောအခါ မှ မအေးလှ ရဲ့ သက်ပြင်းချသံ နှင့်အတူ..
မထူးတော့ပါဘူး ဆရာမ ရယ်..ပြောပြပါတော့မယ်
သည်အိမ်က မရင်မြ တို့ လဲ မနေတာကြာပြီ ဆရာမရယ်..။ သူတို့ သားလေး သုံးနှစ်သားလောက် ကထဲကပါပဲ။
မရင်မြ အမေ ဆုံးပြီး စကထဲက လို့ပဲပြောရတော့မှာပေါ့။
ကြီးကြီးမေက သည်ခြံကြီး နဲ့ သည်အိမ် ကို သိပ်မြတ်နိုးတယ် ဆရာမရဲ့ .။ ခြံထဲက အရိပ်ရ အပင်ကြီးတွေ သီးပင် ကြီးတွေ စားပင်တွေက ကြီးကြီးမေ စိုက်ခဲ့ပျိုးခဲ့တာတွေပေါ့။
ကြီးကြီးမေ က အနေအထိုင် သိပ်နူးညံ့တယ် ..စကားလဲ တိုးတိုးလေးပြောတယ်..ထမင်းစားရင် အသံမမြည်ရ.. လမ်းလျှောက်ရင်ခြေသံမကျယ်ရ.. အဲ့လိုမျိုး တိတ်ဆိတ်မှုကို သိပ်သဘောကျတယ်။ ဆူညံ့သံတွေ ထဲက မှ တံခါးစောင့်ပိတ်တာ တို့ တံခါးကြမ်းကြမ်းခေါက်တာ တို့ ကိုဆို သိပ်မုန်းတယ် ဆရာမ.။
ကြီးကြီးမေ ဆုံးပါးသွားပြီးနောက်မှာ ကျွန်မ တို့ လဲ ကြီးကြီးမေ ထားရှိခဲ့တဲ့ စည်းကမ်းနဲ့ ပုံစံ ခွက်ထဲအသားတကျ ရှိကြပါသေးတယ်။
မရင်မြ သားလေး သုံးနှစ်သားလောက်မှာ .. ကလေးက တစ်ခန်းဝင် တစ်ခန်းထွက် လျှောက်ဆော့တတ်လာတယ်.။
တံခါးတွေ လဲ အတင်း ပိတ် ဆော့တယ်။ အသံတွေလဲ ဆူညံလာအောင် အော်ဟစ် ဆော့ကစားတတ်လာတယ်။
အဲ့သည့်မှာ ...တစ်ရက်
သားလေး ငိုသံ စူးစူးဝါးဝါး ကြားရလို့ အားလုံးအပြေးအလွှားသွား ကြည့်ကြတော့ ကလေးက မျက်ဖြူတောင်လန်မ တတ် ငိုနေရှာတယ် ဆရာမရယ်။
သားသား ဘာဖြစ်တာလဲ..ဘာဖြစ်တာလဲ.. မေးလဲမေး .သားသားကိုယ် ခန္ဒာ အနှံ့ လိုက်ရှာ ကြည့်တော့လဲ ဘာဒဏ်ရာမှ မတွေ့ဘူး..
ကလေး က နည်းနည်း နားလည်နေ ပြီဆိုတော့ သူ့အဖွားနေခဲ့တဲ့ အခန်းဖက် လက်ညိုးတစ်ထိုးထိုး နဲ့ ငိုချည်းပဲနေတော့တာပဲ။
ပြောရင်း နဲ့ မအေးလှ က မဝံ့မရဲ ထိုအခန်းဖက် အသာလှည့်ကြည့်လိုက်ပါသေးတယ်။
ပထမတော့ ဘယ်သူမှ နားမလည်နိုင်ခဲ့ပါဘူးဆရာမရယ်.။
တစ်ခါ တစ်လေ တော့လဲ ကလေး က အဲ့သည့်အခန်းထဲ မှာ တစ်ခစ်ခစ် ရယ်ရင်းပြေးလွှားဆော့ကစား နေလေ့ရှိပါတယ်။
ကလေး ဆော့တာ ကြမ်းပြီး တံခါးတွေ ကို ဝုန်းကနဲ ပိတ်မိ တတ်တဲ့အခါတွေ မှာတော့ ကလေး က တက်မတတ် ချက်မတတ် လက်ညိုးတစ်ထိုးထိုး နဲ့ ငိုတော့တာပါပဲ။
နောက်ပိုင်း ကလေး ငိုတာတင်မဟုတ်တော့ပဲ.. တံခါး ပိတ်သံ ကြမ်းတိုင်း ပိုကြမ်းတဲ့ အသံတွေ ကြားရလာတယ်။
အဲ့ဒါနဲ့ ပဲ မရင်မြ တို့ လဲ ဘုန်းကြီးတွေ ပင့် ပရိတ်တွေ ရွတ်ကြပါသေးတယ်။ အဲ့ဒါလဲ ခဏပဲ ငြိမ်ပါတယ် ဆရာမရယ်။
နည်းနည်းကြာရင် သည်အတိုင်းပြန်ဖြစ်ပါတယ်။ ကလေး စကား တစ်လုံး နှစ်လုံး စပြောတတ် နေပြီ ဆိုတော့ .. သားသား ကိုေ ချာ့မေး တိုင်း ကြောက်စရာကြီး လို့ ပဲ ဖြေ တယ်။
အဲ့သလို နဲ့ မရင်မြ တို့လဲ မြို့ ထဲက အိမ်ကိုပြောင်းပြီး သည်အိမ်ကို ကျွန်မ တို့လင်မယားကိုအစောင့်ထား ယုံထား ထားတော့တာပါပဲ။
အားလုံးတိတ်ဆိတ်နေရင်တော့ နေလို့ ဖြစ်ပါတယ် ဆရာမရဲ့ .. ကျွန်မ ဖြင့် ဘယ်လိုမှ မနေတော့ပါဘူး..အသံ ပဲ ကြားရတာပါ... ဟိဟိ
အခုလဲ ဆရာမ က တစ်ယောက်ထဲသမားလဲ ဖြစ် အေးအေးဆေးဆေးနေချင်တယ်ဆိုလို့ မရင်မြ က တံခါး ပိတ်သံမကြမ်း ရင်နေလို့တော့ဖြစ်လောက်ပါရဲ့ လို့ တွေးပြီး ဆရာမ ကို တည်းခိုစေတာ နေပါလိမ့်မယ်။
ပြောရင်း နဲ့ တစ်လုံးမကျန် ထွက်ကျလာတော့ တဲ့ မအေးလှ ရဲ့ ချွေးပြန်နေတဲ့ မျက်နှာကိုကြည့်ရင် သက်ပြင်းသာ ချမိပါတော့တယ်။
ဝိဥာဉ် တို့ တစ္စေ တို့ ဆိုတာ သနားစရာ ဝေမာနိကပြိတ္တာများသာ ဖြစ်မှန်း ..လူတွေကို ကြောက်အောင်ခြောက်လှန့် တယ်ဆိုတာကလဲ အကူအညီတောင်းတာ ဖြစ်ဟန်များကြောင်း သေချာနားလည်ပေမယ့် မိန်းမသား ပီပီ အကြောက်တရား က ပိုမို ကြီးစိုးတာမို့ သည်အိမ်မှာ သည်တစ်ညတော့ ဆက်နေဖို့ မသင့်တော်ကြောင်း ဆုံးဖြတ်ပြီး အမြန်အထုတ်အပိုးပြင်ကာ.. နီးစပ်ရာ တည်းခိုခန်း သို့သာ အမြန်ထွက်လာ မိပါတော့တယ်။

Credit to Ma Natt Tha Mee
ADMIN ヅ JUVENILE

တင်ဆက်..ပြည်သတင်းလူငယ်
09253311019

0 comments:

Post a Comment

Facebook Like Page