Friday, May 15, 2015

လူ့အဖွဲ့စည်းတွင်းမကောင်းမှုများကို တူးဆွဖော်ထုတ်ခဲ့သူ သတင်းစာဆရာကြီးဟံသာဝတီဦးဝင်းတင်(သို့) အရိယမဂ္ဂလမ်း၊ ခြံအမှတ် ၁၀ သို့ မိုးဖွဲ့အလွမ်း...ငြိမ်းချမ်းဝေ

Leave a Comment


လူ့အဖွဲ့စည်းတွင်းမကောင်းမှုများကို တူးဆွဖော်ထုတ်ခဲ့သူ သတင်းစာဆရာကြီးဟံသာဝတီဦးဝင်းတင်(သို့) အရိယမဂ္ဂလမ်း၊ ခြံအမှတ် ၁၀ သို့ မိုးဖွဲ့အလွမ်း
=========================================================

မြန်မာ့ခေတ် ဂျာနယ်(၂၇.၄.၂၀၁၅)ထုတ်မှကူးယူးဖော်ပြပါသည်။

ဆရာဦးဝင်းတင်ကွယ်လွန်ခဲ့သည်မှာ ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်နေ့ကတစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ယင်းနေ့ကို သတင်းသမားတစ်ယောက်အဖြစ် ဇာတိမြေဖြစ်သည့် ပြည်မြို့တွင်ကုန်ဆုံးခဲ့သည်။ နံနက်ပိုင်းတွင် ဒီမိုကရေစီအင်အားစုများက လွမ်းဆွတ်အမှတ်တရအဖြစ် ဆွမ်းကပ်ခြင်းများ စုပေါင်းတံမြတ်လှည်းခြင်းများ ပြုလုပ်ခဲ့သည်။ ထို့အတူရန်ကုန်နှင့်အခြားမြို့ကြီးများတွင်လည်း အလားတူ ပြုလုပ်ခဲ့ကြသည်။ မမေ့ကြသေးပါ။ ဒီမိုကရေစီတိုက်ပွဲအတွင်းက ရဲဘော်ရဲဘက်များ၊ ပြည်သူလူထုများမမေ့ကြပါ။ တပည့်များလည်းမမေ့ကြပါ။ ကျွန်တော်လည်းမမေ့နိုင်ပါ။ ဒီမိုကရေစီကိုမြတ်နိုးသူတိုင်း သတိရနေမည်ထင်သည်။ သေသောသူကြာလည်း မမေ့နိုင်ခဲ့ပါ။

ကျွန်တော်အမှတ်ရဆုံးအဖြစ်ပျက်များက ဘ၀တွင် မှတ်မှတ်ထင်ထင်ဖြစ်စရာသိပ်မရှိ လှသောလည်း တစ်ချို့ကိုတော့ အမှတ်ရနေမိသည်။ ၂၀၁၃ ခုနှစ် သြဂုတ်လ၏နေ့တစ်နေ့တွင် ဖြစ်သည်။ ရန်ကုန်မြို့၊ ၃၄ လမ်းအထက်ဘလောက် အာရှအလင်းသတင်းဂျာနယ်တိုက်တွင် သတင်းထောက်ပေါက်စ ဘ၀ ကိုဖြတ်သန်းနေချိန်။ တာဝန်ခံအယ်ဒီတာလည်းဖြစ်၊ သတင်းထောက်ဘ၀၏ လက်ဦးဆရာလည်းဖြစ်သည့် ဆရာခေါ်ဆောင်ရာသို့ ကျော်ပိုးအိတ်တစ်လုံး၊ ကင်မရာလွယ်ကာလိုက်လာခဲ့ရသည်။ ဘတ်စ်ကားကိုစီးလို့ ရန်ကုန်မိုးကတော့ ကောင်းကင်ပြင်တွင်ညို့မိုင်းလို့နေသည်။
ဘတ်စ်ကားကိုအတန်ငယ်စီးပြီး တစ်နေရာမှတ်တိုင်တွင်ဆင်းလိုက်ကြသည်။ ထို့နောက် ကုန်းတက်လေး အတိုင်း ခပ်သွက်သွက်လျှောက်လာခဲ့ကြတော့ ခြံဝန်းတစ်ခုထဲကွေ့ဝင်လိုက်ကြသည်။ ရန်ကင်းမြို့နယ်၊ အရိယမဂ္ဂလမ်း၊ ခြံအမှတ်(၁၀) ။ ခြံထဲတွင်အိမ်ကြီးတစ်လုံးရှိသော်လည်း ၀င်ခဲ့ရသည်က ယင်းအိမ်ကြီး၏ အရှေ့ကားဂိုဒေါင်သဖွယ် အိမ်သေးသေးလေးထဲသို့။ အထဲကိုဆရာနှင့်အတူရိုကျိုးစွာဝင်မိလိုက်ကြတော့၊ မျက်မှန်ပါဝါထူထူကြီးနှင့်၊ ခေါင်းမွေးများအဖွေးသား၊ အပြာရောင်အင်္ကျီကို ၀တ်ဆင်ထားသည့် အဘိုးအိုတစ်ဦးအလုပ်ရှုပ်နေသည်ကို တွေ့ရသည်။ ထိုကြားထဲမှ ၀င်လာသူများကို လှမ်းနှုတ်ဆက်ရင်း ထိုင်ကြရန်ပြောဆိုလိုက်ပြီး ဆက်လက်အလုပ်လုပ်နေတော့သည်။ ကျွန်တော်တစ်ကိုယ်လုံးတုန်ရင်သွားခဲ့သည်။ ဟုတ်ပါသည် သတင်းစာဆရာကြီးဟံသာဝတီဦးဝင်းတင်ပါပဲ။ ကျွန်တော်၏ သတင်းစာဆရာ သူရဲကောင်းကြီးပါပဲ။

ဘ၀သည်အလဲအပြောင်းများစွာဖြင့် မထင်မှတ်ထားခဲ့သည်များ၊ အိမ်မက်များ လိုအင်ဆန္ဒများကိုလည်း တစ်ခါတစ်ရံတွင်သယ်ဆောင်လာပေးခဲ့သည်။ ထိုအတွက်ကံတရားကိုအလွန်ပင်ကျေးဇူးတင်ဝမ်းမြောက်ချိန်။ ဆရာကြီးအိမ်ထဲကိုရောက်နေချိန်၊ အနီးကပ်လေ့လာနေမိသည်။ ဆရာကြီးက အမေရိကန်အမျိုးသမီးတစ်ဦးနှင့် အဖွဲ့၏သိလိုသည်များကို မေးမြန်းနေသည်ကို တွေးတွေးဆဆခိုင်ခိုင်မာမာဖြင့်ပြန်လည် ဖြေကြားနေချိန်တွင် အိမ်ကလေးကိုစူးစမ်းငေးမောနေမိသည်။ စာအုပ်စင်ကလေး၊ များပြားလှသည့်စာအုပ်များ၊ စာရေးစားပွဲ ရိုးရှင်းလှသည့်အိပ်ရာကုတင်၊ ရေဒီယို၊ တီဗီ၊ တန်းတွင်ချိတ်ဖြင့်လှန်းထားသည့် အပြာရောင်ထောင် ၀တ်စုံလေးများ။ ပုံတူပန်းချီကား၊ သတင်းစာဂျာနယ်များ။ တကယ်ပဲပညာရှင်တစ်ယောက် ဒီမိုကရေစီသူရဲကောင်းတစ်ယောက် သတင်းစာဆရာတစ်ယောက်က ဒီလိုအဆောင်ယောင်လေးဖြင့်သာ နေနေခဲ့တာလား။
တစ်ကယ်ဆိုတော့ ဆရာဦးဝင်းတင်နှင့် ငယ်ပေါင်းကြီးဖော်လည်းမဟုတ်၊ ရဲဘော်ရဲဖက်လည်းမဟုတ်၊ ဆရာကသိထားသူလည်းမဟုတ်၊ ကျွန်တော်တွင်အခြားထူးခြားသည့် ဂုဏ်ထူးဝိသေသလည်းမရှိ၊ တစ်ခါမှလည်းမဆုံခဲ့ဖူးကြသော်လည်း စကားပြောခွင့်ရချိန်၊ မိတ်ဆက်မိကြချိန်တွင်တော့ ဆရာက တစ်လေးတစ်စားဖြင့် စကားပြောသည်။

“ခင်ဗျားတို့သတင်းစာဆရာတွေကမေးလာတော့ ကျွန်တော်သိတာလေးတွေဖြေပေးမယ်၊ ကျုပ်အယူဆပေါ့ဗျာ၊ ကျုပ်တုန်းကလည်းဒီလိုပဲဗျ ခင်ဗျားတို့ကိုကြိုးစားစေချင်တယ် အခုခေတ်ကာလရဲ့ လူ့အဖွဲ့စည်းကြီးမှာ သတင်းစာဆရာတွေဟာအရေးတကြီးကို လိုအပ်တယ်ဗျ” အင်တာဗျူးဖြေရန်ခွင့်တောင်းလာချိန်တွင် ဆရာဦးဝင်းတင်၏အပြောလေး ရင်ထဲတွင်ပီတိဖြင့်ချမ်းမြေ့ခဲ့ရသည့် အဖိုးမဖြတ်နိုင်သည့်အင်တာဗျူးလေး တစ်ခု။
ကဗျာရေးစ၊ စာရေးဘ၀ကတည်းက ဆရာဦးဝင်းတင်၏စာများကို ရှာဖွေဖတ်မိသည်။ စာရေးဆရာသတင်းစာဆရာတွေဆိုလျှင် အရူးမူးဖြစ်ခဲ့ရသည်။ လူထုဦးလှ၊ ဦးချစ်မောင်၊ ဆရာဗန်းမော်တင်အောင်၊ ဆရလူထုစိန်ဝင်းစာတွေကိုလည်းဖတ်ခဲ့ရသည်။ နောက်ပိုင်းသတင်းထောက် ပိုးလေးဝင်လာတော့ ပိုလို့ရှာဖွေဖတ်လာခဲ့ရသည်။ နိုင်ငံခြားအသံလွှင်ဌာနများ ဆရာဦးဝင်တင်အသံလွှင်ချက်များကို နားဆင်ခဲ့ရသည်။ အကြိုက်ဆုံးက ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကိုလျှောက်ခြင်း အစီစဉ်လေး။ ဆရာအတ္တုပ္ပတိတွေကိုရှာဖွေဖတ်မိတော့ ပိုလို့လေးစားခဲ့ရသည်။ ကြမ်းတမ်းလှသည့်ဘ၀ခရီးတွင် ဒီမိုကရေစီတိုက်ပွဲအတွက်၊ အမှန်တရားအတွက်၊ အဖိနှိပ်ခံပြည်သူလူထုအတွက်၊ စစ်အစိုးရဆိုသည့်လူတန်းစားများကိုအာခံခဲ့သည့် ဆရာဦးဝင်းတင်၊ ပိုင်ဆိုင်မှုဆိုသည်မှာ ဘာကိုခေါ်သလည်းမသိ။ နေရာဆိုသည်မှာဘယ်ကိုခေါ်ဆိုသလဲမသိ၊ ဆရာကတော့ ကျွန်တော်တို့ရှေ့မှာ အေးဆေးပေါ့ပါးစွာ၊ ဟိတ်ဟန်ကင်းစွာ တစ်စိုက်မတ်တတ်ဝတ်ခဲ့သည့် ထောင်ဝတ်စုံကိုဝတ်ဆင်စွာ ထိုင်လျှက် စကားများကိုအားရပါးရပြောနေသည်။ ကျန်းမာရေးကြောင့် ခဏတဖြုတ်နားပြီး ဆက်ပြောသည်။ နောက်မျိုးဆင်သတင်းသမားလေးအတွက် တန်ဖိုးမဖြတ်နိုင်သည့် စကားများကိုပြောနေသည်။

“ အနည်းဆုံးတော့ ပွင့်ပွင့်လင်းလင်းပြောရလိမ့်မယ်၊ ထောက်ပြရလိမ့်မယ်၊ သတင်းစာဆိုတာထောက်မပြရင် မကြောက်ဘူးဗျ၊ လူမသိဘူး၊ အဲဒီတောင်မရောက်ဘူးထင်တယ်၊ ကျွန်တော်တို့ငယ်ငယ်တုန်းက သတင်းတွေကို တူးဆွပြီး ရေးတာ၊ လာဘ်စားတာတွေအကျင့်ပျက်တာတွေကို တူးဆွရေးတာ။ အခုကလူ့အဖွဲ့စည်းတစ်ခုလုံးမှာ မကောင်းတာလုပ်တဲ့သူတွေက အင်အားကြီးနေတယ်။ အဲဒီလူတွေကို သတင်းစာဆရာတွေကရေးပါ။ အကျင့်ပျက်တာတွေကို ရေးပါ၊ များများဝေဖန်ပါ။ နာနာစပ်စပ်ကိုပြောပါ၊ ခေတ်ကြီးကပြောင်းနေပြီ။ အမှန်တရားဘက်က ရပ်တည်ပညာပေးတယ်။ ပညာရှိကြီးလုပ်မနေပါနဲ့၊ အဖွဲ့အစည်းတွေ၊ အစုအဖွဲ့တွေအကြောင်း ပညာပေးရုံနဲ့၊ မရဘူး၊ မှတ်လောက်သားလောက်အောင်ကို တိုက်ကြ၊ အစိုးရအဖွဲ့အစည်းတွေကို နာနာဝေဖန်ကြ၊ ထောက်ပြကြ ဒါကျွန်တော်တို့ သတင်းစာဝါဒဘဲဗျ ” ဆရာဦးဝင်းတင်က ပြောဆိုအပြီးမောလာပုံရသည်။ ချောင်းလည်းဆိုးလာသည်။ ကျွန်တော်တို့ခဏနားလိုက်ကြသည်။

ထိုအချိန်တွင် အခန်းလေးထဲအမျိုးသမီးတစ်ဦးဝင်လာကာ ဆရာကိုနှုတ်ဆက်သည်။ အဘဖောင်ဒေးရှင်း အတွက် ငွေလှူစာရင်းကိုလာပို့သည်တဲ့ ဆရာက ငွေများကိုကိုင်ပင်မကိုင်၊ လက်ခံရရှိကြောင်းလက်မှတ်ရေးထိုးကာ ဖောင်ဒေးရှင်းအဖွဲ့သို့အတိကျအပ်ရန် သေချာမှာကြားကာ ပြန်လွတ်လိုက်သည်။ ဦးဝင်းတင်ဖောင်ဒေးရှင်း ကနိုင်ငံရေးအကျဉ်းသားများနှင့် မိသားစုများ ကလေးပညာရေးများကို ထောက်ပံ့နေချိန် ဆရာကငွေကိုကိုင်ပင်မကြည့်ခဲ့ပါ၊ စာရင်းတိကျရန်သာ မှာကြားခဲ့သည်။ နောက်တော့ဒီလှိုင်းဂျာနယ်အတွက်အလုပ်ကိစ္စများကိုမှာကြားနေသည်။
ဆရာကအရွယ်နှင့်မမျှအောင်အလုပ်လုပ်နိုင်သူ လုပ်ခဲ့သူ။ ကိုယ်ကျိုးအတွက်တော့ တစ်စိုးတစ်စိမျှမပါခဲ့။ ရသည့်အချိန်လေးတွင် ကျွန်တော်တို့က ဆက်လက်မေးနေကြသည် ဆရာကလည်း ဖြေပေးနေခဲ့သည်။

“ အခုကဂျာနယ်တွေကို ချုပ်ကိုင်ရာကနေ နည်းနည်းဖြေလျော့တာ ကျွန်တော်တို့ပြောတာက မြှင့်တင်ဖို့လုပ်ပါ ကာကွယ်စောင့်ရှောက်ပါ ကန်သတ်တာ၊ ချုပ်ချယ်တာ ဖိနှိပ်တာကို မလုပ်ပါနဲ့ ပြောသာပြောရတယ် သူတို့အစိုးရလုပ်နေတာ ဒီသဘောပဲလုပ်နေတာ ကမ္ဘာကလက်မခံဘူး ပြည်သူကလက်မခံဘူး။ ဖြေလျော့တယ်ဆိုတာ ဟုတ်ကိုမဟုတ်ဘူး ဖြည်ကိုချရမှာ အခုကလက်ဆယ်ချေုင်းနဲ့ ဆုပ်ထားရာကနေ ငါးချောင်းနဲ့ဆုပ်တာ စိတ်ရင်းစေတနာအခံနဲ့လုပ်ပါ၊ အလားတူဘဲဒီဘက်ကလူတွေမှာလည်း ဂျာနယ်လစ်ကျင့်-၀တ်ရှိတယ် အလုပ်သဘောအရထိန်းသိမ်းရတာရှိတယ်။ လွတ်လပ်စွာရေးမယ်၊ တိုင်းပြည်ရဲ့အကျိုးစီးပွားကိုမြှင်တင်ကြတာပါ။ အစိုးရဘက်ကလျှော့မယ်ဆိုရင် အကောင်းဆုံးအချိန်ပါပဲ။ ”

ဘယ်သောအခါမှာမမေ့နိုင်သည့် စကားများကို တန်ဖိုးရှိစွာတည်ကြည်လေးနက်စွာ ဆရာဦးဝင်းတင်က ပြောခဲ့သည်။ အခုတော့ဆရာမရှိတော့ပါလေ။
ထိုနေ့ကအခြားအခြေနေများကိုလည်း မေးမြန်းဖြစ်ခဲ့ကြသည်။ ဆရာဦးမြင့်ဆန်းက ဦးဆောင်မေးခဲ့ခြင်းလည်း ဖြစ်သည်။ စကားများစွာပြောနေ၊ ကြားနေချင်သော်လည်း ဆရာကြီး၏ အချိန်နှင့် ကျန်းမာရေးကိုငှဲ့ကွက်ကာ နှုတ်ဆက်ပြန်ခဲ့ရသည်။ ဆရာကြီးက ချိုချဉ်မျးကိုကျွေးလိုက်သေးသည်။ အပြန်တွင် ဆရာနှင့် နောက်ဆရာတစ်ဦးသုံးဦး ပြန်ခဲ့သည်။
ရန်ကုန်မိုးကသည်းသည်းလှုပ်မျှရွာချတော့သည်။ ဆရာကြီးကအိမ်လေးထဲတွင် နားခိုရင်းကျန်ခဲ့သည်။ နောက်တော့ ရန်ကုန်တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင်ပြုလုပ်သည့်ပွဲများတွင် မကြာခဏတွေ့ရသည်။ လမ်းလျှောက်အကူတစ်ယောက်ပါသည်။ စားသောက်ဆိုင်အပေါ်ထပ်ကို တက်ရန် ခဏခဏနားတက်နေတာကို စိတ်မကောင်းစွာတွေ့ရတော့ ၀မ်းနည်းမိသည်။ နောက်တော့အကြောင်းကြော်းအမျိုးမျိုးဖြင့် ကျွန်တော် ပြည်မြို့ကိုပြန်ခဲ့ရသည်။ သတင်းထောက်အလုပ်ကိုတပ်မက်စွာပင်ဆက်လုပ်နေမိသည်။

၂၀၁၄၊ ဧပြီ ၂၁ ရက်တွင်ဆရာဦးဝင်းတင်ကွယ်လွန်ကြောင်း ကြားသိလိုက်ရသည်။ ၀မ်းနည်းမှုသည်အထွဋ်ထိပ်သို့ ရောက်ခဲ့သည်။ ဆရာမြင်ချင်လှသည့်တွေ့ချင်လှသည့်အရာ ကိုကမြင်မသွားခဲ့ရ ခံစားမသွားခဲ့ရ။ ဒီမိုကရေစီခရီးလမ်းကြမ်းတွင် ဒူးမထောက်ပဲဆရာထွက်ခွါသွားခဲ့ရသည်။ နိုင်ငံအတွက်တော့ ကြီးမားဆုံးဆုံးရှုံးမှုတစ်ရပ်။ ယနေ့လိုခေတ်ကာလတွင် ဆရာကိုများစွာလိုအပ်နေသည့်အချိန် မကောင်းမှုတို့ကို တူးဆွဖော်ထုတ်ရမည့်အချိန်လေးမှာပဲ ဆရာထွက်ခွါသွားခဲ့သည်။

ဆရာဦးဝင်းတင်ကွယ်လွန်ခြင်းတစ်နှစ်ပြည့်ညနေလေးတွင် ပြည်မြို့၌မိုးတွေသည်းထန်စွာ ရွာခဲ့သည်။ မိုးသီးမိုးပေါက်များပင်ကျလိုက်သေးသည်။ မိုးရေထဲတွင်ဆရာ၏စကားများကိုကြားယောင်နေမိသည်။ ဆရာအင်တာဗျူးဂျာနယ်လေးကို ပြန်ဖက်နေမိသည်။ ဟုတ်ပါသည်ဆရာ။ ကျွန်တော်တို့သတင်းစာဆရာတွေ တူးဆွရေးကြရအုံးမှာပါဆရာ။ ရေးနေဆဲပါဆရာ။ ဆရာဝါဒများအတိုင်း သွားနေဆဲပါ။ အပြင်လောကတွင် မိုးကမတိတ်နိုင်သေး၊ မှောင်ရိပ်ပင်သန်းလို့နေပြန်သေးသည်။ ခြံအမှတ်(၁၀)လေးလည်း လွမ်းဆွတ်နေမိလိမ့်မည်ထင်ပါသည်။

ငြိမ်းချမ်းဝေ

တင်ဆက်.ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019

0 comments:

Post a Comment

Facebook Like Page