ဆားပုလင်းနှင်းမောင်နှင့် မီးခဲမောင်မောင် (မင်းသိင်္ခ) (ဒုတိယပိုင်း)
*******************************************************************
မီးခဲမောင်မောင်ထံမှ ပြန်စာရပြီး နှစ်ရက်အကြာ၌ ကျွန်ုပ်၏မိခင်ကြီးသည် ကွယ်လွန်အနိစ္စရောက် လေတော့၏။ ဈာပနကိစ္စ ပြီးမြောက်ပြီး နောက်တစ်ရက်၌ မီးခဲမောင်မောင်သည် ရန်ကုန်သို့ ရောက်ရှိလာပြီးလျှင် မေးရိုးမရင်းကလပ်၌ ကျွန်ုပ်အားချိန်းဆို၍ တွေ့တော့၏။ ကျွန်ုပ်၏ မိခင်ကြီး ကွယ်လွန်သွားသည့်အတွက် ဝမ်းနည်းကြောင်း၊ တစ်ဖက်၌လည်း လှိုင်လှိုင်တင်နှင့် လက်ထပ်ရေး ကိစ္စမှာလည်း ပြင်ဆင်နိုင်ခွင့် ပေါ်ပေါက်လာပြီဖြစ်၍ ဝမ်းသာမိကြောင်းကို ရိုးသားစွာ ကျွန်ုပ်အား ပြောပြ၏။ စားသောက်ဖွယ်ရာများ လိုလေသေးမရှိဧည့်ခံကာ မိခင်ကြီးမရှိတော့ပြီဖြစ်၍ မိခင်ကြီး စိတ်ချမ်းသာအောင် လှိုင်လှိုင်တင်အား ယူရမည့် အစီအစဉ်မှာ ပြောင်းနိုင်ပြီလောဟု တည့်တည့်ပင် မေး၏။
“ ဒီလိုရှိပါတယ် ကိုမောင်မောင်၊ ကျွန်တော့်မိခင်ကြီး မရှိတော့ပေမဲ့ ကျွန်တော့်ဒေါ်တွေရှိလေသေးတော့ ဒီကိစ္စဟာ ပြင်လို့ဖြစ်မယ်မထင်ဘူး။ ”
“ မဟုတ်ပါဘူး ကိုရွှေသိန်းကျော် ၊ ခင်ဗျား ကိုယ်တိုင်က နောက်မဆုတ်ရင်ဖြင့် ကျွန်တော်ဘာမှ ပြောစရာမရှိပါဘူး။ ဒါပေမဲ့ ခင်ဗျားဟာ ခင်ဗျားမိခင်ကြီးကို အကြောင်းပြပြီး ဆုတ်မပေးနိုင်ကြောင်း ကျုပ်ဆီကို စာရေးခဲ့တယ်။ ကျုပ်ကလည်း တကယ်ယုံကြည်ခဲ့တယ်။ အခု ခင်ဗျားမိခင်ကြီး မရှိပြန်တော့လည်း ခင်ဗျားက နောက်မဆုတ်ပေးနိုင်ဘူး ဆိုပြန်တော့ ခင်ဗျားဟာ ကျွန်တော့်ဆီကို သက်သက်လိမ်ညာပြီး ရေးခဲ့တာပဲ။ မိခင်ကြီးကို အကြောင်းပြပြီး ခင်ဗျားကိုယ်တိုင် လှိုင်လှိုင်တင်ကို အပိုင်စီးချင်နေတာကို လိမ်ပြီးရေးတယ်။ ကဲ....ခင်ဗျား သဘောပဲ ”ဟုဆိုကာ ထွက်သွားတော့၏။
“ ခင်ဗျား ကျွန်တော့်ကို လိမ်ပြီးရေးတယ်”
ဟူသည့်စကားကိုမှ နှစ်ကြိမ်ထပ်၍ ပြောသွားသည်ကို ကျွန်ုပ်သတိထားလိုက်မိ၏။ မီးခဲမောင်မောင်နှင့်တွေ့ပြီး တစ်လလောက်အကြာတွင် လက်ထပ်ပွဲကို ရန်ကုန်၌ ပြုလုပ်ရန်စီ စဉ်လိုက်တော့၏။ လှိုင်လှိုင်တင်တို့ မိသားစုရောက်မည့်နေ့က ကွမ်းခြံဘူတာတွင် ကျွန်ုပ်ကိုယ်တိုင် ကားဖြင့်သွားရောက် ကြိုဆိုခဲ့၏။ ကျွန်ုပ်နေထိုင်ရာ အင်းစိန်ကြို့ကုန်းရပ်ဘက်သို့ လှိုင်လှိုင်တင်တို့ မိသားစုအား တင်ဆောင်၍ မောင်းနှင်လာစဉ် ကမာရွတ်အရောက်၌ ကားတစ်စီးနှင့် ခေါင်းချင်းဆိုင်၍ အနည်းငယ်တိုက်မိသဖြင် တစ်ဖက်ကားသမားနှင့် ကျွန်ုပ်တို့စကားအနည်းငယ်များကြ၏။ တစ်ဖက်ကား သမားမှာ ဂေါ်ရခါးလူမျိုးဖြစ်၍ ကျွန်ုပ်သည်ကုလားလိုတစ်ဝက် မြန်မာလိုတစ်ဝက် ပြောဆို စကားများကြရခြင်း ဖြစ်၏။ စကားများကြစဉ် ကျွန်ုပ်ကားပေါ်မှ လှိုင်လှိုင်တင်အပါအဝင် အားလုံးလိုလိုအောက်သို့ဆင်းကြ၏။ နောက်ဆုံး၌ ဂေါ်ရဂါးနှင့် ကျွန်ုပ်တို့အား အနီးမှ ပုလိပ်တစ်ဦးက လာရောက်ဖြေရှင်းပေးသဖြင့် ကျေအေးသွားကြပြီး ကိုယ့်ခရီးကိုယ် ဆက်လက်သွားကြရတော့၏။ ဂေါ်ရဂါးသည် သူသွားရန်ရှိသောခရီးကို ဆက်လက်မောင်းထွက်သွားနိုင်သော်လည်း ကျွန်ုပ်မှာမူ မမောင်းနိုင်တော့ပါ။ အကြောင်းမှာမူ လှိုင်လှိုင်တင်တစ်ယောက် ထူးဆန်းစွာ ပျောက်ဆုံး သွားသောကြောင့် ဖြစ်၏။ လှိုင်လှိုင်တင့် မိခင်ကလည်း လှိုင်လှိုင်တင် သည်သူ့အနီး၌ ရပ်နေရာမှ ပျောက်သွားသည်ဟု ဆို၏။ ကျွန်ုပ်အပါအဝင် ထိုစဉ်က ကျွန်ုပ်ကားပေါ်၌ ပါရှိသူများမှာ လှိုင်လှိုင်တင်၊ လှိုင်လှိုင်တင့် မိခင်ဒေါ်ညွန့်၊ အဒေါ်ဒေါ်စိန်စိန် ၊ ဒေါ်စိန်စိန့် ယောက်ျား ဦးတင်ဝင်းနှင့် ဆယ်နှစ်သားအရွယ် လှိုင်လှိုင်တင့် မောင်လေး မောင်ခင်ဝင်းတို့ဖြစ်၏။
ကြံရာမရသည့်အဆုံး ကျွန်ုပ်သည် ထိုအမှုအား ဂါတ်သို့တိုင်ရတော့၏။ ဂါတ်မှ ဂါတ်စာရေးသည် အမှုနှင့် ပတ်သက်၍လား၊ အလိုက်ကန်းဆိုးမသိ၍လား မဆိုနိုင်ပေ။ ရည်းစားရှိ၊ မရှိမေးပြန်၏။ သတို့သားလောင်းဖြစ်သော ကျွန်ုပ်ကလည်း ရှက်ရှက်နှင့် သုံးပွင့်ဆိုင် အဖြစ်အပျက်ကို ပြောဆိုရတော့၏။ ပုလိပ်များက အတော်ပင်တော်ကြ၏။ တိုင်ချက်ဖွင့်ပြီး တစ်ပတ်အကြာမှပင် မီးခဲမောင်မောင်အား ဖမ်းဆီးမိကြတော့၏။ ဂါတ်၌ ကျွန်ုပ်တို့တွေ့ကြရာ မီးခဲမောင်မောင်သည် သူ၏ထုံးစံအတိုင်း ပြုံး၍ အားလုံးကို ယဉ်ယဉ်ကျေးကျေးပင် ဆက်ဆံ၏။ လှိုင်လှိုင်တင်၏ အဒေါ်နှင့်အမေသည် မီးခဲမောင်မောင်အား မကြားဝံ့မနာသာ ပင် ဆဲရေးတိုင်းထွာကြ၏။ အဒေါ်၏ ယျောက်ား ဦးတင်ဝင်းကဆိုလျှင် မီးခဲမောင်မောင်အား ထိုးလားကြိတ်လားလုပ်ရန် ဆွဲလားလွဲလား လုပ်သေး၏။ မီးခဲမောင်မောင်ကမူ မည်သို့မျှ တုံ့ပြန်ခြင်းမပြုဘဲ ခပ်ပြုံးပြုံးပင်နေ၏။ ထိုးကြိတ်ခြင်းမဖြစ်စေရန် ပုလိပ်များက တားဆီးပေးကြ၏။ လှိုင်လှိုင်တင်ကမူ ငို၍သာနေ၏။ နောက်ဆုံး လှိုင်လှိုင်တင်အား ပြန်၍ခေါ်ခဲ့ကြ၏။
ကျွန်ုပ်နှင့် လှိုင်လှိုင်တင်၏ မိဘများ ပူးပေါင်းကာ နောက်ဆုံး၌ မီးခဲမောင်မောင်အား ရုံးတင်၍ တရားစွဲနိုင်ခဲ့၏။ နှစ်ဘက်ပေါင်း၍ ငွေကိုဖိသွန်ကာ မီးခဲမောင်မောင်အား ထောင်မကျမချင်း ဖြစ်သည့်အလျောက် မီးခဲမောင်မောင် တစ်ယောက် ထောင်ဒဏ်အပြစ် ကျခံရတော့၏။ သို့သော် မီးခဲမောင်မောင်အပေါ်၌ သစ္စာရှိလှသော လှိုင်လှိုင်တင်သည် ရုံးတော်၌ ကျွန်ုပ်တို့၏ ရှေ့နေ သင်ပေးအတိုင်းမထွက်ဆိုဘဲ သူကိုယ်တိုင်ကချစ်၍ လိုက်သွားခြင်းဖြစ်ကြောင်း ထွက်ဆိုသဖြင့် ထောင်ဒဏ်မှာများများစားစားမကျဘဲ နှစ်နှစ်သာ ကျခံရတော့၏။
မီးခဲမောင်မောင်ထောင်ကျနေစဉ်မှာပင် ကျွန်ုပ်သည် အလွန်ချစ်စရာကောင်းသော မိန်းမတစ်ယောက်ကို ရလေတော့၏။လှိုင်လှိုင်တင်သည် မိန်းမတစ်ဦး၏ ဝတ္တရားများကျေပွန်၏။ သို့သော် ကျွန်ုပ်၏ အသည်းနှလုံးကို ကျွဲခတ်သကဲ့သို့ ခံစားဖွယ်ရာတစ်ခုတော့ ပြုလုပ်လျက်ရှိ၏။ ကျွန်ုပ်နှင့်ရပြီး သည့်တိုင်အောင် ဆွဲကြိုးတွင် ဆွဲထားသောလော့ကတ်သီးလေးထဲ၌ မီးခဲမောင်မောင်၏ ဓါတ်ပုံကို ထည့်ထား၏။ မကြာမကြာလည်း ထုတ်၍ကြည့်တတ်၏။ တစ်နေ့ ကျွန်ုပ်သည် သည်းမခံနိုင်တော့သည့်အဆုံး လော့ကတ်သီးအားလုယူ၍ထုခြေကာ လွှင့်ပစ်လိုက်တော့၏။ ထိုသို့ပြုလုပ်ခဲ့ သော်လည်း ပြဿနာမှာ ပြီးဆုံးခြင်းမရှိခဲ့ပေ။ နောက်တစ်နေ့ဈေးကအပြန် လှိုင်လှိုင်တင်၏ ဝါဝင်းသောလက်ဖျံကလေးတွင် “ မောင်မောင် ” ဟူသော စာတန်းနက်နက်ထ င်ထင်ကြီးကို စုတ်ဆေးဖြင့် ထိုးနှံထားခဲ့သည်ကို ကျွန်ုပ်သည် ကြေကွဲဖွယ်ရာ တွေ့မြင်ရတော့၏။
ထိုသို့နှင့်ပင် ပေါင်းသင်းလာခဲ့ရာ သုံးနှစ်ပင် ကျော်ခဲ့ပြီဖြစ်၏။ တစ်ခါတစ်ရံ ကျွန်ုပ်၏လုပ်ငန်းနှင့် ပတ်သက်သော မိတ်ဆွေများကဖြစ်စေ၊ ကျွန်ုပ်တို့အကြောင်းမသိသော တစ်စုံတစ်ယောက်က ဖြစ်စေ လှိုင်လှိုင်တင်လက်မှ စာတန်းကိုနားမလည်၍ ဘာဆေးထိုးထားသလဲဟုမေးလျှင် လှိုင်လှိုင်တင်သည် လှီးလွှဲဖြေဆိုခြင်းမပြုဘဲ.....“ လှိုင်ရဲ့ ယောက်ျား မီးခဲမောင်မောင်ရဲ့ နာမည်ကို အမှတ်တရ ထိုးထားတာပါ။ လှိုင့်မေမေနဲ့ ကိုရွှေသိန်းကျော်တို့ လုပ်ကြံပြီးတရားစွဲလို့ထောင်ကျသွားပြီး ဇာတ်မြှပ်သွားတာပါပဲရှင် ” ဟု စီကာပတ်ကုံး ရိုက်မစစ်ရဘဲ အကုန်ပြောတော့သဖြင့် ကျွန်ုပ်အရှ က်ရပေါင်းလည်း မနည်းတော့ပေ။ အမှန်စင်စစ်အာဖြင့် လှိုင်လှိုင်တင်သည် မီးခဲမောင်မောင်နှင့် သာလိုက်ဖက်လှဘိ၏။ အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦးစလုံးသည် အငြိုးအမှတ်ကြီးကြသူများ ဖြစ်၏။
အမျက်လေးပါးတွင် (လေ၌ ရေးခြစ်သည်နှင့် တူသောအမျက်၊ ရေ၌ရေးခြစ်သည်နှင့်တူသော အမျက်၊ မြေ၌ရေးခြစ်သည်နှင့် တူသောအမျက်၊ ကျောက်သား၌ ထွင်းထုသည်နှင့်တူသော အမျက်) ဟူ၍ရှိရာ မီးခဲမောင်မောင်နှင့် လှိုင်လှိုင်တင်တို့၏ အမျက်မျိုးကား ကျောက်သား၌ ထုထွင်းထားသည့်အလား ခိုင်မြဲလှဘိ၏။ လှိုင်လှိုင်တင်သည် သူကိုယ်တိုင် စိတ်ဆင်းရဲရသည့်အတွက်သာမက မီးခဲမောင်မောင်အတွက်ပါ အပိုဆောင်း၍ ပညာသားပါပါ၊ စိတ်ဆင်းရဲရအောင် နှိပ်စက်လျက်ရှိတော့၏။ နောက်ဆုံး၌ကျွန်ုပ်နှင့် လှိုင်လှိုင်တင်တို့သည် တရားဝင် ပြတ်စဲခဲ့ကြရ၏။ ထိုသို့ပြတ်စဲလိုက်သည့်အခါသည် မီးခဲမောင်မောင်ထောင်ကျသွားသည့်ရက်မှ အသေအချာ ရေတွက်ပါလျှင် လေးနှစ်လေးလနှင့် လေးရက်တိတိဖြစ်၏။ ကျွန်ုပ်နှင့် လှိုင်လှိုင်တင်တို့ ကွဲကွာခဲ့ကြပြီးနောက် ၆ လခန့်ကြာသောတစ်နေ့သ၌ ကျွန်ုပ်သည် ခနောင်တိုဘက်သို့ ဆန်စက်တစ်လုံးဝယ်ယူရန်အတွက် စက်အခြေအနေအား ကြည့်ရှုရန်သွားခဲ့၏။ ဆန်စက်အား ကြည့်ရှုပြီးနောက် ကျွန်ုပ်နှင့် ကျွန်ုပ်၏တပည့်လေး မောင်ဝိုင်းမောင်တို့သည် သမ္ဗန်တစ်စီးကိုစီးနင်း၍ ရန်ကုန်ဘက်ကမ်းသို့ ပြန်ခဲ့၏။ သို့ရာတွင် သမ္ဗန်သည် မြစ်လယ်အရောက်၌ ရန်ကုန်ဘက်သို့ ဦးတည်ခြင်းမပြုဘဲ ချောင်းလက်တက် ကလေးဘက်သို့ ဦးတည်လှော်ခတ်နေသဖြင့် ကျွန်ုပ်တပည့်လေး မောင်ဝိုင်းမောင်က သမ္ဗန်ကုလားအား.....
“ဟေ့ ရန်ကုန်ဆီ ၊ ဂျာရေးကား ” ရန်ကုန်သွားမှာဟု အဓိပ္ပာယ်ရသော ကုလားစကား အကျိုးအပဲ့နှင့် ဆဲဆိုကြိမ်းမောင်းတော့၏။သမ္ဗန်ကုလားကမူ တစ်ခွန်းမျှ ပြန်မပြောဘဲ ခတ်မြဲခတ်နေရာ သမ္ဗန်ဦးသည် ဓနိလက်များအုပ်ဆိုင်းနေသော ချောင်းရိုးကဘေးထဲသို့ပင် ဝင်စပြုနေပြီဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်၏တပည့်ကလေးက ကုလားအားထိုးကြိတ်ရန်အတွက် ထိုင်ရာမှ ဝုန်းခနဲထ၍ ရပ်လိုက်၏။ သို့သော် သမ္ဗန်ကုလားက သူ၏အင်္ကျင်္ီအောက် ခါးပုံစတွင်းမှ ခြောက်လုံးပြူးသေနတ်ကိ ဆွဲထုတ်လိုက်ပြီးနောက်....“ ဟေ့ကောင် ကြားက မသေချင်နဲ့ ငြိမ်ငြိမ်နေလိုက်စမ်း၊ ဒီမှာ ကိုရွှေသိန်းကျော် ကျွန်တော်မီးခဲမောင်မောင်ပါဗျာ၊ မှတ်မိဦးမှာပေါ့နော်၊ ဟဲ..ဟဲ..” ကျွန်ုပ်သည်များစွာ တုန်လှုပ်သွားမိ၏။ မကြည့်ရဲ ကြည့်ရဲ ဖြင့်သူ၏ မျက်နှာကိုကြည့်လိုက်ရာ ကျေနပ်ခြင်း ၊ ဝမ်းမြောက်ခြင်း ၊ အောင်ပွဲခံခြင်း စသည်တို့ရောပြွမ်းလျက်ရှိကြောင်း သတိပြုမိတော့၏။ ထိုအခါကျမှပင် မီးခဲမောင်မောင်၏ စရိုက်ဓလေ့များကိုတမင်တကာ မကြိုးပမ်းရဘဲလျက် ကျွန်ုပ်၏ ဦးခေါင်းအတွင်းသို့ အလျှိုလျှို ဝင်ရောက်လာတော့၏။
ကျွန်ုပ်သည် သူမြတ်နိုးသော လှိုင်လှိုင်တင်အား မရမကသိမ်းပိုက်ခဲ့သူဖြစ်ပြီး သူ့အားလည်း ငွေအားဖြင့် ထောင်တွင်းသို့ ပို့ခဲ့သူဖြစ်၏။ ထို့ကြောင့် မီးခဲမောင်မောင် ကျွန်ုပ်အားအသေပစ်သတ်ရုံနှင့်ပင် ကျေနပ်လိမ့်မည်မဟုတ်ဟု တွေးမိတော့၏။ သေမင်းထံသို့ ရောက်လျှင်ပင် ကျွန်ုပ်လွတ်လမ်းရှိမည်ဖြစ်သော်လည်း မီးခဲမောင်မောင်၏ လက်တွင်းမှမူ လွတ်မြောက်ဖွယ်ရာ မရှိဟု ကျွန်ုပ်သဘောပေါက်၏။ ထို့ကြောင့် ကျွန်ုပ်သည် ချောင်းထဲသို့ ခုန်ချ၍ ရေငုပ်ပြီး ပြေးရန်ကြံစည်မိသည့်အလျောက် ရေကို မျက်စောင်းဝင့်၍ ကြည့်မိ၏။ အလွန်အကင်းပါးလှသော မီးခဲက ကျွန်ုပ်၏အကြံကို ရိပ်မိသဖြင့်....
“ ကိုရွှေသိန်းကျော် ချောင်းထဲခုန်ချပြီး ငုပ်သွားဖို့တော့ စိတ်မကူးနဲ့ဗျ ၊ ချောင်းက တိမ်တိမ်လေးရယ်၊ ခင်ဗျား ခါးလောက်ပဲရှိတယ်..ဟဲ..ဟဲ..
ကျွန်ုပ်သည် များစွာ တုန်လှုပ်သွားမိ၏။ မကြည့်ရဲ ကြည့်ရဲဖြင့် သူ၏မျက်နှာကို ကြည့်လိုက်ရာ ကျေနပ်ခြင်း ၊ ၀မ်းမြောက်ခြင်း ၊ အောင်ပွဲခံခြင်း စသည်တို့ရော ပြွမ်းလျက်ရှိကြောင်း သတိပြုမိတော့၏။ ထိုအခါကျမှပင် မီးခဲမောင်မောင်၏ စရိုက်ဓလေ့များကို တမင်တကာ မကြိုးပမ်းရဘဲလျှက် ကျွန်ုပ်၏ ဦးခေါင်းအတွင်းသို့ အလျိုလျို ၀င်ရောက်လာတော၏။ ကျွန်ုပ်သည် သူမြတ်နိုးသော လှိုင်လှိုင်တင်အား မရမက သိမ်းပိုက်ခဲ့သူဖြစ်ပြီး သူ့အားလည်း ငွေအားဖြင့် ထောင်တွင်းသို့ ပို့ခဲ့သူဖြစ်၏။ ထို့ကြောင့် မီးခဲမောင်မောင်သည် ကျွန်ုပ်အား အသေသတ်ပစ်နှင့်ပင် ကျေနပ်လိမ့်မည် မဟုတ်ဟု တွေးမိတော့၏။ သေမင်းထံသို့ ရောက်လျှင်ပင် ကျွန်ုပ် လွတ်လမ်းရှိမည် ဖြစ်သော်လည်း မီးခဲမောင်မောင်၏ လက်တွင်းမှမူ လွတ်မြောက်ဖွယ်ရာ မရှိဟု ကျွန်ုပ်သဘောပေါက်၏။
ထို့ကြောင့် ကျွန်ုပ်သည် ချောင်းထဲသို့ ခုန်ချ၍ ရေငုတ်ပြီး ပြေးရန် ကြံမိသည့်အလျောက် ရေကို မျက်စောင်းဝင့်၍ ကြည့်မိ၏။ အလွန်အကင်းပါးသော မီးခဲက ကျွန်ုပ်၏အကြံကို ရိပ်မိသဖြင့်... ကိုရွှေသိန်းကျော် ချောင်းထဲခုန်ချပြီး ငုတ်သွားဖို့တော့ စိတ်မကူးနဲ့ဗျ။ ချောင်းက တိမ်တိမ်လေးရယ် ခင်ဗျား ခါးလောက်ပဲ ရှိတယ် ဟဲ ဟဲ။ ကျွန်ုပ်သည် သူပြောမှပင် ဆင်ခြင်မိ၏။ ထိုချောင်းရိုးကလေးမှာ အလွန်ပင် တိမ်လှ၏။ အချို့နေရာများ၌ လမုငုတ်ကလေးများပင် ထွက်နေ၏။ သမ္ဗာန်သည် ချောင်းကွေ့ကလေးတစ်ခုသို့ ကွေ့ပြီးနောက် နာရီဝက်ခန့် ထပ်မံ၍ လှော်ခတ်ရသေးရာ ချောင်းဝမှဆိုလျှင် ၄၅ မိနစ်ခန့် လှော်ခပ်ရသော ခရီးဖြစ်၏။ နောက်ဆုံး၌ ၀ါးတံတားလေးတစ်ခုကို ဆိုက်ရောက်သွားခဲ့၏။
ဝါးတံတားကလေး၌ သမ္ဗာန် ကပ်လိုက်သည် ဆိုလျှင်ပင် လူနှစ်ယောက်သည် မည်သည့်နေရာက ပေါ်ထွက်လာသည် မသိဘဲ ပေါ်လာပြီးနောက် ကျွန်ုပ်နှင့်ကျွန်ုပ်၏ တပည့်ကလေးအား ကြိုးနှင်တုပ်လေတော့၏။ ထိုအခါ မီးခဲမောင်မောင်သည် သူ၏ မျက်နှာ၌ သုပ်လိမ်းထားသော ဆေးမည်းများကို အင်္ကျီဖြင့် သုပ်ပစ်လိုက်ပြီး ဖြစ်ရာ သူ၏ ပကတိရုပ်ရည်ကို မြင်ရတော့၏။ ကွဲသွားသည့် သုံးလေးနှစ်အတွင်း၌ အနည်းငယ် ပိန်သွားသည်မှလွဲ၍ သူ၏ ရုပ်ရည်မှာ ယခင်ကကသို့ ကြည်လင် လတ်ဆတ်နေ၏။ ကျွန်ုပ်၏ တပည့်လေးအား ကြိုးနှင့်တုပ်သည်ကို ကြည့်၍ သူသည် စိတ်မကောင်း ဖြစ်သွားပုံရ၏။ မဆီမဆိုင် ဒုက္ခခံနေရရသည်ကို သူ့အနေနှင့် နှစ်မြို့ပုံမပေါ်ပေ။
ဟေ့... ညီလေး၊ ဘာမှ မစိုးရိမ်ပါနဲ့ကွာ။ မင်းကို ဘာမှ မလုပ်ဘူးဆိုတာ အစ်ကို ကတိပေးပါတယ်။ အခုလို မဆီမဆိုင် ဒုက္ခပေးရတဲ့အတွက် စိတ်မကောင်းပါဘူး။ ဒီအတွက် လျော်ကြေးအဖြစ် မင်းကို ပြန်လွှတ်တဲ့အခါ အစ်ကိုက ငွေငါးရာ ပေးမယ်ဆိုတာလည်း ကတိပေးပါတယ်။
မောင်ဝိုင်းမောင်အား ဤသို့ ပြောလိုက်သဖြင့် ကျွန်ုပ်မှာ ပို၍ ကျောစိမ့်သွားတော့၏။ သူ၏ စကား၌ မောင်ဝိုင်းမောင်ကို ဘာမှမလုပ်ပါဘူးဟု ဆိုထား၏။ ထို့ကြောင့် ကျွန်ုပ်အား တစ်စုံတစ်ခု ပြုလုပ်မည်မှာ သေချာလှတော့၏။ ထို့ပြင် မောင်ဝိုင်းမောင်အား ပြန်လွှတ်သည့်အခါ၌ ငွေငါးရာပေးမည်ဟု ဆိုထား၏။ ထို့ကြောင့် ကျွန်ုပ်အား ပြန်လွှတ်ရန်အကြောင်းမရှိတော့ဟု ကျွန်ုပ် ယူဆမိပြန်၏။ ကြိုးများ တုပ်ပြီးနောက် ကျွန်ုပ်တို့အား ၀ါးတံတားလေးမှ ဖြတ်ကျော်ကာ ခြေသွားလမ်းကလေးအတိုင်း ခေါ်သွားကြရာ နောက်ဆုံး၌ ဓနိတောကြီး အတွင်းရှိ တဲဝိုင်းကြီးတစ်ခုသို့ ရောက်သွားတော့၏။
ကျွန်ုပ်တို့ ရောက်သွားချိန်၌ မှောင်စပျိုးနေပြီ ဖြစ်သဖြင့် တဲအတွင်းသို့ အုန်းပင်တံဆိပ် အောက်လင်းမီးကို ထွန်းထားပြီ ဖြစ်သည်။ ကျွန်ုပ်သည် ကြောက်စိတ် လွမ်းမိုးနေပြီ ဖြစ်ရာ ဓနိခက်များအား လေတိုး၍ မြည်သည့်အသံကိုပင် သရဲတစ်ထောင်ခန့် ၀ိုင်း၍ အော်ဟစ်နေသည့်အလား နား၌ ခံစားရတော့၏။ တအတွင်းသို့ရောက်လျှင် ကျွန်ုပ်တို့အား ကုလားထိုင်၌ ထိုင်စေပြီးလျှင် ကုလားထိုင်နှင့်ပူး၍ တုပ်နှောင် ထားပြန်၏။ လက်နှစ်ဖက်ကိုမူ လွှတ်ပေးထားရန် မီးခဲမောင်မောင်က မှာကြားသဖြင့် သူ၏ လူများက လအတ်ပေးထား၏။
တစ်အောင်မျှ အကြာတွင် အရက်အကောင်းစားများနှင့် စားဖွယ်သောက်ဖွယ်များ ရောက်ရှိလာ၏။ သူ၏ လူလေးဦးသည် ရှောင်ပေးသည့် သဘောနှင့် တဲအပြင်ဘက်သို့ ထွက်သွားကြ၏။ စားပွဲခုံ၌မူ မီးခဲမောင်မောင် ၊ ကျွန်ုပ်နှင့် မောင်ဝိုင်းမောင်တို့ သုံးဦးသာလျှင် ကျန်ရစ်ခဲ့ကြ၏။
ကိုရွှေသိန်းကျော် အားရပါးရ စားပါ။ သောက်လည်း သောက်ပါဦး၊ အခုလို ပြုစု ဧည့်ခံရတာကတော့ ကျောင်းနေဘက် သူငယ်ချင်း တစ်ယောက်အနေနဲ့ ကွဲသွားကြတာလည်း ကြပြီ ဖြစ်လို့ ပြန်တွေ့ကြတဲ့ အခါ အရင်ကလိုပဲ ခင်ခင်မင်မင် ပြုစုတာပါ.... ကျွန်ုပ်သည် အမှန်တကယ်အားဖြင့် စားချင် သောက်ချင်စိတ် တစ်စက်မျှ မရှိပါ။ ဤနေရာ၌ သူက ကျောင်းနေဘက် သူငယ်ချင်းအဖြစ် ကျွေးမွေး ပြုစုသည်များကို မစားပါက သူသည် မကျေမနပ် ဖြစ်ပေလိမ့်မည်။ ကျောင်းနေဘက်သူ ငယ်ချင်းဟူသော သံယောဇဉ်လေးပင် သူ၏ အသည်းနှလုံး၌ လုံးဝ ပျောက်ကွယ်သွားမည် ဖြစ်၏။
ထိုသို့ ပျော်ကွယ်သွားလျှင် ကျွန်ုပ်အပေါ်၌ ပို၍ ရက်စက်တော့မည့် အရေးကို တွေးမိသည့်အလျောက် သူငှဲ့ပေးသော အရက်ကို ယူ၍ သောက်လိုက်၏။ ပြီးလျှင် ငရုပ်ဆီများ ဆမ်းထားသော မုံရွာ ၀က်အူချောင်းကြော် ထွားကြီးတစ်ခုအား ခက်ရင်းဖြင့် ထိုးကော်၍ မြည်းလိုက်၏။ အရက်မှာ အကောင်းစား ပျားအုံတံဆိပ် ဘရန်ဒီဖြစ်၍ နွေးပြီး ကျွန်ုပ်၏ မျက်နှာသို့ တရှိန်ရှိန် တက်လာသည်ဖြစ်ရာ စောစောက ကြောက်စိတ်များပင် လွင့်စင်သွားတော့၏။ မောင်ဝိုင်းမောင်အားလည်း မီးခဲမောင်မောင်က စားသောက်ရန် တိုက်တွန်းသည်ဖြစ်ရာ နဂိုကပင် အရက်ကြိုက်တတ်သောသူ ဖြစ်သည့် အလျှောက်များစွာ ကျေနပ်နေပုံရတော့၏။ ကျွန်ုပ်တို့သည် အရက်များနှင့် ၀က်အူချောင်းများကို အတော်ကလေး စားသောက်ကြပြီးနောက် ကျွန်ုပ်နှင့် မောင်ဝိုင်းမောင်သည် ထမင်းစားလိုက်တော့၏။ မီးခဲမောင်မောင်မှာမူ အရက်ကို ဆက်၍ သောက်နေသေး၏။
အားရပါးရ စားပါ၊ ကိုရွှေသိန်းကျော်ကို ကျွေးမွေးတာက သူငယ်ချင်းအဖြစ် စေတနာသန့်သန့်နဲ့ ပြုလုပ်တာပါ။ ခင်ဗျားရဲ့ ယုတ်မာမှု့ ၊ ကောက်ကျစ်စဉ်းလဲမှု့ ၊ လိမ်ညာမှုတွေ အတွက်က သတ်သတ် နှိပ်စက်မှာပါ။ မပူပါနဲ့၊ မီးခဲဟာ ဘယ်လိုလူစား ဖြစ်တတ်တယ်ဆိုတာ ခင်ဗျား နားလည်ပါတယ်။ ကျွန်တော်ဟာ လူကောင်းတစ်ယောက်ပါ။ ဒါပေမယ့် တစ်ဘက်စိးနင်း လုပ်တတ်တဲ့ လူအဖို့တော့ ကျုပ်ဟာ သေမင်းပဲ။ မီးခဲမောင်မောင်သည် အထက်ပါစကားကို ဒေါသမပါဘဲ ခပ်အေးအေးပင် ပြောနေခြင်းဖြစ်၏။ ကျွန်ုပ်မှာမူ နဂိုကပင် စားချင်စိတ် မရှိသည့်အထဲ သူစကားကြောင့် အနည်းငယ် တုန်လှုပ်မိလာပြန်ရာ ဆက်လက် စားသောက်ခြင်း မပြုဘဲ ရပ်လိုက်တော့၏။.......
တတိယပိုင်းမျှော်...
ဆက်လက်ဖော်ပြပေးပါဦးမည်။
အားလုံးကိုခင်မင်လေးစားလျှက်
ဆရာဟိန်းတင့်ဇော်(ထိုင်းနိုင်ငံ၊မဟာချိုင်မြို့)
တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019
0 comments:
Post a Comment