ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သော
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ၎င်းတို့၏ မိုဘိုင်းအင်တာနက် ဝန်ဆောင်မှုကို
အဆင့်မြင့်တင်နိုင်ရန်အတွက် ပိုမိုကောင်းမွန်သော H+ အင်တာနက်စနစ်ကို
စမ်းသပ် အသုံးပြုနေသည်ဟု သတင်းအချက်အလက်နှင့် နည်းပညာဌာန အင်ဂျင်နီယာချုပ်
ဦးမျိုးဆွေက ပြောသည်။
မိုဘိုင်းအင်တာနက်စနစ် အဆင့်မြှင့်တင်မှုကို နိုဝင်ဘာ ၇ရက်မှ ယနေ့အထိ
စမ်းသပ်အသုံးပြုနေပြီး နည်းပညာပိုင်း စမ်းသပ်မှု အောင်မြင်သည်ဟု ၎င်းက ဆိုသည်။
ထို့သို့ နည်းပညာပိုင်း အဆင့်မြှင့်တင်ရာတွင် ၎င်းတို့၏ ပူးပေါင်းသည့်
ဂျပန်ကုမ္ပဏီ KDDI မှ မိုဘိုင်း အင်ဂျင်နီယာများ၊ တင်ဒါခေါ်ယူသည့်
နည်းပညာကုမ္ပဏီများမှ အင်ဂျင်နီယာများနှင့် ပူးပေါင်းလုပ်ကိုင်နေသည်ဟုလည်း
၎င်းက ဆိုသည်။
ဦးမျိုးဆွေက “မိုဘိုင်းအင်တာနက် စနစ်ကို အဆင့်မြှင့်ဖို့ ဆော့ဖ်ဝဲတွေ
တပ်ဆင်ပြီး စမ်းသပ်နေပြီ။ စမ်းသပ် အသုံးပြုတာလည်း အောင်မြင်တယ်။ ဒါပေမယ့်
စမ်းသပ်နေတာမို့လို့ H+ အင်တာနက်စနစ်ကို အပြည့်အဝသုံးလို့ မရသေးဘူး” ဟု
ပြောသည်။
MPT အနေဖြင့် ၎င်းတို့၏ မိုဘိုင်းအင်တာနက်ကို မိနစ်အလိုက် ကောက်ခံနေရာမှ
Data Base (ဒေတာ အသုံးပြုမှုအလိုက် ) ကောက်ခံသည့်စနစ်ဖြင့်ပါ ကောက်ခံရန်
စီစဉ်နေပြီး အင်တာနက်စနစ်ကိုလည်း အဆင့်မြှင့်တင်ခြင်းဖြစ်သည်။
“H+ အင်တာနက်အဆင့်ကို တိုးမြှင့် ဝန်ဆောင်မှုပေးဖို့တော့ရှိတယ်။
ဘယ်တော့လောက် ဝန်ဆောင်မှု ပေးမယ်ဆိုတာ အတိအကျပြောလို့ မရသေးဘူး။
ဝန်ဆောင်မှုပေးခါနီးကျရင် ထုတ်ပြန်ကြေငြာပေးပါ့မယ် ” ဟုလည်း ဦးမျိုးဆွေက
ပြောသည်။
ပြည်တွင်း ဆက်သွယ်ရေး လိုင်စင်ရ အော်ပရေတာ တယ်လီနောနှင့် အူရီးဒူးတို့၏
အင်တာနက် ဝန်ဆောင်မှုကို 3G အဆင့်ဖြင့် စတင်ဝန်ဆောင်မှုပေးနေပြီး Data Base
စနစ်ဖြင့် ကောက်ခံနေသည့်အတွက် MPT အနေဖြင့်လည်း ယင်းသို့
ပြောင်းလဲဝန်ဆောင်မှုပေးရန် မိုဘိုင်းဖုန်းခေါ်ဆိုမှုနှင့် အင်တာနက်
စနစ်များကိုအဆင့်မြှင့်တင်နေခြင်းဖြစ်သည်။
မိုဘိုင်းအင်ဂျင်နီယာမှုး ဦးအောင်ကျော်သက်က “မိုဘိုင်းအင်တာနက်မှာလည်း
အရင် 2G စနစ်ကနေ 3G ကိုအဆင့်မြင့်တင်တဲ့သဘောပါ။ 3G အင်တာနက်စနစ်မှာ Data
Switchတွေ အများအပြား အသုံးပြုလာနိုင်ပါမယ် ” ဟု ပြောသည်။
MPT မိုဘိုင်းအင်တာနက်၏ မိနစ်အလိုက်ကောက်ခံမှုတွင် GSM ဖုန်းတွင်
တစ်မိနစ် ၂ ကျပ်၊ WCDMA နှင့် CDMA ဖုန်းများတွင် တစ်မိနစ် ၎
ကျပ်နှုန်းကောက်ခံနေသည်။
MPT ၏ မိုဘိုင်းအင်တာနက်အသုံးပြုသူ ကိုရှိန်းကိုလွင်က “MPT က
မိုဘိုင်းအင်တာနက် အသုံးပြုမှု ဘီလ်ကောက်ခံတဲ့ စနစ်ပြောင်းမယ်ဆိုရင်
ဒေတာအလိုက်ရော၊ မိနစ်လိုက်ပါ ကိုယ်စိတ်ကြိုက် ရွေးချယ်အသုံးပြုနိုင်တဲ့
ပုံစံမျိုးနဲ့ ဖြစ်စေချင်ပါတယ်။ အင်တာနက် အသုံးပြုခကိုလည်း လူတိုင်း
တက်နိုင်တဲ့ ဈေးနှုန်းမျိုးဆို အဆင်ပြေမှာပါ” ဟု ပြောသည်။
မြန်မာနိုင်ငံရှိ အင်တာနက်အသုံးပြုမှုများတွင် မိုဘိုင်းဖုန်းဖြင့်
အင်တာနက်အသုံးပြုမှုမှာ ၉၆ ရာခိုင်နှုန်းအထိ ရှိပြီး ဖိုက်ဘာ၊ ADSL ၊ FTTH၊
ဂြိုလ်တုအင်တာနက် စနစ်ဖြင့်အသုံးပြုသူမှာ လေးရာခိုင်နှုန်းခန့်သာ ရှိသည်။
Written by
စ, ချိုကို
0 comments:
Post a Comment