သီဟလွင်- ပြည်( မြစ်မခ)
ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊ သာယာဝတီခရိုင် နတ္တလင်းမြို့တွင် လယ်မြေဧက(၄၅၀) ပြန်လည်ရရှိရေး ဆန္ဒဖော်ထုတ်ခဲ့သော လယ်သမားများမှ ဦးဆောင်သူနှစ်ဦးအား နိုဝင်ဘာလ(၁၈)ရက်နေ့က နတ္တလင်းမြို့မ ရဲစခန်းတွင် ပုဒ်မ(၁၉)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း အရေးယူခံရသူများထံမှ သိရသည်။
ဦးဆောင်သူနှစ်ဦးအား ခွင့်ပြုထားသော လမ်းကြောင်းအတိုင်း မသွားခြင်း၊ခွင့်ပြုမထားသည့် စာသားများ ကိုင်ဆောင် ကြွေးကြော်ခြင်းများကြောင့် နတ္တလင်းမြို့မရဲစခန်းမှူး ဒုရဲမှူး လှသန်းမောင် တရားလိုပြု၍ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ(၁၉)အရ အမှုဖွင့်ခဲ့သဖြင့် ကိုယ်ပိုင်ခံဝန်ပြုလုပ်ခဲ့ရကြောင်း အရေးယူခံရသူနှစ်ဦးက ပြောသည်။
“ကျွန်တော်တို့လုပ်တာ မှန်တယ်လို့ယူဆတယ်။ ကြွေးကြော်ခဲ့တဲ့ စာသားတွေကလည်း အမှန်တွေချည်းပဲ။ သူတို့ကတော့ ခွင့်ပြုထားတဲ့အတိုင်းမလုပ်လို့ဆိုပြီး ကျနော်တို့ကို ပုဒ်မ(၁၉)နဲ့အမှုဖွင့်တယ်” ဟု အရေးယူခံရသူ ဦးချစ်ကိုက ပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ နတ္တလင်းရဲစခန်းသို့ဆက်သွယ် မေးမြန်းခဲ့သော်လည်း တာဝန်ယူဖြေကြားပေးမည့်သူမရှိသည့်အတွက် ၎င်းတို့အနေဖြင့် ဖြေကြားခွင့်မရှိကြောင်း နတ္တလင်းရဲစခန်းတာဝန်ကျ ရဲတပ်ကြပ်ကြီး တစ်ဦးကပြောသည်။
“လယ်သမားတွေကို သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်းပဲ သွားခိုင်းတာပါ။သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်းမသွားတဲ့အတွက် ကျွန်တော်တို့ အရေးယူမှုတွေပြုလုပ်သွားမှာပါ” ဟု ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ခဲ့သည့် နိုဝင်ဘာလ(၁၇)ရက်နေ့က နတ္တလင်းမြို့မ ရဲစခန်းမှုးဒုရဲမှူးလှသန်းမောင်က ပြောသည်။
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ရန် နိုဝင်ဘာ(၁၀)ရက်နေ့က နတ္တလင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ တရားဝင် စာတင်ခဲ့ပြီး ဆန္ဒမဖော်ထုတ်မီတစ်ရက်အလိုတွင် ခွင့်ပြုချက်ပေးခဲ့သော်လည်း ဆန္ဒဖော်ထုတ်သူများမှာ သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်းမသွားခြင်းနှင့် ခွင့်မပြုသော ကြွေးကြော်သံများ ပါဝင်သည့်အတွက် နတ္တလင်းမြို့နယ်ရဲတပ်ဖွဲ့က ငါးကြိမ်တိုင်တိုင် တားမြစ်ခဲ့သော်လည်း ဆန္ဒထုတ်ဖေါ်မှုကို ဆက်လက်လုပ်ဆောင် ခဲ့ကြခြင်းဖြစ်သည်။
လယ်သမားများသည် ၄င်းတို့စာတင်ခဲ့သည့် လမ်းကြောင်းအတိုင်း သက်ဆိုင်ရာက ခွင့်ပြုမပေးသဖြင့် ၄င်းတို့ တင်ပြထားသည့် လမ်းကြောင်းအတိုင်း ဆန္ဒထုတ်ဖေါ်ကြခြင်းဖြစ်သည်ဟု ဆန္ဒထုတ်ဖော်သူများက ဆိုသည်။
ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ သာယာဝတီခရိုင် နတ္တလင်းမြို့နယ်၊ဖလံပင်အုပ်စုဒမငယ် သစ်ချိုကွင်း အတွင်းရှိ လယ်မြေဧကများအနက် ၁၉၉၅ခုနှစ်တွင် သာယာဝတီခရိုင်အုပ်ချုပ်ရေးမှူး ဓါးမဦးချ တောင်သူ များအားဧကတစ်ထောင် သတ်မှတ်ချထားပေးခဲ့သော်လည်း ဧက ၅၅၀ သာရရှိခဲ့ပြီးဧက၄၅၀မှာခမရ(၄) နှင့် ဌာနဆိုင်ရာ သိမ်းယူခဲ့ကြောင်းဆန္ဒဖော်ထုတ်သူလယ်သမားတို့က ဆိုသည်။
ဓာတ်ပုံ - သီဟလွင် (မြစ်မခ)
Shwe Myitmakha Media Group

0 comments:
Post a Comment