မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လက်အောက် ရဲစခန်းများတွင် လုပ်ပိုင်ခွင့်အာဏာ အလွဲသုံးစားမှု၊ လာဘ်ပေးလာဘ်ယူမှုအပြင် တစ်ဦးချင်းစီ တပ်ဖွဲ့အရည်အသွေးကို ထိခိုက်စေသော ရဲလုပ်ငန်းပေါ့လျော့မှုများသည် ယနေ့တိုင်ဖြစ်နေဆဲဖြစ်ကြောင်း အောက်တိုဘာ ၁ ရက်တွင်ပြုလုပ်သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှစ် ၅ဝ ပြည့် ရွှေရတုအထိမ်းအမှတ်နေ့ အခမ်းအနားတွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက ပြောကြားသည်။
“မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အားနည်းချက်များကို အရှိပကတိအတိုင်း ရှုမြင်ဖော်ထုတ် ထောက်ပြလိုတယ်။ အထက်အဆင့်ဆင့်က အမိန့်ညွှန်ကြားချက်များ စစ်ဆေးကြပ်မတ် နေမှုများပြုနေတဲ့ကြားက လက်အောက် ရဲစခန်းများမှာ ကျင့်ဝတ်များနှင့်အညီ ပြုမှုကျင့်ကြံကြရန် လိုအပ်မှု လုပ်ပိုင်ခွင့် အာဏာအလွဲသုံးစားမှု၊ လာဘ်ပေးလာဘ်ယူမှုအပြင် တစ်ဦးချင်းနဲ့ တပ်ဖွဲ့အရည်အသွေးကို ထိခိုက်စေတဲ့ ရဲလုပ်ငန်း ပေါ့လျော့မှုများဟာလည်း ယနေ့တိုင် ဖြစ်နေဆဲပဲဖြစ်တယ်။ ဒီအတွက် ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဥပဒေလုပ်ထုံးနဲ့အညီ မဆောင်ရွက်မှု အာဏာအလွဲသုံးစားမှုများကို လူထုရဲ့ တိုင်ကြားချက် လက်ခံခြင်း ဖုန်းထားရှိခြင်း အင်တာနက်များ ဖေ့စ်ဘွတ်ခ်များမှ တင်ပြချက်များရယူပြီး စုံစမ်းဖော်ထုတ် အရေးယူခြင်းများကို ဆောင်ရွက်လျက်ရှိပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ပြောကြားသည်။
ဆက်လက်၍ “မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ပြည်တွင်းပြည်ပမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေများကို မျက်ခြည်မပြတ် လေ့လာသုံးသပ်ကာ နောက်ဖြစ်ပေါ်လာမယ့် အခြေအနေများကို မျှော်တွေးပြီး လုံခြုံရေး မကျိုးပေါက်အောင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ကြရမှာ ဖြစ်တယ်။ ဥပမာ ၂ဝ၁၅ ခုနှစ်တွင် ရွေးကောက်ပွဲကာလအစမှ အဆုံးတိုင် တည်ငြိမ်အေးချမ်း ချောမွေ့စွာ အောင်မြင်ပြီးစီးရေးကို စိန်ခေါ်မှုအဖြစ်မျှော်မှန်းပြီး အသင့်ဖြစ်အောင်နဲ့ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားဖို့လိုတယ်၊ ထို့အတူ လတ်တလောကာလမှာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းကို ခြိမ်းခြောက်နေတဲ့ အကြမ်းဖက်မှုအန္တရာယ်နဲ့ ပတ်သက်ပြီး မိမိနိုင်ငံ လူမျိုးနဲ့ ပြည်သူလူထုအပေါ် ဘယ်လိုဘေးအန္တရာယ်မှ မကျရောက်စေဖို့နဲ့ ရပ်ရွာအေးချမ်းသာယာရေးအတွက် ပြည်တွင်းလုံခြုံမှုကို အပြည့်အဝ ဆောင်ရွက်ပေးနိုင်ဖို့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ အဘက်ဘက်က ကြိုတင်မျှော်တွေး ပြင်ဆင်ထားကြဖို့ လိုပါတယ်” ဟု ဝန်ကြီးက ပြောကြားသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို နိုင်ငံတကာ အဆင့်မီ ဖွဲ့စည်းပုံအတိုင်း ပြောင်းလဲရေးကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဖွဲ့စည်းပုံအသစ်အရ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် နိုင်ငံဖြတ်ကျော် မှုခင်းဌာနကြီး၊ ရဲလေ့ကျင့်ရေးဌာနကြီး၊ နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တာဆီးနှိမ်နင်းရေးတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့၊ လေကြောင်းရဲတပ်ဖွဲ့၊ ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အမြန်လမ်းမကြီးရဲတပ်ဖွဲ့၊ ရေနံမြေလုံခြုံရေးရဲတပ်ဖွဲ့၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ စသည့် တပ်ဖွဲ့အသစ်များ တိုးချဲ့ဖွဲ့စည်းထားကြောင်း သိရသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ အနေဖြင့် အဂတိရားကင်းရှင်းရုံမျှမက တိုင်ကြားလာသမျှ အမှုများကို ဥပဒေနှင့်အညီ ဖြောင့်မတ်စွာ လက်ခံရေးဖွင့် ဖော်ထုတ်ပေးရခြင်း၊ လူမှုအဖွဲ့အစည်းကို ဥပဒေနှင့်အညီ လုံခြုံမှု အကာအကွယ်ပေးခြင်း၊ ပြည်သူကို နှိပ်စက်ခြင်း၊ တရားခံ ညှဉ်းပန်းခြင်းများ မဖြစ်အောင် ထိန်းချုပ်ကြပ်မတ် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ELEVEL
Written by: နေရိုင်း
0 comments:
Post a Comment