Wednesday, September 17, 2014

အလုပ်အကိုင်အခွင့်အလမ်းပြဿနာနှင့် လူ့စွမ်းအားအရင်းအမြစ်၊အနာဂတ်ပညာရေး(ပြည်သတင်း/ဆောင်းပါး)

Leave a Comment

အလုပ်အကိုင်အခွင့်အလမ်းပြဿနာနှင့်
လူ့စွမ်းအားအရင်းအမြစ်၊အနာဂတ်ပညာရေး(ပြည်သတင်း/ဆောင်းပါး)
*********************************************

မင်းယွန်း(ခေတ္တရာ)
ယခုတစ်လော ကျွန်တော်နေထိုင်သော အောက်ခြေလူတန်းစား ဆင်းရဲသားရပ်ကွက် ကလေးမှာ အကျယ်လောင်ဆုံးကြားနေရတဲ့ အသံလေးတွေကတော့ “အစ်ကိုရေ.အစ်ကို့ အလုပ်မှာလူလိုရင် ခေါ်ပါဦး”တဲ့။ဒီအသံလေးတွေကတော့ ဆင်းရဲသားရပ်ကွက်ရဲ့ ဟိုမှသည်မှ ကြားနေရသော အသံးလေးဖြစ်ပါသည်။ကျွန်တော်က အောက်ခြေလူတန်းစားတွေနေတဲ့ ရပ်ကွက်လေးမှာနေတဲ့လူဆိုတော့ အောက်ခြေလူတန်းစားဆင်းရဲသားတွေဆီကနေ ကြားရတဲ့ အသံတွေနဲ့ အောက်ခြေလူတန်းစားတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ ဘ၀ပြဿနာတွေကို နေ့စဉ်နဲ့ အမျှ မမြင်ချင်လည်းမြင်နေရ၊မကြားချင်လည်းကြားနေရ ဖြစ်နေပါသည်။
ကျွန်တော်ကြားနေ ရတဲ့ နောက်ထပ်အသံတွေကိုလည်း တဆက်တည်း တင်ပြချင် ပါသေးသည်။ အဲဒါကတော့ “အခုခေတ်ကြီး ပြောင်းလာကာမှ အလုပ်အကိုင်တွေကလည်း လုပ်ရကိုင်ရတာ ပိုပြီးအဆင် မပြေဖြစ်လာတယ်။”ဆိုတဲ့ လူလတ်တန်းစားဆိုတဲ့ အသေးစား စက်ရုံ အလုပ်ရုံပိုင်ရှင်တွေ ဆီကနေထွက်ပေါ်လာတဲ့ အသံ။“ဈေးတွေရောင်းရတာ တနေ့တခြား ပိုဆိုးလာနေတယ်။” ဟု ငြီးညူတဲ့ ကုန်စုံဆိုင်ရှင်မတွေ ဈေးသည်မတွေဆီက ကြားနေရတဲ့အသံတွေ။“ပြောင်းလဲနေပြီ၊ပြောင်းလဲနေပြီ ဆိုပြီး ဒို့ဘ၀က ဖွတ်ကျောပြာစု ဘ၀ကနေ ပြောင်းလဲဖို့နေနေသာသာ ပိုတောင်ဆိုးလာနေသေး။”လို့ ဆောက်လုပ်ရေးအလုပ် ကြမ်းသမားတွေနဲ့ ကျပန်းလုပ်သားတွေဆီက ထွက်ပေါ်လာတဲ့အသံတွေဟာ ဆူညံနေပါတော့ သည်။
တကယ်တော့.အသေးစားလုပ်ငန်းပိုင်ရှင်တွေ၊လူလတ်တန်းစားတွေ၊ဈေးသည်တွေနဲ့ အောက်ခြေလူတန်းစားတွေဟာ အချင်းချင်း အပြန်ပြန်အလှန်လှန် မှီခိုနေကြသူတွေပါ။ လူလတ်တန်းစားကုန်သည်၊အလုပ်ရုံ၊စက်ရုံပိုင်ရှင်များ အဆင်ပြေလျှင် ၄င်းတို့ကိုမှီခို နေကြသည့်အောက်ခြေကာယလုပ်သားလေးများအဆင်ပြေမည်။သူတို့အဆင်ပြေမှ ဈေးသည် များလည်း အရောင်းအ၀ယ်ကောင်းပြီး အဆင်ပြေမည်။ဈေးသည်များအဆင်ပြေမှ ကုန်စည်လည်ပတ်မှုအဆင်ပြေမည်။စသည်ဖြင့် အောက်ခြေလူတန်းစားဖြစ်သည့် ဆင်းရဲသား ကာယလုပ်သားများ၏စားဝတ်နေရေး အဆင်ပြေချောမွေ့ပါမှ ၄င်းတို့ကို မှီခိုအားထားနေကြ သည့် ကျောင်းနေအရွယ်လူမမယ်လေးများ အပူအပင်ကင်းကင်းနှင့်ကျောင်းတက်နှိုင်ပြီး တိုင်းပြည်၏လိုအပ်နေသည့် လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် ပညာတတ်လူငယ်လေးများ ပေါ်ထွန်းလာနှိုင်မှာဖြစ်သည်။
တိုင်းပြည်တွင် ဆင်းရဲမွဲတေမှုပပျောက်ရေး ဆိုပြီး မည်သို့ပင်ဟစ်နေပါစေ အောက်ခြေ လူတန်းစားများ၏ အလုပ်အကိုင်အခွင့်အလမ်း နည်းနေပါက ဆင်းရဲမွဲတေမှု မပပျောက်နှိုင်သည့်အပြင် ၄င်းတို့ကိုမှီခိုအားထားနေရသည့် အနာဂတ်လူငယ်များ၏ ပညာရေး သည်လည်း လမ်းဆုံးတိုင် ရောက်နှိုင်ရန်မလွယ်ကူလှဟု မြင်မိပါသည်။
၂၀၁၃-ခုနှစ်၊အောက်တိုဘာလ(၇)ရက်နေ့ နံနက်ပိုင်းမှာကျင်းပခဲ့တဲ့ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဋ္ဌာန(MCC)မှာ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်က ပညာရေးကို လက်တွေ့ကျကျ ပြုပြင်ပြောင်းလဲဖို့အတွက် ပညာရှင်တွေရဲ့အကြံဥာဏ်တွေကိုစုစည်းပြီး မြန်မာ့ပညာရေး မြှင့်တင်ရေးအဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်း နဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ အဲဒီနိုင်ငံရဲ့ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် လုံးဝတည်မှီနေကြောင်း၊ပညာရေးဟာ နိုင်ငံနဲ့လူမျိုးရဲ့ အသက်ဝိဥာဉ်၊ဖွံ့ဖြိုးမှုရဲ့ အခြေခံအုတ်မြစ်
လူ့အဖွဲ့အစည်းတည်ငြိမ်အေးချမ်းမှုရဲ့ဗဟိုအဖြစ် မိမိတို့အစိုးရအဖွဲ့က ခံယူထားကြောင်းကို အဲဒီဆွေးနွေးပွဲမှာ သမ္မတကြီးဦးသိန်းစိန်ရဲ့ အဖွင့်မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောဆိုသွားတဲ့အကြောင်းကို သတင်းစဉ်တစ်ခုမှာ ဖတ်လိုက်ရပါတယ်။
ဒါဟာ သမ္မတကြီးရဲ့ ရေရှည်အမျှော်အမြင်ရှိပြီး တိုင်းပြည်အတွက် တကယ့်ကိုလိုအပ်တဲ့ အရာ၊သိပ်ကိုကောင်းမွန်တဲ့အရာဆိုတာကို ကျွန်တော်တို့အနေနဲ့ လုံးဝယုံမှားသံသယ ရှိစရာမလိုပါ။မြန်မာ့ ပညာရေးစံနစ်ကြီး ချို့ယွင်းချိနဲ့နေမှုကြောင့် အရာရာမှာ နိမ့်ကျနေပြီး ကမ္ဘာ့အလယ်မှာ မျက်နှာငယ်ခဲ့ရတဲ့ အဖြစ်မျိုးနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာ နှစ်ပေါင်းအတော် ကြာနေပါပြီ။မြန်မြန်လိုက်နိုင်တာတောင် ကမ္ဘာနဲ့ရင်ဘောင်တန်းနှိုင်ဖို့ နှစ်အတော်ကြာ အချိန်ယူရဦးမှာပါ။အဲဒီအထဲမှာ အောက်ခြေလူတန်းစား မျိုးဆက်သစ်လူငယ်လေးတွေလည်း တစ်တပ်တစ်အား အနည်းနဲ့အများဆိုသလို ပါဝင်ခွင့်ရနိုင်မယ့် အခွင့်အရေးမျိုး ဖန်တီးပေးစေ ချင်ပါတယ်။
“လူငယ်တွေ ပညာကို ကြိုးစားသင်ယူကြစမ်းပါ။ဒါမှ အနာဂတ်လူ့အဖွဲ့အစည်းအတွက် လူ့အရင်းအမြစ်တွေ ဖွံ့ဖြိုးပြီး တိုင်းပြည်ကြီးတိုးတက်ပြောင်းလဲလာမှာပါ။”လို့ တတ်သိနားလည်တဲ့ လူပညာရှိကြီးတွေက ဘယ်လောက်ပဲတိုက်တွန်းတိုက်တွန်း အခြေခံ လူ့အဖွဲ့အစည်းဖြစ်တဲ့ ဆင်းရဲသားကျောမွဲမိသားစုတွေမှာတော့ ဒီစကားကို လစ်လျှုရှုမြဲ မသိကျိုးကျွံပြုမြဲ ဖြစ်နေပါသည်။အဲဒါဟာ ဘာအတွက်ကြောင့်လည်းဆိုတာ သေသေချာချာ လေ့လာဆန်းစစ်ဖို့လိုနေပါပြီ။တကယ်တော့ ဆင်းရဲသားကျောမွဲမိသားစုများအဖို့ တိုင်းပြည်အနာဂတ်ဆိုသည်ထက် မိမိတို့လက်ရှိရင်ဆိုင်နေရသည့် နိစ္စဓူဝ ၀မ်းရေးပြဿနာက ပို၍အရေးကြီးနေသည်ကတစ်ကြောင်း၊လက်ရှိပညာတတ်လူငယ်များ၏ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးနေမှုတို့က ပညာရေးစံနစ်ပေါ်တွင် ယုံကြည်မှုအားနည်းနေသည်က တစ်ကြောင်းတို့ကြောင့် ဖြစ်နှိုင်လေသည်။
တကယ်ဖြစ်ပျက်နေသည့် ဥပမာတစ်ခုကို ပြောရရင် ကျွန်တော်၏ အိမ်ပါတ်ဝန်းကျင်တွင် လူငယ်လေး(၂)ယောက်ရှိသည်။တစ်ယောက်သောသူရဲ့ မိဘများက သင့်တင့်တဲ့ စီးပွားရေးလေး ရှိနေတော့ အဲဒီလူငယ်လေးက ကျောင်းဆက်တက်ခွင့်ရပြီး ကျန်တစ်ယောက် ကတော့ မိသားစုစီးပွားရေးအခြေအနေအရ (၇)တန်းအောင်တော့ ကျောင်းထွက်ပြီး ကားဘော်ဒီနှင့် စပါးချွေလှေ့စက်လုပ်ငန်းစက်ရုံလေးတစ်ခုမှာ ပညာသင်ခဲ့ပါတယ်။ ကျောင်းဆက်တက်တဲ့ကလေး တက္ကသိုလ်ဝင်တန်းစာမေးပွဲကို (၁)ဘာသာဂုဏ်ထူးနဲ့ အောင်တဲ့နှစ်မှာ ချွေလှေ့စက်လုပ်တဲ့လူငယ်လေးကတော့ တစ်နေ့ကိုဝင်ငွေ(၇၀၀၀)ကျပ် အထက်ရတဲ့ ကျွမ်းကျင်လုပ်သားအဆင့်ရောက်နေပါပြီ။အဲဒီအချိန်မှာ (၁၀)တန်းကို တစ်ဘာသာဂုဏ်ထူးနဲ့ အောင်မြင်သည့်လူငယ်လေးကတော့ ဘွဲ့ရပြီးလုပ်ငန်းခွင် တန်းဝင်နှိုင်တဲ့ အဆင့်မြင့်တက္ကသိုလ်လည်း ဆက်မတက်နှိုင် သူများလိုလည်း အလုပ်ကြမ်း ၀င်မလုပ်ချင်နှင့် ယောင်ချာချာဖြစ်နေရာကနေ မဖြစ်စလောက် လစာလေးနဲ့ စတိုးဆိုင်တစ်ခု မှာ အရောင်းစာရေးဝင်လုပ်နေရပါသည်။
အဲဒီအဖြစ်အပျက်ကလေးက ဆင်းရဲသားမိသားစုများ အများအပြားနေထိုင်ရာ ရပ်ကွက်လေးအတွက် ပမာပြစရာ သာဓကတစ်ခုလို ဖြစ်နေပါသည်။“အံမယ်လေးဟဲ့.. ပညာရေးက အရေးမကြီးပါဘူး။ဘွဲ့ရပြီးဆိုက်ကားနင်းစားနေရတဲ့လူတွေ တစ်ပုံကြီး” ဆိုတဲ့ စကားသံတွေက ကျွန်တော်တို့နေထိုင်ရာ ဆင်းရဲသားရပ်ကွက်ကလေးမှာ မကြားချင်မှ အဆုံး ဆိုသလိုဖြစ်နေပါသည်။
ဒါဟာ တကယ်တော့ ပညာတတ်လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်း ရှားပါမှုကနေစတဲ့ ပြဿနာပါ။လူငယ်တွေ ပညာတတ်မှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ပြီး တိုင်းပြည်ရဲ့ အနာဂတ် တိုးတက်ခိုင်မာမယ်ဆိုတာကို ကျွန်တော့်အနေနဲ့ ချို့ယွင်းချက်မရှိ ယုံကြည်ပြီးသားပါ။ဒါ့အပြင် ရပ်ကွက်ထဲမှာရှိတဲ့ လူငယ်လေးတွေရဲ့ အလုပ်လက်မဲ့ လေလွင့်နေတဲ့ ပုံရိပ်များ၊ပျက်စီးနေတဲ့စိတ်ဓါတ်၊ယိုယွင်းနေတဲ့ စာရိတ္တ၊ အဆင်အခြင်မဲ့ ရမ်းကားနေတဲ့ အပြုအမူတွေကို ကျောချင်းကပ် ရင်ချင်းအပ်နေတဲ့ ကျွန်တော့် အနေနဲ့ လက်တွေ့မျက်တွေ့ မြင်နေရတော့ ဒါဟာ ပညာဥာဏ်ချို့တဲ့မှုရဲ့ ရလဒ်ဆိုတာကိုလည်း သဘောပေါက်ထားပါသည်။အစောက ကျွန်တော်တင်ပြတဲ့အထဲမှာ ပါဝင်ပြီးသားဖြစ်တဲ့ သမ္မတရဲ့ အဖွင့်မိန့်ခွန်းထဲမှာပါသည့် ပညာရေးဟာ လူ့အဖွဲ့အစည်းတည်ငြိမ်အေးချမ်းမှုရဲ့ ဗဟိုအဖြစ် မိမိတို့ အစိုးရအဖွဲ့က ခံယူထားကြောင်းဆိုတဲ့ အချက်မှာပါသည်။ယခုကျွန်တော်တို့ ရပ်ကွက်ရှိ လူငယ်လေးများ၏ အဆင်အခြင်မဲ့ ရမ်းကားမှုသည်လည်း ပညာချို့တဲ့မှုကို ပြနေသည်။
အောက်ခြေလူတန်းစားများ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု၏ ရလဒ်က ကျောင်းနေအရွယ် ကလေးများ၏ ပညာရေးကို ထိခိုက်စေနှိုင်ကြောင်း ကိုယ်တွေ့ အဖြစ်အပျက်ကလေးနှင့် ယှဉ်၍ ပြောပြချင်ပါသေးသည်။ကျွန်တော်တို့ နေထိုင်ရာ ရပ်ကွက်ကလေးတွင် ပရဟိတလုပ်ငန်းအပေါ် စိတ်ဝင်စားသူ လူငယ်များ စုပေါင်း၍ ရပ်ကွက်လူငယ်ဗြဟ္မစိုရ်အသင်း ဆိုပြီး တည်ထောင်ကာ ရပ်ကွက်၏ ပရဟိတ လုပ်ငန်းလေး များကို လုပ်ကိုင်ဖြစ်ပါသည်။ကျွန်တော်တို့အသင်း၏ အဓိက လုပ်ငန်းစဉ်ကတော့ နာရေးဖြစ်သည့် အိမ်များတွင် ကန္နားဖျင်း၊စားပွဲ၊ထိုင်ခုံနှင့်လိုက်အုပ်ဇာမိုးလေး တွေကို ပစ္စည်းအား၊လူအားနဲ့ အခမဲ့ ကူညီပေးသည့် လုပ်ငန်းဖြစ်သည်။သို့ပေမယ့် အခြားသော ကိစ္စရပ်များတွင်လည်း တတ်နိုင်သ၍ ကူညီလုပ်ကိုင်ပေးပါသည်။ကျွန်တော်တို့အသင်းရဲ့ လူငယ်အများစုက ၂၀၁၂-၂၀၁၃ ပညာသင်နှစ် ကျောင်းအပ်ရာသီတွင် ရပ်ကွက်ထဲမှ အမှန်တကယ် ကျောင်းမနေနှိုင်သည့် ကလေးများကို တတ်နိုင်သလောက် ကူညီကြမယ်ဆိုပြီး တိုင်ပင်ဆုံးဖြတ်ခဲ့ကြပါသည်။
အဲဒီအချိန်မှာသွားတွေ့တာက စတုတ္ထတန်းအောင်ပြီး ပဉ္စမတန်းကို ဆက်လက်ပညာ မသင်ယူနိုင်ဘူးဟုကြားရသည့် ကလေးမိဘများထံသွားတွေ့ပြီး ကျွန်တော်တို့အဖွဲ့အနေနဲ့ ဒီကလေး ပညာသင်စရိတ်ကို အစစအရာရာတာဝန်ယူပါ့မယ်ပေါ့။အစစအရာရာ ဆိုသည်မှာ ကျောင်းဝတ်စုံ၊စာရေးကိရိယာပစ္စည်းစုံပေါ့ လို့ဆိုပြီး ကလေးမိဘတွေနဲ့ ပြောဆိုသဘောတူ ခဲ့ကြပါသည်။သို့ပေမယ့် တကယ်တမ်း ကျောင်းအပ်ကာနီးရက်ပိုင်းအလိုကျတော့ ကလေးရဲ့ အမေလုပ်တဲ့သူက ကျွန်တော်နှင့်လာတွေ့ပါသည်။သူ့သားကို ကျောင်းမထားနှိုင်တော့ပါဘူး တဲ့။ဟာဗျာ ဘယ်လိုဖြစ်တာလည်းလို့ မေးကြည့်တော့ အခုသူ့သား အလုပ်လုပ်နေတဲ့ လက်ဖက်ရည်ဆိုင်ကနေ ကြိုတင်လစာ(၃)လစာ ထုတ်ယူထားပြီးဖြစ်ကြောင်းနဲ့ သူတို့အနေဖြင့် ဒီကလေးအပေါ် မှီခိုအားထားနေရကြောင်းတွေ ပြောပြသွားပါသည်။ ကျွန်တော့်အနေနှင့် စိတ်မကောင်းဖြစ်ရုံမှလွဲပြီး ဘာမျှမတတ်နိုင်ခဲ့ပါ။
ထို့ကြောင့် ကျွန်တော့်အနေဖြင့် သူတို့လေးတွေ၏အနာဂတ် တိုင်းပြည်အတွက် လူ့အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုအနာဂတ် အတွက် စိုးရိမ်မကင်းဖြစ်မိပါသည်။သို့အတွက် ကြောင့် ကျွန်တော့်အနေနှင့် ဖြစ်စေချင်တာကို ချပြရလျှင် ဆင်းရဲသားအခြေခံလူတန်းစားများ အတွက် ပိုမိုကောင်းမွန်သည့် အလုပ်အကိုင်အခွင့်အလမ်းများ များများပေါ်ထွန်းလာစေချင်ပြီး ၄င်းတို့ကို မှီခိုအားထားနေရသော ကျောင်းနေအရွယ် လူငယ်လေးများ အပူအပင် ကင်းကင်း နှင့် ပညာရေးကိုယုံကြည်စိတ်ချစွာ စိတ်ပါလက်ပါ သင်ယူစေလိုပါသည်။ပြီးတော့ ပညာတတ် လူငယ်လေးများအတွက် ကောင်းမွန်သည့် အလုပ်အကိုင်အခွင့်အလမ်းများ များများပေါ်ထွန်း လာစေချင်ပါသည်။သို့မှသာ ဆင်းရဲသားအောက်ခြေလူတန်းစားများ၏ ပညာရေးအပေါ်ထားရှိ သော သူတို့၏အမြင်ပြောင်းလဲလာပေလိမ့်မည်။ပညာရေးအပေါ် အမှန်တကယ် ယုံကြည်အားထားလာပေလိမ့်မည်။ ပညာရေးအပေါ်တွင် အမှန်တကယ်ယုံကြည်အားထားပြီး စိတ်ပါလက်ပါ ပျော်ပျော်ရွှင်ရွှင် သင်ယူချင်သူများ ပေါများပါမှ တကယ့်ကို ခွဲခြမ်းစိတ်ဖြာနိုင်သော ပညာတတ်လူငယ်တွေ ပေါများပြီး တိုင်းပြည်အတွက် လိုအပ်တဲ့ လူ့စွမ်းအားအရင်းအမြစ်ကြီးကို တည်ထောင်နိုင်ပေလိမ့်မည်။
သို့မဟုတ်ပါပဲ အောက်ခြေလူတန်းစားများ၏ သားသမီးများ အပူအပင်ကင်းကင်းနှင့် ကျောင်းမတက်နှိုင်သ၍ ဘွဲ့ရပညာတတ်လူငယ်တစ်ဦး၏ လုပ်ခလစာမှာ အပြင်ပန်း ကာယလုပ်သားများဖြစ်သည့် ပန်းရံ၊ဆိုက်ကားသမားများ၏ ၀င်ငွေထက် နိမ့်ကျနေသမျှ ကာလပတ်လုံး ပညာရေးအပေါ် ယုံကြည်မှုအားနည်းပြီး ဆင်းရဲသားလူတန်းစားမှ ပညာတတ် လူငယ် ထွက်ပေါ်မှုနှုန်း နည်းနေဦးမည်မှာ ဧကန်ပင်ဖြစ်ပါတော့သည်။

မင်းယွန်း(ခေတ္တရာ)
တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)

0 comments:

Post a Comment

Facebook Like Page