၂ဝ၁၃ ခုနှစ် ယူအက်စ် အိုးပင်း တင်းနစ်ပြိုင်ပွဲကို သြဂုတ် ၂၆ရက်မှ စက်တင်ဘာ
၉ရက်အထိ ကျင်းပလျက် ရှိနေပြီ ဖြစ်သည်။ ယခု ပြိုင်ပွဲသည် (၁၃၃)
ကြိမ်မြောက် ပြိုင်ပွဲဖြစ်ပြီး ယခုနှစ်အတွက် စတုတ္ထမြောက် ဂရင်းဆလင်း
ပြိုင်ပွဲ ကြီး ဖြစ်သည်။ လက်ရှိ တစ်ဦးချင်း ချန်ပီယံ များမှာ
အမျိုးသားပြိုင်ပွဲတွင် ဗြိတိန်မှ အန်ဒီမာရေးနှင့် အမျိုးသမီး
ပြိုင်ပွဲတွင် အမေရိကန် ပြည်ထောင်စုမှ ဆရီနာ ဝီလျံတို့ ဖြစ်သည်။
အဆိုပါပြိုင်ပွဲကို နိုင်ငံတကာ တင်းနစ် အဖွဲ့ချုပ်မှ ကြီးမှူးကျင်းပပြီး ၂ဝ၁၃ခုနှစ် ကမ္ဘာပတ်လည် တင်းနစ်ပြိုင်ပွဲ၏ တစ်စိတ် တစ်ပိုင်းဖြစ်သည်။ အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်း ပြိုင်ပွဲများနှင့် နှစ်ယောက် တွဲ ပြိုင်ပွဲများ ပါဝင်ပြီး အမျိုးသား၊ အမျိုးသမီး နှစ်ယောက် တွဲပြိုင်ပွဲများလည်း ပါဝင်သည်။ ထို့ပြင် အသက် ၁၈နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပြိုင်ပွဲများ၊ မသန်စွမ်း လက်တွန်းလှည်း ကစားသမား များ၏ တင်းနစ် ပြိုင်ပွဲများလည်း ထည့်သွင်း ကျင်းပသည်။
အမေရိကန်အိုးပင်းတင်းနစ်ပြိုင်ပွဲကို မြေမာကွင်းတွင် ကျင်းပခြင်းဖြစ်သည်။ အဓိကတင်းနစ်ကွင်း သုံးခု အပါအဝင် တင်းနစ်ကွင်း ၁၇ ကွင်းတို့၌ ကျင်းပ ပြုလုပ်နေခြင်းဖြစ်သည်။ ယခုနှစ်ပြိုင်ပွဲ တွင် နိုင်ခြေ အဆင့် (၁) ဖြင့် အမျိုးသား တွင် နိုဗက်ဂျိုကိုဗစ်၊ အမျိုးသမီးတွင် ဆရီနာဝီလျံတို့ သတ်မှတ်ခြင်းခံထားရ သည်။ နိုင်ခြေ အဆင့် ၁ မှ ၅ အတွင်း ရှိသူများမှာ အမျိုးသားတွင် ဂျိုကိုဗစ်၊ နာဒယ်လ်၊ မာရေး၊ ဖာရား၊ ဘာဒစ်ခ်ျ တို့ဖြစ်ကြပြီး အမျိုးသမီးနိုင်ခြေအဆင့် ၁ မှ ၅ အတွင်း ရှိသူများမှာ ဆရီနာဝီလျံ၊ အေဇာရန်ကာ၊ ရက်ဝမ်းစကား၊ အာရာနီ တို့ ဖြစ်ကြသည်။
နာမည်ကြီး တင်းနစ်မယ်များ ဖြစ်သော ရှာရာပိုဗာနှင့် ဘာတိုလီတို့မှာ ပြိုင်ပွဲမှ နုတ်ထွက် သွားကြသည်။ ရှာရာ ပိုဗာမှာ ဒဏ်ရာ ရရှိနေခြင်းဖြစ်ပြီး ဘာတိုလီမှာ တင်းနစ် လောကမှ အနားယူ သွားခဲ့ခြင်း ဖြစ်သည်။ အမျိုးသား ပြိုင်ပွဲတွင်လည်း ဆွန်ကာ၊ ဆိုင်မွန်နှင့် ဆီလစ်တို့မှာ ဒဏ်ရာ ပြဿနာနှင့် ပွဲပယ် ပြဿနာ များကြောင့် ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရသည်။
သြဂုတ် ၂၆ရက်တွင် ကျင်းပသော ပြိုင်ပွဲများတွင် အမျိုးသား ပွဲစဉ်များ၌ နာမည်ကြီး တင်းနစ် သမားများ ဖြစ်သော ဗာဒက်စ်ကိုနှင့် ဂူးလ်ဘစ်တို့မှာ ပြိုင်ပွဲမှ နုတ်ထွက်သွားရပြီး သြဂုတ် ၂၇ရက် ပြိုင်ပွဲများ တွင်လည်း အမျိုးသမီး နာမည်ကြီး တင်းနစ်မယ်များ ဖြစ်သော စတိုဆာ၊ ဆီဘူကိုဗာ၊ ပက်ထရိုဗာတို့ ပြိုင်ပွဲမှ ရှုံးနိမ့် ထွက်ခွာခဲ့ရသည်။ သြဂုတ် ၂၉ ရက် ပြိုင်ပွဲများတွင်လည်း နိုင်ခြေ အဆင့်ရှိ တင်းနစ်မယ်ဖြစ်သော အာရာနီ ရှုံးနိမ့်၍ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။
အမေရိကန် အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ယခုနှစ်၌ ဆုကြေးငွေ ဒေါ်လာ ကိုးသန်း ထပ်မံတိုးမြှင့်ပြီး ဆုကြေးငွေ ဒေါ်လာ ၃၄ ဒသမ ၃ သန်းအထိ စံချိန်တင် ချီးမြှင့်မည်ဖြစ်သည်။ အမေရိကန် အိုးပင်း တင်းနစ် ပြိုင်ပွဲတွင် ချီးမြှင့်သည့် ဆုကြေး ငွေမှာ ဂရင်းဆလင်း ပြိုင်ပွဲကြီး အားလုံးတွင် အမြင့်ဆုံးဖြစ်သည်။ အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်း ဗိုလ်စွဲသူ များ အနေဖြင့် အမေရိကန် ဒေါ်လာ ၂ဒသမ ၆သန်း ရရှိမည်ဖြစ်ပြီး ဒုတိယ ရသူမှာ ဒေါ်လာ ၁ ဒသမ ၃ သန်းရရှိ မည်ဖြစ်သည်။ ထို့အပြင် အိမ်းမရိတ်လေကြောင်း လိုင်းမှ ထပ်ဆောင်းဆုကြေးငွေအဖြစ် ဗိုလ်စွဲသူများကို ဒေါ်လာ တစ်သန်း၊ ဒုတိယရ သူများကို ငါးသိန်းချီးမြှင့်မည် ဖြစ်သည်။ နှစ်ယောက်တွဲပြိုင်ပွဲ ဗိုလ်စွဲ သူများကို ဒေါ်လာ ၄၆ဝဝဝဝ နှင့် ကျား၊ မ နှစ်ယောက်တွဲ ဗိုလ်စွဲသူများကို ဒေါ်လာ ၁၅ဝဝဝဝ ချီးမြှင့်မည်ဖြစ်သည်။ လက်ရှိ အချိန်အထိ အမျိုး သားနိုင်ခြေ အဆင့် ၁ မှ ၁ဝအတွင်း ရှိသူများမှာ ပြိုင်ပွဲမှ ထွက်ခွာရခြင်း မရှိသေးဘဲ အမျိုးသမီး ပွဲစဉ်တွင် နိုင်ငံအဆင့် ၅ရှိ အီတလီမှာ ဆာရာ အာရာနီ တစ်ဦးတည်းသာ ပြိုင်ပွဲမှ ထွက်ခွာ ခဲ့ရသည်။

0 comments:
Post a Comment