Friday, August 16, 2013

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ တာဟရာ ရင်ပြင်တွင် ပိုစတာတွေကိုင်၍ ဆန္ဒပြ(ဘာသာပြန်ဆောင်းပါး)

Leave a Comment

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ တာဟရာ ရင်ပြင်တွင် ပိုစတာတွေကိုင်၍ ဆန္ဒပြ ကြရာ၌ အမေရိကန် သံအမတ်ကြီး မစ္စစ်ပက်တာဆင်၏ ရုပ်ပုံကို သွေးနီ ရောင်ကြက်ခြေခတ်၍ ကပ်ထားကြ
သည်ကို တွေ့မြင်ရသည်။ အမေရိကန် သံအမတ်ကြီးသည် ၂ဝ၁၁ ခုနှစ် ကတည်းက ကိုင်ရိုမြို့သို့ ရောက်ရှိလာ သူဖြစ်သည်။ ယခု အန္တရာယ်များလှသော နိုင်ငံရေး အုံကြွမှုတွင်  သူ့ကို ပစ်မှတ်ထားလာကြောင်း တွေ့ရသည်။ ဒေါသထွက်နေကြသော အီဂျစ် လူငယ်များက သူတို့တိုင်းပြည်တွင် အမေရိကန် ခြေရှုပ်နေသည်ဟု ယူဆ နေကြ၍ ယခုကဲ့သို့ အမေရိကန် သံအမတ်ကြီး ကို   ပစ်မှတ်ထားကာ ပိုစတာ တိုက်ပွဲလုပ်ခြင်း ဖြစ်သည်။
အီဂျစ်စစ်တပ်က သမ္မတ မော်စီအား ဗုဒ္ဓဟူးနေ့က ဖြုတ်ချပြီး ယခုကဲ့သို့ဖြစ် သွားအောင်  မစ္စစ် ပက်တာဆင်က လမ်းကြောင်းပေးလိုက်ခြင်းဟု မော်စီကို  ဆန့်ကျင်သူ အတိုက်အခံ များနှင့် ဒေါသ ထွက်နေကြသော အစ္စလာမ်မစ် ထောက်ခံသူများအကြား ထင်မြင်နေ ကြပြီး အမေရိကန်ကို မကျေနပ်ကြပေ။
မော်စီအား ဖြုတ်ချလိုက်သူတွေကို ပထမဆုံး အိုဘားမား၏ တုံ့ပြန်ချက်မှာ ဆူပူ အကြမ်းဖက်မှု၏ အန္တရာယ်များကို သတိပေးလိုက်ပြီး အီဂျစ်စစ်တပ် အနေဖြင့်  ဒီမိုကရေစီ အုပ်ချုပ်ရေးကို အမြန်ဆုံး ပြန်သွားရန် လုပ်ပေးရေးကို တောင်းဆိုလိုက်သည်။ အီဂျစ်သည် တစ်ချိန်က အရှေ့အလယ်ပိုင်း၏ မဟာ ဗျူဟာမြောက် မဟာမိတ် အလွန်တရာမှ အရေးပါသော နိုင်ငံဖြစ်ခဲ့သော်လည်း ယခုနောက်ပိုင်း ခေါင်းခဲစရာပြဿနာ တစ်ခုဖြစ်လာ ခဲ့သည်ဟု ဆို၏။
မစ္စစ်ပက်တာဆင်၏ ပြဿနာများ ဇွန် ၁၈ ရက်က သူ့အား ဖိတ်ကြားခြင်းက စခဲ့သည်။ မော်စီ၏ အစိုးရကို ဆန္ဒပြ သည့်နေ့ဖြစ်သည်။ ကိုင်ရိုတွင် ပရိသတ်ကို စကားပြောရန် ဖြစ်သည်။ အမေရိကန်နှင့် မွတ်စလင် ညီအစ်ကိုတော် အဖွဲ့ ဆက်ဆံရေး အကြောင်း ဟောပြော ရန်ရှိ၍ ဤကိစ္စအခွင့် အရေးကောင်း ဖြစ်၍ ကြိုဆိုရမည့် ကိစ္စဖြစ်သည်။
အမေရိကန် ပြည်ထောင်စု အနေဖြင့် အီဂျစ်နိုင်ငံ၏ ဒီမိုကရေစီ ဖွံ့ဖြိုး တိုးတက်ရေးကို  အကူအညီ ပေးခဲ့ရသည့် အလျောက် အာဏာ ရရှိထားသူများနှင့် ဆက်ဆံနေရဆဲ ဖြစ်သည်။  ဤကဲ့သို့ ရွေးချယ် တင်မြှောက်ထားသည့် အစိုးရ ဖြစ်သည့်အတွက် ယခုကဲ့သို့ဖြစ်လိမ့် မည်ဟု သံသယမဖြစ်ခဲ့ပေ။ သို့သော်လည်း ယခုသူရိပ် စားမိသွားသည်မှာ ရွေးကောက်ပွဲ မဲရလဒ်ထက် လမ်းပေါ် ဆန္ဒပြပွဲများသည် ပို၍ရလဒ်ကောင်း ဖြစ်နေပါလားဟူ၍ ဖြစ်သည်။
မစ္စစ်ပက်တာ ဆင်အနေဖြင့် အမေရိကန် ပြည်ထောင်စုကို မွတ်စလင်ညီ အစ်ကိုတော်များ အဖွဲ့နှင့် ဝေးဝေးနေရန် ပြောဆိုလျှင်တောင်မှ တာဟရာရင်ပြင်တွင် ဆန္ဒပြ လူအုပ်ကြီး၏ ရန်သူတစ် ဦးအနေဖြင့် မြင်ကြဦးမည်သာ ဖြစ်သည်။
အစိုးရကို ထောက်ခံကြသူရော ဆန့်ကျင်သူများကပါ အမေရိကန်ကိုအရင် မျိုးဆက် ဟောင်းများကဲ့သို့ အီဂျစ်အပေါ် သြဇာလွှမ်းမိုး၍ မရနိုင်ကြောင်း ထောက်ပြလိုက်ခြင်း ဖြစ်သည်။
ကိုင်ရိုတွင်ရှိသော အမေရိကန်သံရုံး မှသံအမတ်ကြီး မစ္စစ်ပက်တာဆင်၏ ပြောရေး ဆိုခွင့်ရသူက သဘောထား ပြောဆိုခြင်း မရှိသော်လည်း ဗုဒ္ဓဟူးနေ့ က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာနသံရုံးတွင် မရှိမဖြစ် သူများမှလွဲ၍ အားလုံးကို  ကယ်ထုတ် ထွက်ခွာရန် အမိန့်ထုတ်ပြန် ခဲ့သည်။
မစ္စစ်ပက်တာဆင်၏ အမှုထမ်းအသက် ၄ဝ အတွင်း ပြောက်ကျား တပ်များရှိနေ သည့် ကိုလံဘီယာ နိုင်ငံမှ ဒရုန်းမောင်း သူမဲ့လေယာဉ်များ တိုက်ခိုက်လျက်ရှိသည့် ပါကစ္စတန် နိုင်ငံတို့တွင် အားနည်းသော အရပ်သား အစိုးရများနှင့် ဆက်ဆံ လုပ်ကိုင်ရသော အတွေ့အကြုံများ ရရှိခဲ့ပြီး ထိုနိုင်ငံများတွင် စစ်တပ်က အာဏာသိမ်းရန် အတွက် အလွန်ကောင်းသော အခြေအနေများတွင်လည်း အတွေ့အကြုံ ရရှိခဲ့သူဖြစ်သည်။
အစ္စလာမ်မာဘတ်တွင် မစ္စစ်ပက်တာဆင်သည် ပါကစ္စတန် စစ်ဘက်ကလူတွေ ရော  ထောက်လှမ်းရေး အရာရှိများ အားလုံးနှင့်ပါ ဆက်ဆံ ပေါင်းသင်းမှုရှိခဲ့ သည်မှာ ပင်တဂွန် စစ်ဌာနချုပ်မှ လူများရော  စီအိုင်အေမှ  ထောက်လှမ်းရေး အေဂျင်စီများနှင့်ရော  ရင်းနှီးသူဖြစ် သကဲ့သို့ ပေါင်းသင်း ဆက်ဆံရေးဝင်ဆံ့ သူဖြစ်သည်။ သူသည် အကြမ်းဖက် သမားများဟု    သံသယရှိသူများကို ဒရုန်းလေယာဉ်များက တိုက်ခိုက်သော စီအိုင်အေ၏ လျှို့ဝှက် စစ်ဆင်ရေးများတွင် ပြင်းထန်စွာ ကန့်ကွက်သူ  မဖြစ်သကဲ့သို့ ပါကစ္စတန် တပ်များအား အကြမ်းဖက် တိုက်ခိုက်မှု စစ်ဆင်ရေးများတွင် သင်တန်းပို့ချ သင်ကြားပေးခြင်းကို လည်း ထောက်ခံသူ ဖြစ်သည်။
သူ၏သားတစ်ဦးမှာ အာဖဂန် နစ္စတန်တွင် စစ်ဆင်ရေး တာဝန်ထမ်း ဆောင်နေပြီး သူ့အနေဖြင့် စစ်တပ်၏ ခံစားချက် သဘောထားကို နားလည်သူ ဖြစ်ပါသည်ဟု   မစ္စစ်ပက်တာဆင်၏ စစ်ဘက် အကြံပေးဖြစ်သူ အထူးတပ်ဖွဲ့ အငြိမ်းစား ဗိုလ်မှူးကြီး ဘာရီရှပရိုးက ပြောသည်။  မိမိတို့အားလုံး ဤကိစ္စတွင် အားလုံး အတူတကွ တူမျှသော သဘောထား ရှိကြပါသည်ဟု ၎င်း၏ သဘောထားကိုလည်း ပြောကြားသည်။
စကားပြော နူးညံ့သိမ်မွေ့သူ ရှက်တတ်သူ ဖြစ်သော်လည်း မစ္စစ်ပက်တာဆင်သည် ဝါရှင်တန် မြို့တော်တွင် အဆက်အသွယ် ကွန်ရက်တစ်ခုကို တည်ဆောက် ထားသည်။ အရီဇိုးနား ပြည်နယ် ရီပတ်ဘလီကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း ကဲ့သို့သော အထက် လွှတ်တော် အမတ်များနှင့် ပုံမှန်တွေ့ဆုံ မှုများရှိနေသကဲ့သို့ ဗိုလ်ချုပ်ကြီး ဒေးဗစ် ပေးထရီးယပ်စ်လို စစ်ဘက်မှ တပ်မှူးကြီးများနှင့် ရင်းနှီးမှု ရှိအောင် လုပ်ထားသည်။ တစ်ဖန် အုပ်ချုပ်ရေးပိုင်းမှဖြစ်သော လီယွန်ပန်နက်တာ (စီအိုင်အေ အကြီးအကဲနှင့် ကာကွယ်ရေး ဝန်ကြီး လုပ်သွားခဲ့သူ) တို့လို  ပုဂ္ဂိုလ်ကြီးမျိုးနှင့်လည်း ခင်မင်အောင် ဆက်ဆံတတ်သူဖြစ် သည်။
အီဂျစ်တွင် မူဘာရက် ပြုတ်ကျ၍ လေးလအကြာ ကိုင်ရိုသို့ ရောက်ရှိခဲ့သည်။ သူသည်  အာဏာ ရယူထားသော Suprcme  Coucil  Armed Forces နှင့် အနီးကပ် အလုပ်လုပ်ပြီး ရွေးကောက်ပွဲ အချိန်ဇယားတစ်ခုထွက် ပေါ်လာအောင် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ မစ္စတာမော်စီ သမ္မတ ရွေးခံရပြီးနောက်ပိုင်း သမ္မတနှင့် မွတ်စလင် ညီအစ်ကိုတော်များ အဖွဲ့တို့နှင့်  ပုံမှန်တွေ့ဆုံခဲ့သူ ဖြစ်သည်။
သူသည် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ဟီလာရီ ကလင်တန် တာန်ယူစဉ်   ကိုင်ရိုသို့ စောစောလာရောက် လည်ပတ်အောင် တွန်းအားပေး ခဲ့သူလည်း ဖြစ်သည်။   ထိုနည်းတူ မစ္စတာမော်စီအား အိမ်ဖြူတော်သို့ အပြန်အလှန် သွားရောက် လည်ပတ်ရန်  တိုက်တွန်းခဲ့သူ ဖြစ်သည်။
အိမ်ဖြူတော်တွင် ဆီးရီးယားစစ်ပွဲ ပြဿနာနှင့် ရှုပ်ထွေးနေရာ အရာရှိ အတော်များများက မစ္စစ်ပက်တာဆင် အနေဖြင့် အီဂျစ် အစိုးရနှင့် ဆက်ဆံ၍ ကြီးမားသော အခန်းကဏ္ဍကို တာဝန် ယူနေခဲ့ရကြောင်း၊ မစ္စတာ မော်စီအနေဖြင့် သူ၏ အစိုးရအဖွဲ့ကို မဟာမိတ်တွေ နှင့်သာ ဖွဲ့စည်း လုပ်ကိုင်သကဲ့သို့ စောစောပိုင်း လှုပ်ရှားမှုသည် သူ့ကိုဒုက္ခ မရောက်စေနိုင်ကြောင်း ဖွင့်ဟမပြော ခြင်းကို ပြစ်တင် ဝေဖန်ကြသည်။
လွန်ခဲ့သော ခြောက်လခန့်က မစ္စစ် ပက်တာဆင်အား အီဂျစ်နိုင်ငံ သွားနေသည့်  လမ်းကြောင်းနှင့် ပတ်သက်၍ ရှင်းပြနေပုံကို မြင်ယောင်မိကြောင်း ယခင်က   နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိ ယခု ဘရွတ်ကလင်း တက္ကသိုလ် အရှေ့ပိုင်း မူဝါဒရေးရာ ဆာဘန် စင်တာ ဌာန၏ ညွှန်ကြားရေးမှူးဖြစ်သူ တာမာရာ ကော့ဖမင်ဝစ်တ်က ပြောသည်။
လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့ အမေရိကန် ကောင်စစ်ဝန်ရုံးကို တိုက်ခိုက်ခံရပြီး နောက် မစ္စစ်ပက် တာဆင်အား ရီပတ် ဘလီကန် အမတ်တချို့က ပြစ်တင် ပြောဆိုမှုများကို ခံခဲ့ရကြောင်း၊ တမန် တော်မိုဟာမက် အကြောင်း ဗီဒီယိုအတွက် တောင်းပန်သည့် ကြေညာချက် ထုတ်ပြန်ချိန် ကလည်း အတိုက်အခိုက် ခံခဲ့ရကြောင်း သိရသည်။
မစ္စစ် ပက်တာဆင်သည် ရှေ့လျှောက် ပြဿနာများကို ရင်ဆိုင်တွေ့ရမည့် အခြေအနေရှိသည့် အလျောက်အချို့ လုပ်ဖော် ကိုင်ဖက်များက ပြောကြသည်မှာ သူ၏ မညှိုးနွမ်းသော ဂုဏ်သရေ အတွက် သူ၏ နှစ်ပေါင်းရှည်ကြာ အတွေ့အကြုံများ အရေးကြီးလာ သည်ဟုဆိုသည်။
အကယ်၍ အီဂျစ်နိုင်ငံ ကိုင်ရိုရှိ အမေရိကန် သံရုံးအတွက် မစ္စစ်ပက် တာဆင်၏ နေရာကို ဆက်ခံမည့် သံအမတ်ကြီး ရွေးချယ်ရန် လိုအပ်လာ မည်ဆိုပါက ပို၍ကောင်းသူကို ရွေးချယ် ရန်ခက်ခဲမည် ဖြစ်ကြောင်း ပါကစ္စတန် နိုင်ငံတွင် မစ္စစ်ပက်တာဆင်၏နေရာကို ဆက်ခံသော သံအမတ်ကြီး ကာမီရွန် မန်တာက ပြောသည်ဟု  သိရှိရသည်။
အချုပ်အားဖြင့် လက်ရှိတွင် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရောက် အမေရိကန် သံအမတ်ကြီး   မစ္စစ် ပက်တာဆင်ကို အမေရိကန်တို့ အပေါ် မကျေနပ်သော အီဂျစ် လူငယ်များက ဆန္ဒပြရာတွင်   သံအမတ်ကြီး ၏ မျက်နှာကို သွေးနီရောင် ကြက်ခြေခတ်၍ ပိုစတာ တိုက်ပွဲဝင်ခြင်း ပါခံနေရကြောင်း တစေ့တစောင်း အကဲ ခတ်နိုင်ပါရန်  ရေးသားရပါသည်။    
ကိုကိုဟန်

0 comments:

Post a Comment

Facebook Like Page