ကျောက်ခေတ်
မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ ခန့်က ကျောက်ခေတ်လူများ နေထိုင်ခဲ့ကြဘူးသော အထောက် အထားများကို တွေ့ရသည်။ သို့ရာတွင် ယခုတိုင် သုတေသန ဆက်လက် ပြုနေဆဲ ဖြစ်၍ မည်သည့် လူမျိုးများ နေခဲ့သည်ဟု အတိအကျ မပြောနိုင်သေးပေ။(ဤ စာအုပ်သည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ မူပိုင်ဖြင့် ၁၉၆၈ခုနှစ် မေလတွင် ပုံနှိပ်ဖြန့်ချီခဲ့ခြင်း ဖြစ်သဖြင့် နောက်ပိုင်းတွင် ထပ်မံတွေ့ရှိခဲ့သော ပုံတောင် ပုံညာ ကျောက်ဖြစ် ရုပ်ကြွင်းများ အကြောင်း မပါဝင်သေးပါ…….)
မြန်မာနိုင်ငံ အလယ်ပိုင်း ဧရာဝတီမြစ်ဝှမ်းဒေသ ဖြစ်သည့် ပြည်နှင့် သရက်ခရိုင်တို့ ၌ ကျောက်လက်နက် ကရိယာ များကို အများအပြား ရှာဖွေ တွေ့ရှိရသည်။ ထို့ပြင် ရှမ်းပြည်၌လည်း ရှေးဟောင်း ကျောက်ဂူများ အတွင်း၌ ကျောက်လက်နက် ကရိယာများ၊ လူအရိုးများ၊ ကျောက်ဂူနံရံ၌ ပန်းချီကားများကို တွေ့ရှိရသည်။ (ဤ ကိစ္စကို ရှေးဟောင်း သုတေသန ဌာနမှ ဆက်လက်၍ စူးစမ်းလျက်ရှိ၏။)
လူမျိုးများ
မြန်မာပြည်တွင် ကျောက်ခေတ်၌ နေကြသော လူသားတို့၏ အမျိုးအနွယ်ကို အတိအကျ မသိရသော်လည်း ကျောက်ခေတ်အလွန်၌ မူ ယခုကပ္ပလီကျွန်း၌ နေသော အသားမည်း နီဂရိုတို လူမျိုးများ မြန်မာနိုင်ငံကို ဖြတ်ကျော်သွားသည်ဟု ယူဆကြသည်။ကျောက်ခေတ် အလွန်တွင် အတော်အတန် ယဉ်ကျေးသော ဆလုံနှင့် မလေးလူမျိုးများ မြန်မာပြည်သို့ ရောက်ရှိ ကြသည်။ ထိုလူမျိုးများမှာ မြန်မာနိုင်ငံသို့ အပြင်အပမှ ပထမဦးစွာ ရောက်လာကြသူများ ဖြစ်၏။
သမိုင်းသုသေသီတို့က လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော် ၃၀၀၀ ခန့်က ထိုဆလုံနှင့် မလေးလူမျိုးများသည် မြန်မာနိုင်ငံနှင့် အင်ဒိုချိုင်းနား ကျွန်းဆွယ်တွင်းသို့ ၀င်ရောက်လာသည်ဟု ယူဆကြသည်။
ထပ်မံရောက်ရှိလာသူများ
မြန်မာနိုင်ငံသို့ ဆလုံနှင့် မလေးအနွယ်များ ရောက်ပြီးနောက်မှ ရောက်လာကြသူများမှာ မွန်ခမာ အနွယ်ဟု ခေါ်သော မွန်၊ ပလောင်နှင့် ၀လူမျိုးများ ဖြစ်သည်။ ထိုလူမျိုးများသည် မိမိတို့၏ ပင်ကိုယ် ယဉ်ကျေးမှုအပြင် ဆလုံနှင့် မလေးတို့၏ ယဉ်ကျေးမှုကို လည်း ခံယူကြသည်။ဆလုံ၊ မလေးတို့သည် အမဲလိုက်ခြင်း၊ ငါးဖမ်းခြင်း အပြင် တောင်ယာ လုပ်ကိုင်ပြီး ဆန်စပါး၊ ပဲ၊ ပြောင်း ကြံစသည့် သီးနှံစုံ စိုက်ပျိုးရေးများကို စိုက်ပျိုး လာကြသဖြင့် စိုက်ခင်း ပျိုးခင်းနှင့် နီးကပ်သော ဒေသများ၌ သူတို့ နေထိုင်ကြသော ရွာကလေးများ ပေါ်လာသည်။
တိဗက်-မြန်မာ
မွန်-ခမာ တို့နောက်မှ မြန်မာနိုင်ငံသို့ ထပ်မံရောက်ရှိသူများမှာ မွန်ဂိုးလီးယန်း အနွယ်ဖြစ်သည့် တိဗက်-မြန်မာ လူမျိုးများ ဖြစ်သည်။ တိဗက်-မြန်မာ အနွယ်ထဲတွင် ပျူ၊ ကရင်နှင့် သက်* လူမျိုးသုံးမျိုး ပါသည်။ပျူတို့သည် ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာပြီးလျှင် မြန်မာပြည် အလယ်ပိုင်းဒေသ ၌ နေထိုင်ကြသည်။ သက်တို့သည် ဧရာဝတီ နှင့် ချင်းတွင်းမြစ် မြောက်ပိုင်းဒေသတို့၌ အခြေစိုက်ကြပြီးနောက် ချင်းလူမျိုးများ ဖြစ်လာကြသည်။ ကရင်တို့ကမူ သံလွင်မြစ်အတိုင်း စုန်ဆင်းလာပြီးလျှင် ရှမ်းကုန်းမြေမြင့်ကို ဖြတ်ကျော်၍ ကယားပြည်နယ် တ၀ိုက်တွင် နေကြပုံရသည်။
မြန်မာနိုင်ငံသို့ တိဗက်-မြန်မာတို့ လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀ ခန့် (ခရစ်နှစ် ၄၆၀ ခန့်) က ရောက်လာကြသည်ဟု ယူဆကြသည်။
*(ပျူ၊ ကရင်၊ သက်သို့ မဟုတ် ပျူ၊ ကမ်းယံ၊ သက်ဟုဆိုသော အဆိုပြုချက်များ ရှိသော်လည်း ယခုအခါတွင် ရှေးဟောင်း သုသေတန ဌာနမှ ရှိရင်းတိုင်းရင်းသားများ၏ ဇာတိ၊ ဇာစ်မြစ်နှင့် ဖြစ်ရပ်အမှန်များကိုသာလျှင် အတည်ပြု၍ ဆက်လက် စူးစမ်းရှာဖွေ နေဆဲပင် ဖြစ်ပါသည်။)
မြန်မာ
မွန်ဂိုလ်ကုန်းမြင့်အစွန်း ယခုတရုတ်ပြည်၏ အနောက်မြောက်ဖက်ရှိ ကန်စုဒေသ၌ မွန်ဂိုးလီးယန်းအနွယ်ဝင် မြန်ဟုခေါ်သော လူမျိုးများ နေခဲ့ကြသည်ဟု ဆို၏။ထိုလူမျိုးများသည် တသီးတခြားစီ ကိုယ်ပိုင် ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဘာသာစကားဖြင့် နေခဲ့ကြ၏။ ထိုလူမျိုးများသည် တရုတ်ပြည်က ၀င်ရောက် တိုက်ခိုက်ခြင်းကြောင့် ခရစ်မပေါ်မီ နှစ်ရာစု ခေတ်လောက်တွင် မိမိတို့နေရင်းဒေသကို စွန့်၍ တောင်ဖက်သို့ တရွေ့ရွေ့ ဆင်းလာခဲ့ကြသည်ဟု ယူဆရသည်။
ခရစ်ခုနှစ် ၆၅၀ လောက်တွင် ရှမ်းကုန်းမြေမြင့်ကို ဖြတ်ကျော်၍ ကျောက်ဆည် ခရိုင်တွင် အခြေစိုက်ကာ နေထိုင်ကြပြီးလျှင် မြန်မာနိုင်ငံ တောင်ပိုင်း၌ ရှိနှင့်ပြီးဖြစ်သော မွန်တို့၏ ယဉ်ကျေးမှုကို ခံယူကြသည်။ ထိုလူမျိုးများနှင့် မြန်မာနိုင်ငံ၌ ရှိပြီးဖြစ်သော လူမျိုးတို့ အချင်းချင်း ရောရှက်ကာ နောင်တွင် မြန်မာလူမျိုးဟူ၍ ပေါ်ပေါက်ခဲ့သည်ဟု ယူဆရသည်။
ရှမ်းလူမျိုးများ
တိဗက်-မြန်မာ၊ မွန်-ခမာတို့နှင့် မတူပဲ သီးခြား ဆင်းသက်လာသော အခြားလူမျိုးတစုမှာ ထိုင်းတရုတ် အနွယ် ဖြစ်သည်။ ထိုလူမျိုးမှ ရှမ်း နှင့် ယိုးဒယား လူမျိုးစု ဖြစ်လာသည်။ခရစ်မပေါ်မီ အနှစ်၁၀၀ ခန့်တွင် ရှမ်းလူမျိုးတစုသည် ရွှေလီမြစ်ဝှမ်း၌ နေကြသည်ဟု သမိုင်း သုတေသီတို့က ဆိုသည်။ ခရစ်ခုနှစ် ၆၀၀ ခန့်တွင် နောက်ရှမ်းတသုတ် ရောက်ရှိ လာပြန်သည် ဟု ယူဆကြသည်။
အချို့သုသေတီတို့ကမူ ထိုင်းတရုတ် အနွယ်ဝင် ရှမ်းလူမျိုးစုသည် ခရစ်ခုနှစ် ၇၈တွင် တရုတ်တို့၏ စိုးမိုးခြင်းကို မခံလိုကြသဖြင့် ပုန်ကန်ကြရာမှ အရေးနိမ့်၍ ရှမ်းကုန်းမြေမြင့် မြောက်ပိုင်းသို့ ရောက်လာကြသည်ဟု ဆိုသည်။
(ထိုင်းလူမျိုးများကို အချို့သော သမိုင်းစာအုပ်များ၌ တိုင်လူမျိုးဟုလည်းခေါ်ဆိုကြသည်။
(အထက်ပါအချက်အလက်များသည် စတုတ္ထအကြိမ်ထုတ် ကမ္ဘာ့သမိုင်းမှတ်တိုင်များ- ပထမတွဲစာအုပ်မှ ထုတ်နှုတ်ဖော်ပြခြင်း ဖြစ်ကြောင်း ၀န်ခံအပ်ပါသည်။)
0 comments:
Post a Comment