ပြည်မြို့တွင် ကျေးရွာမီးလင်းရေးဆောင်ရွက်ကြရာ စာရင်းရှင်းလင်းမှုမရှိ၍ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးရှေ့ တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်
ပြည်၊ဒီဇင်ဘာ၊၁၆
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ် အနောက်လက်ခုပ်ပင်ကျေးရွာနေထိုင်သူ ဒေသခံတစ်ဦးက ပြည်မြို့နယ်လျှပ်စစ် မှတာဝန်ရှိသူတွေက ဘုရားသွယ်တန်းထားသည့်မီးကို ၀ါးလုံးဖြင့်ဖြုပ်ချခဲ့ခြင်းကိစ္စ နှင့် ကျေးရွာမီးလင်းရေးကော်မတီ ဥက္ကဌ စာရင်းရှင်းလင်းမှုခြင်းကိစ္စများ နှင့် ပတ်သက်၍ ပြည်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးရှေ့မှာ လျှပ်စစ်အမှိုက်ကောက်ဖို့လာခဲ့ပြီ ဟူသောစာသားပါ ပီနံအိတ်အား ကိုင်ဆောင်ကာ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရသည်။ အဆိုပါဆန္ဒထုတ်ဖော်မှုအား ဒီဇင်ဘာ ၁၆ ရက် နံနက် ၉-နာရီချိန်ခန့်တွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ရုံးရှေ့မှာ ကျေးရွာမီးလင်းရေး ကိုယ်ထူကိုယ်ထဆောင်ရွက်ရာ ကျေးရွာမီးလင်းရေးကော်မတီ ဥက္ကဌတို့အား မြို့နယ်လျှပ်စစ်ရုံးရှေ့တွင် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ကြောင်းသိရသည်။
“လမ်းမီးတွေက လင်းနေပြီ။ အိမ်မီးတွေကခုထိမလင်းသေးဘူး။ မီးလင်းရေးကော်မတီ ဥက္ကဌက ရွာမှာငွေတွေအများကြီးကောက်ခံထားပြီး စာရင်းခုထိမရှင်းသေးဘူး။ ဘုရားမှာ သွယ်တန်းထားတဲ့ မီးကိုလဲ လျှပ်စစ်က တရားဥပဒေမဲ့စွာ ၀ါးလုံးနဲ့ ရိုက်ချပစ်ကြတယ်။ လျှပ်စစ်က လူတွေကလည်း သူတို့တွေတရားဥပဒေမဲ့ပြီး ခုလို ဘုရားမီးဖြုတ်ချတာကို လက်ပိုက်ကြည့်နေတယ်။ ဒီကိစ္စတွေ ဖြေရှင်းမပေးမချင်း ဆန္ဒထုတ်ဖော်မှာပါ။ ” ဟု တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်သူ အနောက်လက်ခုပ်ပင်ကျေးရွာအုပ်စု မှ ကိုမျိုးနိုင် က ပဲခူးက၀ိဂျာနယ်သို့ ပြောသည်။
အဆိုပါ ကိုယ်ထူကိုယ်ထကျေးရွာမီးလင်းရေးအား ပြည်မြို့နယ် အနောက်လက်ခုပ်ပင်ကျေးရွာ အုပ်စုဒေသခံများက ၂၀၀၈ ခုနှစ်မှစတင်ကာ ဆောင်ရွက်ခဲ့တာဖြစ်ပြီး ကျေးရွာမီးလင်းရေး မီးကော်မတီ ဥက္ကဌမှ ဦဆောင်၍ ကျေးရွာအတွင်းမီးလင်းရန် ငွေကြေးကောက်ခံခဲ့ကြပြီး ကောက်ခံရရှိသည့် ငွေပေါင်း ၆၇-သိန်းကျော်အား စာရင်းရှင်းလင်းခြင်းမရှိသေးမှုတွေ နှင့် မြို့နယ်လျှပ်စစ်မှ ကျေးရွာအတွင်း ဘုရားတွင်သွယ်တန်းထားသည့် မီးအား ၀ါးလုံးဖြင့်ရိုက်ချ ဖြုတ်ပစ်မှုတွေနဲ့ ပတ်သက်ပြီး ယခုလို ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ကြောင်းသိရသည်။
“ကျွန်တော်တို့က ဆန္ဒမပြခင် ခေါ်ပြီးသတိပေးပါတယ်။ ဆန္ဒပြရင် ခွင့်ပြုမိန့်တင်ရမယ်ဆိုတာ ခေါ်ပြောတာပါ။ သူနားမလည်လို့ သူ့ဆန္ဒကိုထုတ်ဖော်တာ။ တရားဥပဒေအရ နားမလည်လို့မရဘူးဆိုတာကို ခေါ်ရှင်းပြတာပါ။ ခွင့်ပြုမိန့် အကြောင်းကြားစာတင်ပြီးမှ လုပ်ဆောင်ဖို့တားမြစ်တယ်။ ဆက်လက်နေမယ်ဆိုရင် ဥပဒေအရအရေးယူဆောင်ရွက်သွားမယ်။ အခုတော့ အရေးယူဆောင်ရွက်ဖို့မရှိပါဘူး။ သူ့ဆန္ဒကို မြို့နယ်လျှပ်စစ်ကတာဝန်ရှိသူတွေနဲ့ တွေ့ဆုံညှိနိုင်းပေးလိုက်ရင် သူလည်းအဆင်ပြေသွားပါလိမ့်မယ်။ ” ဟု ပြည်မြို့မရဲစခန်း ရဲအုပ်ဇင်မင်းဦး က ပဲခူးက၀ိဂျာနယ်သို့ ပြောသည်။
အဆိုပါဆန္ဒထုတ်ဖော်မှုစတင်ကာစမှာပင် သက်ဆိုင်ရာတာဝန်ရှိ ရဲတပ်ဖွဲ့အင်အား ၅-ဦးကျော်မှ တားမြစ်ပိတ်ပင်ခဲ့တာဖြစ်ပြီး ဆန္ဒထုတ်ဖော်သည့် မြို့နယ်လျှပ်စစ်ရုံးအနီးက ဆံတော်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဆက်လက်ဆန္ဒမထုတ်ဖော်ရန် တာမြစ်ခဲ့ပြီး အားလုံးပှုးဖြေရှင်းပေးသွားမည်ဟု တာဝန်ရှိရဲအရာရှိက ပြောကြားခဲ့၍ ဆန္ဒထုတ်ဖော်မှုပြီးဆုံးသွားကြောင်းသိရသည်။
ခေတ္တရာမောင်(ပြည်)
No comments:
Post a Comment