Tuesday, May 20, 2014

ကြိုတင်မကြေငြာဘဲ ဆိုက္ကားများ လိုင်စင်ဝင်ရာတွင် ဘေးတွဲလက်ယန်းများ တတ်ဆင်ခိုင်း ************************************************************* ပြည့်သဲမောင်(ပြည်)



ကြိုတင်မကြေငြာဘဲ ဆိုက္ကားများ လိုင်စင်ဝင်ရာတွင် ဘေးတွဲလက်ယန်းများ တတ်ဆင်ခိုင်း 
*************************************************************
 
ပြည့်သဲမောင်(ပြည်)



၂၀၁၄-၂၀၁၅ ခုနှစ် အတွက် အနှေးယာဉ် (ဆိုက္ကား)များ လိုင်စင်သက်တမ်း တိုးမြင့်ရာတွင် ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ တွင် ကြိုတင် အကြောင်း ကြားထားခြင်းမရှိဘဲ ပထမဆုံးအကြိမ် အဖြစ် ဘေးတွဲလက်ယန်းများ တတ်ဆင်ခိုင်းကြောင်း အနှေးယာဉ် (ဆိုက္ကား)လုပ်သားများက ပြောသည်။ “ဆိုက္ကား စပေါ်ကတည်းက တစ်ခါမှ မကြားဘူးတဲ့ စည်းကမ်းပါ။ စည်းကမ်းချက်ထဲမှာ လည်းမပါဘူး။ ကြိုပြီးပြောမထားတော့ ဆိုက္ကားအများစုက လိုင်စင်မလုပ်ဘဲပြန်သွားကြတယ်” ဟု အနှေးယာဉ် (ဆိုက္ကား) လုပ်သား ဦးဝင်းလှိုင်က ပြောသည်။ ဆိုက္ကား လိုင်စင် သက်တမ်း တိုးမြင့်ခြင်း ဆောင်ရွက်ရာ၌ ပါဝင်ရမည့် ပစ္စည်းကရိယာ၊ စာရွက်စာတမ်း (၇) မျိုး တွင် ဘေးတွဲလက်ယန်းများတတ်ဆင်ရန် မပါသော်လည်း ယခုနှစ် လိုင်စင်သွားဝင်သည့် ဆိုက္ကားများကို ပြည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဘေးတွဲလက်ယန်းများ တတ်ဆင်ခိုင်ခြင်းဖြစ်သည်။ ထိုသို့တတ်ဆင်ခိုင်းသဖြင့် ငွေ(၇၀၀၀)ပိုမိုကုန်ကျပြီး တစ်ရက်တာ အချိန်ကုန်ဆုံးကြောင်း ဆိုက္ကားလေးသည့်အတွက် ဆိုက္ကားနင်းသူ ပိုမိုပင်ပန်းကြောင်း အနှေးယာဥ်(ဆိုက္ကား) လုပ်သား ကိုသင်းကြည်ကပြောသည်။ ပြည်မြိုတွင့်းရှိ ဆိုက္ကားနှစ်ဆယ်ရာခိုင်နှုန်းခန့်သာ လက်ယန်းများရှိပြီး အများစုမှာ ကုန်ပစ္စည်းတင်သည့် ဆိုက္ကားများဖြစ်ကြောင်း မြန်မာနိုင်ငံအနှံ့ မည်သည့်မြို့မှ လိုင်စင်ဝင်ရန် ဆိုက္ကား လက်ယန်း မလိုကြောင်း သူကဆက်ပြောသည်။ “ကုန်တိုက်တဲ့ ဆိုက္ကားတွေမှာဘဲ လက်ယန်းရှိတယ်။ ဗမာပြည်မှာ ဆိုက္ကားစပေါ်ကတည်းက လက်ယန်းဆိုတာ မပါဘူး။ နောက်ပြီးတော့ ဘယ်မြို့မှလည်း လက်ယန်း မထည့်ခိုင်းဘူး။ ဒီမြို့တစ်ခုတည်းလာရစ်နေတာ” ဟု၎င်းကဆိုသည်။ အကြောင်းအရာကိစ္စနှင့်ပတ်သတ်ပြီး ပြည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဒုဦးစီးမှူး ဦးဖြိုးဝေေ၀အောင်က “ဆိုက္ကားရဲ့ တောင့်တင်းမှုကို ဖြစ်စေမဲ့ လက်တင်တန်းတွေက နဂိုကတည်းက ပါရမှာ။ အထူးနှိုးဆော်စရာမလိုလို့ မနှိုးဆော်ဘူး။ ပါမစ်အနေနဲ့အမြဲတမ်းပါ နေရမှာဖြစ်တဲ့အတွက် စည်းကမ်းချက်ထဲမှာလည်း မထဲ့ဘူး။ ရောင်ပြန်ပြားတို့ ဘရိတ်တုံးတို့ကိုဘဲ စည်းကမ်းချက်ထဲမှာ ထည့်တယ်”ဟု ပြောသည်။ ဘေးတွဲလက်ယန်းများ တတ်ဆင်လိုက်ခြင်းဖြင့် ဆိုက္ကားဘေးတွဲ ကြံ့ခိုင်ရေး ကောင်းမွန်လာမည်ဖြစ်ပြီး ဆိုက္ကားစီးခရီးသည်များကိုလည်း အန္တရယ်ကင်းစေမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။ “ကျွန်တော်တို့ မြို့ပေါ်က ဆိုက္ကားတွေ ကြည့်လိုက်ရင် သူ့ဟာနဲ့သူ တပြေးညီ ယူနီဖောင်း ဖြစ်နေရမယ်။ အဲဒါမှလည်း မြို့ကိုလာတဲ့ ဧည့်သည်တွေက ဒီမြို့ကဆိုက္ကားတွေကို စနစ်ကျတယ်လို့ မြင်မယ်။ နိုင်ငံခြားသားလာရင် စီးချင်စဖွယ် ဖြစ်ရမယ်။ ခရီးသည်ကလည်း ဆိုက္ကားကိုတွေ့လိုက်တာနဲ့ ဆိုက္ကားသမားကိုပါ လေးစားသွားမယ်။ အထင်သေးတဲ့ ပုံစံမျိုးနဲ့မစီးစေချင်ဘူး” ဟု၎င်းကရှင်းပြသည်။ သုံးဘီးဆိုင်ကယ် ဘက်ထရီဆိုင်ကယ်များ ပြေးဆွဲလာခြင်း အိမ်စီးဆိုင်ကယ်များ ပေါများလာခြင်း များကြောင့် ပြည်မြို့တွင် ယခင်က ဆိုက္ကားအစီးရေ သုံးထောင်ကျော်ရှိသော်လည်း ယခုအခါ ဆိုက္ကားအစီးရေ နှစ်ထောင်ကျော်သာ ရှိတော့ကြောင်းလည်း အနှေးယာဉ်လုပ်သားများကပြောသည်။ ပြည်မြို့နယ် စည်ပင်သာယာရေးရုံးတွင် မေလ ၁၅ ရက် မှ ဇွန်လ ၁၂ ရက်နေ့ အထိ ဆိုက္ကားတစ်စီးလျှင် လိုင်စင်ကြေး ငါးထောင်နှုန်းဖြင့် တစ်နေ့လျှင် ဆိုက္ကားအစီး တစ်ရာလိုင်စင် သက်တမ်း တိုးပေးနေပြီး လိုင်စင်သက်တမ်း မတိုးသည့် ဆိုက္ကားများကို စာရင်းမှ ပယ်ဖျက် သွားမည်ဖြစ်သည်။ မှတ်ချက်။။၎င်းပေးပို့သောစာမူနှင့်ပတ်သတ်၍ဖြစ်ပျက်လာမည့်ကိစ္စအ၀၀ကိုတာဝန်ယူဖြေရှင်းသွား မည်ဖြစ်ကြောင်းနှင့်သတင်းစာမူအတွက်မှန်ကန်ကြောင်းကတိခံဝန်ချက်ပြုပါသည်။ 
 သတင်း....ပြည့်သဲမောင်(ပြည်)
ဓါတ်ပုံ...ပြည်သားလေး
တင်ဆက်သူ...ပြည်သတင်းလူငယ်(ပြည်သတင်း)

No comments:

Post a Comment