ဆန္ဒပြတောင်သူများကို အကြမ်းဖက် ဖမ်းဆီးခြင်း ရှိ မရှိ ရဲ နှင့်တောင်သူ
အသီးသီးရှင်းလင်း
**************************************************************
ပြည့်သဲမောင်(ပြည်)
ဆန္ဒပြတောင်သူများကို အကြမ်းဖက် ဖမ်းဆီးခြင်း ရှိ မရှိ ရဲ နှင့်တောင်သူ အသီးသီးရှင်းလင်း

ပြည့်သဲမောင်(ပြည်).
ပဲခူးတိုင်း ပြည်ခရိုင် သဲကုန်းမြို့နယ် တွင် ဆန္ဒပြတောင်သူများကို အကြမ်းဖက် ဖမ်းစီးခြင်းမရှိကြောင်း ရဲတပ်ဖွဲ့မှ မေလ ၁၈ ရက် ၌ လူထုရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ဆန္ဒပြတောင်သူများကို အကြမ်းဖက်ဖမ်းဆီးကြောင်း တောင်သူများက သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
မေလ ၁၄ ရက် တွင် သဲကုန်းမြို့ပေါ်တွင် ဆန္ဒပြခြင်း ဆုတောင်းခြင်းများ ပြုလုပ်သော လယ်သမားများကို ရဲတပ်ဖွဲ့ မှအကြမ်းဖက် ဖမ်းဆီးကြောင်း မကျီးဇင်ကျေးရွာ မူလတန်းကျောင်းတွင် ရဲတပ်ဖွဲ့က လူထုရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ အပြန်အလှန် မေးခွန်း မေးမြန်းခွင့် မရသဖြင့် တောင်သူများက အောင်ကုန်းကျေးရွာ တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့မှ ပြုလုပ်သည့် လူထုရှင်းလင်းပွဲတွင် သဲကုန်း မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်ဦးက “ကျောင်းသား ကောင်းထက်ကျော် လက်ထိပ်နဲ့ အရိုက်ခံရတယ်။ မခင်မာအေးကိုဓါးနဲ့ထိုးတယ် လို့ စွပ်စွဲထားတာတွေက မဟုတ်ပါဘူး။ ၀ါဒဖြန့် သတင်းလွှင့်တာပါ။ ဘူး။ဖမ်းတဲ့ရဲတွေကလည်းအရပ်ဝတ်နဲ့ဆိုတော့ဘုန်းကြီးကျောင်း ထဲလဲ ဖိနပ်စီးမ၀င်ပါဘူး။ကျွန်တော်တို့ ရဲတပ်ဖွဲ့မှာ ဓါးဆောင်တာလည်းမရှိပါဘူး”ဟုပြောသည်။
ဖမ်းဆီးရာတွင် ဒေါ်ညိုအား အမျိုးသမီးရဲမေသုံးဦးဖြင့် ဖမ်းဆီးခဲ့ပြီး ကျန်ဆန္ဒပြသူများက ဆဲဆိုခြင်း ဒုတ်၊ ဓါး(အုတ်ခဲထည့်ထားသော)လွယ်အိပ် တို့ဖြင့် ပြန်လည် ခုခံခြင်းများ ပြုလုပ်ခဲ့ကြောင်း ၄င်းကဆက်ပြောသည်။
သဲကုန်း မြိုမစခန်းမှူး ဒုရဲမှူးဇော်အောင်က “ကောင်းထက်ကျော်ကို ဆန္ဒပြအဖွဲ့ကပြန်လုတဲ့အတွက် ဆွဲတဲ့လူတွေ အရှိန်နဲ့လဲကျတယ်။မြေကြီးနဲ့ စောင့်မိပြီး နဖူးအလယ်စပ်နားက သွေးထွက်သွားသွားတယ်။ အဲဒီကောင်လေး လဲကျသွားတဲ့အချိန် မခင်မာအေး က ကောင်လေးဆီကထွက်တဲ့သွေးတွေကို ဘယ်ဘက် လက်မောင်းနဲ့ ရင်ဘတ်မှာ သုတ်ပြီး ဗိုလ်ကြီးတပည့်တွေ ကျမကိုလုပ်တယ်လို့ တိုင်တယ်” ဟုပြောသည်။
စတင်ဖမ်းဆီးသည့်အချိန်တွင် ဗီဒီယိုမှတ်တမ်း တင်နေသည့် ဒုရဲအုပ် စရန်နိုင်စိုး ကိုဆန္ဒပြသူများက ထန်းပိုးဖြင့်ရိုက်သောကြောင့် သက်သေအထောက်အထားဖြစ်သည့် ဗီဒီယို ဓါတ်ပုံဖိုင်မှတ်တမ်းမရှိကြောင်း အောင်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး သက်သေရှိကြောင်း ၄င်းကဆက်ပြောသည်။
လူထုရှင်းလင်းပွဲအပြီးတွင် တက်ရောက်လာကြသော တောင်သူများ သတင်းမီဒီယာသမားများက မေးခွန်း မေးမြန်းခွင့် တောင်းခဲ့သော်လည်း ရဲမှူး နှင့် အဖွဲ့က ငြင်းဆိုခဲ့သဖြင့် တောင်သူများ မကျေမနပ်ဖြစ်ကာ အောင်ကုန်းကျေးရွာတွင် သတင်းစာရှင်းလင်းပွဲထပ်မံ ပြုလုပ်ခဲ့သည်။
၎င်း သတင်းစာ ရှင်းလင်းပွဲတွင် မခင်မာအေး “ကောင်းထက်ကျော်ကိုလှေခါးက တွန်းချပြီး ခွေးဆွဲနည်းကား ဆွဲသွားတယ်။ နံပါတ်ဒုတ်နဲ့ ရိုက်တယ်။ ကျွန်မက ကာကွယ် လိုက်တဲ့အချိန် ရဲကကျမကို ပါးကိုချတယ်။ ဓါးနောက်နဲ့ ရင်ဘတ်ကို ထုတယ်။ ကျောကုန်းကိုထုတယ်။ ဓါးနဲ့ထိုးတယ်။ ကျမကိုဓါးနဲ့ထိုးတာကို တောင်သူတွေအကုန်မြင်တယ်” ဟုပြောသည်။
ဓါး နှင့် ထိုးခံရမှုကြောင့် ဘယ်ဘက် လက်ခလယ် နှင့် လက်သန်းကြားတွင် ထိုးသွင်းဒဏ်ရာတစ်ချက် ရရှိခဲ့ပြီး ရဲတပ်ဖွဲ့မှ ဖမ်းဆီးမည်ကို စိုးရိမ်သဖြင့် ဆေးကုသမှု မခံယူရသေးကြောင်း လည်း မခင်မာအေးက ဆက်ပြောသည်။
ဆန္ဒပြရာတွင်ပါဝင်သူတစ်ဦးကလည်း “ရဲကဘုန်းကြီးကျောင်းထဲ ဖိနပ်စီးတယ်။ ဓါးနဲ့ချွတ်ထိုးတာလဲ ရဲဘဲ ။ လက်ကိုင်ဒုတ်နဲ့ ရိုက်တာလဲရဲဘဲ။ တောင်သူတွေမှာ ဘာလက်နက်မှမပါဘူး ။ အလံတိုင်လေးတွေ ဘဲရှိတယ်” ဟုပြောသည်။
ဖြစ်စဉ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ်မှ ကျောင်းသား ကောင်းထက်ကျော် ဖမ်းဆီး ရိုက်နှက်ခံရသဖြင့် (ဗကသ)အဖွဲ့ချုပ်မှ မန္တလေးတွင် ကန့်ကွက်ကြောင်း ဆန္ဒပြခြင်း သဲကုန်းမြို့တွင် ကြေငြာချက် ထုတ်ပြန်ခြင်းများပြုလုပ်ခဲ့သည်။ ခရိုင်အသီးသီးက စုစည်းရရှိသောအင်အားများဖြင့် လယ်သမားများ နှင့်စုပေါင်းကာ လယ်ယာမြေရရှိရေး ဖမ်းဆီးထားသူများ ပြန်လည်လွတ်မြောက်ရေး ကြိုးပမ်းသွားမည်ဟုလည်း ယင်းအဖွဲ့မှ ဗဟိုသတင်း နှင့်ပြန်ကြားရေး တာဝန်ခံ ဦးရဲရင့်အောင်က ပြောသည်။
ယခုဆန္ဒပြမှုအတွက် ဒေါ်ညို ၊ ကိုမောင်ဝင်း ၊ ကောင်းထက်ကျော် ၊ မခင်မာအေးတို့ကို ပုဒ်မ၅၀၅(ခ)ဖြင့် တရားဆွဲဆိုထားပြီး မေလ ၂၁ရက် နေ့ တွင် သဲကုန်းမြို့နယ်တရားရုံး၌ စစ်ဆေးမည်ဖြစ်သည်။ ကျိန်စာတိုက်မှု ပုဒ်မ၅၀၅(ခ)ဖြင့် တရားဆွဲ ဆိုခံထားရသောကိုပေါက်စ၊ ဒေါ်ညို၊ဒေါ်မုန်း၊ ကျော်သူအောင်၊ သန့်ဇင်ထက်တို့အား မေလ၂၀ ရက်တွင် စစ်ဆေးမည်ဖြစ်သည်။
မှတ်ချက်။ ။၎င်းပေးပို့သောစာမူနှင့်ပတ်သတ်၍ဖြစ်ပျက်လာမည့်ကိစ္စအ၀၀ကိုတာဝန်ယူဖြေရှင်းသွား
မည်ဖြစ်ကြောင်းနှင့်သတင်းစာမူအတွက်မှန်ကန်ကြောင်းကတိခံဝန်ချက်ပြုပါသည်။
သတင်း....ပြည့်သဲမောင်(ပြည်)
ဓါတ်ပုံ...ပြည်သားလေး
တင်ဆက်သူ...ပြည်သတင်းလူငယ်(ပြည်သတင်း)

No comments:
Post a Comment