Saturday, February 13, 2016

ပြည်





ပြည်ခရိုင်အတွင်း (၆၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားများကျင်းပ



ပြည် ဖေဖော်ဝါရီ(၁၂)ရက်



ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်အတွင်းရှိ ပြည်၊ရွှေတောင်၊ပေါင်းတလည်၊ပေါက်ခေါင်း၊ပန်းတောင်း၊ပေါင်းတည်၊ဇီးကုန်း စသည့်မြို့နယ်များအတွင်း (၆၉)နှစ်မြောက်
ပြည်ထောင်စုနေ့အခမ်းအနားအား ဖေဖော်ဝါရီ(၁၂)ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်မြို့တွင် ၆၉-နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားအား ပြည်မြို့အမှတ်(၁)အခြေခံပညာ
အထက်တန်းကျောင်းဝန်း လွတ်လပ်ရေးကျောက်တိုင်၌ နံနက် ၇-နာရီအချိန်ခန့်မှာ
ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။



အဆိုပါ ပြည်မြို့တွင်ကျင်းပသည့် ၆၉-နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် နိုင်ငံတော်အလံအလေးပြုခြင်း၊ကျဆုံး
သွားသောအာဇာနည်ခေါင်းဆောင်ကြီးများအား အလေး
ပြုခြင်းနှင့်နိုင်ငံတော်သမ္မတဦးသိန်းစိန်မှပေးပို့သော(၆၉)
နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုသဝဏ်လွှာအား သက်ဆိုင်ရာ တာဝန်ရှိသူမှ ဖတ်
ကြားခြင်းများ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။



“ပြည်ထောင်စုနေ့ဆိုတာ ပင်လုံစာချုပ် ချုပ်ဆိုတဲ့နေပါ။တောင်းတန်း ပြည်ပ တိုင်ရင်းသားအားလုံးညီညီညွှတ်ညွှတ်နဲ့ လွတ်လပ်ရေးရယူပြီး အုပ်မြစ်ချခဲ့တဲ့နေ့ပါ။ပင်လုံစာချုပ် ချုပ်ဆိုခဲ့တုန်းကလို စိတ်ဓါတ်မျိုးနဲ့ တိုင်းရင်းသားအားလုံး ညီညီညွှတ်ညွှတ်နဲ့ တိုင်းပြည်ကို ပြန်လည်ထူးထောင်သွားမယ်ဆို မကြာခင်မှာ တိုင်ပြည် ပြန်လည်ဖွံ့ဖြိုးတိုးတက်လာမယ်လို့ယုံကည်ပါတယ်။တိုင်းရင်းသားအားလုံး ကိုယ့်ရဲ့လူမျိုးစွဲမထားပဲ ပြည်ထောင်စုစိတ်ဓါတ်နဲ့  နိုင်ငံတစ်နိုင်ငံထဲမှာ ရှိတဲ့ နိုင်ငံသားတိုင်းအတူတကွနဲ့ ဒီနိုင်ငံတိုးတက်အောင် ပြည်ထောင်စုစိတ်ဓါတ်နဲ့အခြေပြုသွားမယ်ဆိုရင် အခုဖြစ်နေတဲ့ စစ်ပွဲတွေ ပြီးဆုံးသွားမယ်လို့ယုံကြည်ပါတယ်။ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကတော့ စတင်နေပါပြီ။ စစ်ရေးအရမဖြေရှင်းပဲ တိုင်းရင်းသားတွေအပေါ်ကို နိုင်ငံရေးအရ ဖြေရှင်းပေးစေချင်ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လူငယ်တွေအားလုံး ပင်လုံကိုရောက်နေပါတယ်။တစ်နိုင်ငံလုံးက တိုင်းရင်းသားတွေကို ဖိတ်ကြားပြီး စည်းလုံးညီညွှတ်မှုတစ်ခုရအောင် အားလုံးဒီမှာရောက်ရှိနေကြပါတယ်။” ဟု  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ပြည်မြို့ အမှတ်(၂)မဲဆန္ဒနယ် ဦးကျော်ဇေယျ ကပြောသည်။



ပြည်ခရိုင်အတွင်းရှိ မြို့နယ်များအားလုံးတွင် ၆၉-နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အထိမ်းအမှတ်အနေဖြင့် အားကစားပြိုင်ပွဲများ၊ကဗျာနှင့်စာစီစာကုံးပြိုင်ပွဲများ၊တိုင်းရင်းသားရိုးရာ အကအလှများ စသည့် ပြည်ထောင်စုနေ့အထိမ်းအမှတ်အခမ်းအနားများ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။



“တိုင်းရင်းသားအားလုံးနဲ့သက်ဆိုင်တဲ့နေ့ထူးနေ့မြတ်တစ်ခုပါ။ ပင်လုံစာချုပ် ချုပ်ဆိုနိုင်ခဲ့တာဟာ တိုင်းရင်းသားအားလုံး တစ်ဦးနဲ့တစ်ဦး စည်းလုံးညီညွှတ်မှုကိုပြသပြီး လွတ်လပ်ရေးရရှိခဲ့ပြီး စာချုပ် ချုပ်ဆိုခဲ့တဲ့နေ့တစ်နေ့ဖြစ်ပါတယ်။ ကျွန်တော်တို့ပြည်သူတွေအနေနဲ့ နောက်တက်လာမဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက် ဒီနေ့ဟာ ဘာနေ့ ဘာ့ကြောင့်ဖြစ်လာတယ်။ဒီနေ့ကစပြီး ဒီလိုအတုယူစရာ တိုင်းရင်းသားအားလုံးရဲ့စိတ်ဓါတ်ကိုမွေးမြူထားရမယ်ဆိုတာတွေကို ကလေးတွေကြိုက်တဲ့ အားကစားပွဲတွေ၊ကဗျာတွေ၊ကာတွန်းတွေ၊တိုင်းရင်းသားရိုးရာအကတွေ အဲဒါလေးတွေနဲ့ ပြိုင်ပွဲဝင်ခေါ်တယ် ပြီးတော့ ကျွန်တော်တို့သိသလောက် ပင်လုံစာချုပ်အကြောင်းလက်လှမ်းမှီသမျှရှင်းပြတယ်။တိုင်းရင်းသားစစ်ပွဲတွေရပ်တန့်သွားစေချင်ပါတယ်။ တစ်နိုင်ငံထဲနေ တစ်မြေထဲလျှောက် တစ်နိုင်ငံထဲကရေ အတူသောက်ပြီး မတည့်တာတော့ မဖြစ်စေချင်ဘူး။” ဟု ပေါင်းတည်မြို့ ဒေသခံ ဦးညီမင်း ကပြောသည်။



အဆိုပါ ပြည်မြို့မှာကျင်းပသည့် (၆၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့
ပြည်မြို့နယ်ရှိဌာနဆိုင်ရာများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊
မိခင်နှင့်ကလေးစောက်ရှောက်ရေးအဖွဲ့ဝင်များ၊အမျိုးသမီး
ရေးရာအဖွဲ့ဝင်များ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊အ.ထ.က(၂)
ဘင်ခရာအဖွဲ့ကျောင်းသား/ကျောင်းသူများ၊ရပ်ကွက်အုပ်
ချုပ်ရေးအဖွဲ့ဝင်များ၊စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ဒေသခံ
ပြည်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။



K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ

ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019

No comments:

Post a Comment