နေအိမ်ခေါင်းရင်း ဖုန်းတိုင်စိုက်ထူခြင်းအား ဒေသခံများကန့်ကွက်၍ ဆက်လက်ဆောင်ရွက်နေပါက နိုင်ငံတော်သမ္မတအထိတိုင်ကြားသွားမည်
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ် အနောက်လက္ခုပ္ပင်အုပ်စု ကျေးရွာတွင် တယ်လီနော ဖုန်းတိုင်စိုက်ထူခြင်းကိစ္စ နှင့်ပတ်သက်ပြီး ဖုန်းတိုင်စိုက်ထူမည့် အနီးနားဝန်ကျင်တွင် နေကြသည့် ဒေသခံ ကျေးရွာသားများက ဖုန်းတိုင်မစိုက်ထူရန် ရပ်/ကျေး အုပ်ချုပ်ရေးမှူး နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးထံ သို့ လက်မှတ်ထိုးတိုင်ကြားခဲ့သော်လည်း ယနေ့အထိ တယ်လီနော ဖုန်းတိုင်စိုက်ထူးခြင်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်လျှက်ရှိကြောင်းသိရသည်။ ဖုန်းတိုင်စိုက်ထူမည့် အနီးအနားနေထိုင်သူ ဒေသခံများကန့်ကွက်၍ ဆက်လက်ပြီး ဖုန်းတိုင်စိုက်ထူးခြင်းများ ပြုလုပ်နေပါက နိုင်ငံတော်သမ္မတ နှင့် သက်ဆိုင်ရာဝန်ကြီးဌာနတွေကိုပါ တစ်ဆင့်တက် တိုင်ကြားသွားမည်ဖြစ်ကြောင်းသိရသည်။
“ကျွန်တော့အိမ်နဲ့အနီးနားဝန်းကျင်မှာ ကျောင်းသားနဲ့ကလေးတွေရှိနေတယ်။ ကျွန်တော့အိမ်ခေါင်းရင်းမှာ တယ်လီနောဖုန်းတိုင်လာစိုက်ထူဖို့ ကျွင်းကြီးတွေလည်းတူးပြီးကုန်ပြီ။ ဒီရွာက နှစ်စဉ် နှစ်တိုင်း ရေကြီးနေတဲ့ကျေးရွာပါ။ မြေတွေကလည်းအရမ်းပျော့တယ်။ နှစ်စဉ်ရေက ဒူးလောက်အထိရေတက်တဲ့ရွာဆိုတော့ မြေတွေကခိုင်မာမှုမရှိဘူး။ကျွန်တော့မိသားစုလည်း ကျန်းမာရေးမကောင်းဘူး။ တစ်ကမ္ဘာလုံးကချိတ်ဆက်ပြီးထွက်လာတဲ့ ဒီဖုန်းလိုင်းတွေက ကျွန်တော်တို့ မိသားစု အပါဝင် အနီးနားရွာသားတွေရဲ့ ကျန်းမာရေးတွေပါ ထိခိုက်နိုင်တယ်။ ရွာမှာမြေတွေ ပျော့လွန်းလို့ ဟိုတစ်လောကတင် သစ်ပင်ကြီးတစ်ပင်အိမ်ပေါ်အမြစ်လိုက်ကျွတ်လဲခဲ့တယ်။ ညအိပ်ချိန်မှာလဲတော့ လူပိပြီး သေတာတွေတောင်ဖြစ်တယ်။ ဒီတယ်လီနောတိုင်ကို ဒီနားမှာလုံးဝဆောက်ခွင့် မပြုနိုင်ဘူး။” ဟု အနောက်လက္ခုပ္ပင်ကျေးရွာ အုပ်စု နေထိုင်သူ ကိုမျိုးမင်း ကသမဂ္ဂဂျာနယ်သို့ ပြောသည်။
အဆိုပါတယ်လီနောတိုင် မစိုက်ထူရန် ၁၉.၁၁.၂၀၁၅ ရက်နေ့တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးရုံးသို့ တိုင်ကြားခဲ့ပြီး ၁.၁၂.၂၀၁၅ ရက်နေ့တွင်တစ်ဆင့်တက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ တယ်လီနောဖုန်းတိုင် စိုက်ထူမည့် အနီးနေထိုင်သူ ဒေသခံ ၁၃ ဦးတို့မှ ၂ ကြိမ် လက်မှတ်ထိုးတိုင်ကြားခဲ့သော်လည်း ယနေ့အထိ လုပ်ငန်းများ ဆက်လက် လုပ်ကိုင် ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
“တစ်ချို့နေရွာတွေမှာ ကျွန်တော်တို့ကို အသိမပေးပဲ ကျေးရွာတွေနဲ့အဆင်ပြေအောင် ဆောင်ရွက်သွားလို့ မသိလိုက်ရတာတွေတောင်ရှိနေတယ်။ ကျေးရွာတွေနဲ့ အဆင်မပြေမှ ဒီအကြောင်းတွေကသိရတယ်။ ဖုန်းတိုင်ကိစ္စတိုင်စာတွေအများကြီးပါပဲ။ ပတ်ဝန်းကျင်နဲ့ဒေသခံတွေလက်မခံရင် အမှန်တစ်ကယ်လုပ်ငန်းဆောင်ရွက်နေတယ်ဆိုရင် ကျွန်တော်တို့ တားမြစ်စာပို့မယ်။ခေါ်ယူတွေ့ဆုံသတိပေးသွားမှာပါ။ နယ်မြေအုပ်ချုပ်ရေးမှူး နဲ့ ရပ်ထောက်ကူတွေ ခေါ်ပြီး တွေ့ဆုံမေးမြန်းပြီး လိုအပ်သလိုဆောင်ရွက်ဖြေရှင်းပေးသွားပါမယ်။” ဟု ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်အောင် က သမဂ္ဂဂျာနယ်သို့ပြောသည်။
အဆိုပါ တယ်လီနောတိုင်စိုက်ထူခြင်း လုပ်ငန်းများကို ၁.၁၂.၂၀၁၅ ရက်နေ့ မှာစတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး တယ်လီနောတိုင်စိုက်ထူမည့် ဘေးကပ်လျှက်ရှိနေအိမ် များမှဒေသခံများ နှင့် ကျေးရွာနေသူများ၊ရပ်ထောက်ဥက္ကဌ၊နယ်မြေခံ ရာအိမ်မှူး တို့ကလည်း ဖုန်းတိုင်မစိုက်ထူရန် မြေကွက်စ၀ယ်သည်ဟု ကြားစဉ်ကတည်းက တိုင်းကြားမှုများ တားဆီးမှုများ ပြောကြားခဲ့ပြီး ဆက်လက်လုပ်ဆောင်နေပါက နိုင်ငံတော်သမ္မတ အပါဝင် သက်ဆိုင်ရာ ၀န်ကြီးဌာနတွေကို ဆက်လက်တိုင်ကြားသွားမည်ဟု သိရသည်။
မောင်ပန်ကာ(ပြည်)
ပြည်သတင်း
www.facebook.com/pyaynews
No comments:
Post a Comment