Wednesday, October 7, 2015

သရေခေတ္တရာဇုံအတွင်းရှိ နေအိမ် ၈၀ ကျော်မှ နေအိမ် ၇ လုံးအား အောက်တိုဘာ ၅ ရက်နေ့နောက်ဆုံးထားဖျက်သိမ်းခိုင်း



ပြည် အောက်တိုဘာ ၅

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ သရေခေတ္တရာရှေးဟောင်းဇုံအတွင်းတည်ဆောက်ထားသည်ဟုဆိုကာ နေအိမ် ၈၀ ကျော်ရှိရာမှာ နေအိမ် ၇ လုံးအား အောက်တိုဘာ ၅ ရက်နေ့တွင်နောက်ဆုံးထားဖျက်သိမ်းရလျှက်ရှိကြောင်းသိရသည်။ အဆိုပါနေအိမ် ၈၀ ကျော်ထဲမှ ၁၇.၇.၂၀၁၅ ခုနှစ်မှစတင်ကာ ယဉ်ကျေးမှုကာကွယ် ထိန်းသိမ်းရေးမှု ဥပဒေပုဒ်မ ၂၄ ဖြင့် နေအိမ် ၄ လုံးအား သရေခေတ္တရာဌာနစု ဒုတိယညွှန်ကြားရေမှူး ဦးဇော်မျိုးကျော် ကတရားလိုလုပ်အမှုဖွင့်၍ ပြည်မြို့ အမှတ်(၃)နယ်မြေရဲစခန်းတွင် တိုင်ကြားခဲ့ကြောင်းသိရသည်။

“ စွဲတာတော့အကုန်ဆွဲမှာပါ။ ၂၀၁၃ နောက်ပိုင်းစာရင်းကောက်ယူထားတဲ့အတိုင်းဆိုရင် အိမ်ခြေ ၁၀၀ လောက်ရှိတယ်။အခုက အုပ်စုလိုက် တစ်သုတ်ပြီးတစ်သုတ်စတင်အမှုဖွင့်လုပ်ဆောင်နေတာပါ။ ၂၀၁၃ ခုနှစ် နောက်ပိုင်းကအဆောက်အဦးတွေကို တိုးချဲ့ပြုပြင်ခြင်း အဆောက်အဦးတွေထပ်မလုပ်ခိုင်းတော့ပါဘူး။ ၂၀၁၃ အလွန်ကစပြီးတည်ဆောက်တဲ့အဆောက်အဦးနဲ့အိမ်တွေကိုပဲ ကျူးကျော်အနေနဲ့တရားစွဲဆိုသွားမှာပါ။ယူနက်စကိုစာရင်းဝင်တာ ၂၀၁၄ခုနှစ်မှာပါ။၂၀၁၃ ခုနှစ်နောက်ပိုင်းမှာတည်ဆောက်တဲ့ အိမ်တွေကို သုံးကြိမ်ဆက်မဆောက်ဖို့စာတွေပေးပို့ခဲ့တယ်။ဒါပေမယ့်မရဘူးဆက်ဆောက်နေကြတော့ ပြည်ခရိုင်ထွေအုပ်ကို စာတွေပို့တင်ပြခဲ့ပြီး ခရိုင်ထွေအုပ်က ဥပဒေအတိုင်းဆက်လက်ဆောင်ရွက်ဖို့ခွင့်ပြုတာနဲ့ အခုလိုအမှုဖွင့်တာတွေလုပ်တာပါ။ ”ဟု သရေခေတ္တရာဌာနစု ဒုတိယညွှန်ကြားရေမှူး ဦးဇော်မျိုးကျော် ကဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ လက်ရှိနေအိမ်အားဖျက်သိမ်းလျှက်ရှိသည့် ပြည်မြို့ ရွှေတံခါးအပိုင်း(၂) ပျားဂေဟာလမ်းနေထိုင်သူ မခင်မာအေး က “ ဒီအိမ်ကို ဒီနေ့နောက်ဆုံးထားဖျက်ခိုင်းတယ်။ ဒီနေ့မဖယ်ဘူးဆိုရင် ထောင် ၅ နှစ်အထိအမိန့်ချပစ်လို့ရတယ်လို့ အမှတ်၃ စခန်းကအရာရှိတွေပြာတယ်။ကျွန်မဒီအိမ်ကိုဖျက်ပြီး ဘယ်နေရာသွားနေရမှာလည်း။မိသားစုနေထိုင်ရေးအပြင်စားဝတ်နေရေးတွေပါအကုန်ဒုက္ခရောက်ကုန်တာပေါ့။မြေနေရာလည်းမပေးဘူး။ဒီနားမှာအိမ်တွေအများကြီးရှိနေတာ အဲဒိအထဲက အိမ်တွေရဲ့ကြားထဲရောက်နေတဲ့ကျွန်မအိမ်ကိုမှရွေးဖျက်ခိုင်းတာ။လုံးဝမတရားဘူး။အိမ်ငှားနေဖို့ဆိုတာ မလွယ်ပါဘူး။” ဟု၎င်းကဆိုသည်။

အဆိုပါသရေခေတ္တရာရှေးဟောင်းယဉ်ကျေးမှုဇုံအတွင်းရှိ နေအိမ် ၃လုံးအား မှုလအဖွင့်တိုင်ကြားထားသည့်အတိုင်း ၁၄.၉.၂၀၁၅ ရက်နေ့တွင် ထပ်မံ၍တိုင်ကြားထားမှုကြောင့်  စုစုပေါင်း လက်ရှိနေအိမ် ၇ လုံးအား အောက်တိုဘာ ၅ ရက်နေ့နောက်ဆုံးထားဖျက်ခိုင်းပြီး ဖျက်ပြီးသည့်နေအိမ်များအား ဓါတ်ပုံရိုက်၍ ပြည် အမှတ်(၃)နယ်မြေရဲစခန်းသို့ လာရောက်ပေးပို့ရမည်ဖြစ်ကြောင်းသိရသည်။

၎င်းစက်တင်ဘာ ၅ ရက်နေ့နောက်ဆုံးထားဖျက်သိမ်းစေခိုင်းသည့် နေအိမ်ကိစ္စများနှင့် ပတ်သက်ပြီး ပြည်မြို့အမှတ်(၃)နယ်မြေခံရဲစခန်း မှ တာဝန်ရှိသူတစ်ဦးက “အခုဆို ၇ အိမ်ရှိနေပြီ လာပြီးအမှုဖွင့်နေတာ။ယဉ်ကျေးမှုကာကွယ်ထိန်းသိမ်းမှု ဥပဒေပုဒ်မ ၂၄ ကျူးလွန်အနေနဲ့ သရေခေတ္တရာဌာနစု ဒုညွှန်ကြားရေးမှူး ကအမှုဖွင့်လာရောက်တိုင်ကြားခဲ့တာပါ။အားလုံး ၇ ဦး ၇ မှု့ပါ။အခုက စစ်ချက်တွေစယူနေပါပြီ။ ဖျက်တဲ့အိမ်တွေလည်းဖျက်နေကြပြီ။ဒါတွေက အိမ်ကိစ္စပါ နောက်ပိုင်းမြေဖယ်ခိုင်းမှုတွေပါလာရင် ဒီပြဿနာကအရှည်ကြီးရှင်းရအုံးမယ်။ ” ဟု၎င်းကဆိုသည်။

အဆိုပါ ယဉ်ကျေးမှု့ကာကွယ်ထိန်းသိမ်းမှု့ ဥပဒေ ပုဒ်မ ၂၄ ကျူးလွန် အနေဖြင့် ထောင်ဒဏ် ၅ နှစ်သော်ကျခံနိုင်ကြောင်း နှင့် ဖျက်သိမ်းပြီးပါကလည်း ဒဏ်ငွေအရ ကျပ်ငါးသောင်းဆောင်ရန်ရှိကြောင်း အမှတ်(၃)နယ်မြေရဲစခန်း တာဝန်ရှိသူတဦးထံမှသိရသည်။

K3(pyay)
ဒီမိုကရေစီတူဒေးသတင်းစာ


No comments:

Post a Comment