မဲလိမ်တာလား၊ မဲခိုးတာလား၊ မဲ မသမာမှုလား တာဝန်ရှိတဲ့ ဦးတင်အေး ဖြေရှင်းပါ
ပြည်ပရောက် မြန်မာနိုင်ငံသားများ ဒုက္ခခံ၍ ကြိုတင် မဲပေးရာတွင် မဲလက်မှတ် အပြည့်အစုံ မရရှိခြင်းကဲ့သို့ မဲမသမာမှုဟု ယူဆရသော ဖြစ်စဉ်များ နိုင်ငံ အများအပြားတွင် တွေ့ကြုံနေရ
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ပြည်ပရောက် မြန်မာနိုင်ငံသားများသည် ၎င်းတို့ရောက်ရှိရာ နိုင်ငံများတွင် ကြိုတင်မဲများ စတင်ပေးနေပြီ ဖြစ်ပြီး ထိုသို့ ကြိုတင်မဲပေးရာတွင် ညမအိပ်ဘဲ ဒုက္ခခံကာ တန်းစီပြီး မဲပေး နေကြခြင်း ဖြစ်သည်။ ထို့ပြင် အချို့သည် မိုင်ရာချီ ဝေးသော ဒေသမှ လာရောက်၍ မြန်မာသံရုံးတွင် ကြိုတင်မဲ လာရောက်ပေးကြခြင်း ဖြစ်သည်။ ထိုသို့ ကြိုတင်မဲပေးရာတွင် ကြိုတင်မဲ ပေးရန်အတွက် ပုံစံ ၁၅ ဖြင့် စာရင်း ပေးထားသော်လည်း မဲစာရင်း၌ အမည်မပါခြင်း၊ မဲလက်မှတ် အပြည့်အစုံ မရရှိခြင်းကဲ့သို့ မဲမသမာမှုဟု ယူဆရသော ဖြစ်စဉ်များ နိုင်ငံ အများအပြားတွင် တွေ့ကြုံနေရကြောင်း သတင်းရရှိသည်။
ကြိုတင်မဲပေးမှုများကို အောက်တိုဘာ ၁၅ ရက်က စင်ကာပူနိုင်ငံ၊ တောင်ကိုရီးယား နိုင်ငံတို့တွင် စတင်ခဲ့ပြီး အမေရိကန်၊ ဂျပန်၊ သြစတြေးလျ၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့ တွင် အောက်တိုဘာ ၁၇ ရက်၌ ပေးခဲ့ကြခြင်း ဖြစ်ကာ နိုင်ငံတိုင်းရှိ မြန်မာသံရုံးများတွင် မဲစာရင်း၌ အမည်မပါခြင်း၊ မဲလက်မှတ် မ ပြည့်စုံခြင်း (လွှတ်တော် သုံးရပ်အတွက် ပြည်သူ့လွှတ်တော် မဲလက်မှတ်မရရှိခြင်း၊ တိုင်းဒေသကြီးလွှတ်တော်အတွက် မဲလက်မှတ် မရရှိခြင်း) အစရှိသည်တို့ကို ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
"မဲကတော့ လာတုန်းက သုံးမဲပေးမယ် ဆိုပြီးတော့ လာခဲ့တာ။ ဒါပေမဲ့ ပြည်သူ့ လွှတ်တော်ဖြစ်တဲ့ အဓိက အရေးကြီးတဲ့မဲက ကျွန်မ မရပါဘူး။ ကျွန်မ တောင်ဥက္ကလာပ မြို့နယ်ကပါ။ တောင်ဥက္ကလာပမြို့နယ်မှာရှိနေ တဲ့သူတွေ အကုန်လုံး ပြည်သူ့လွှတ်တော်မဲ မပါဘူးလို့ သံရုံးက တာဝန်ရှိတဲ့သူတစ် ယောက်က ပြောပါတယ်။ အဲဒီအတွက် ကြောင့် ကျွန်မ ၂၃ ရက်နေ့မှာ ထပ်ပြီးတော့ တိုးတဲ့မဲမှာ ထပ်လာပေးရမယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့ ဃသည်ငမာ ကျွန်မတို့ ဘက်ကိုဘာမှ မပေးပါဘူး။ ကျွန်မတို့ တောင်း ပေမယ့် မရပါဘူး။ အဲဒီအတွက်တော့ အ ဆင်မပြေတာလေးတွေ တော်တော်လေး ရှိ ခဲ့ပါတယ်ဓဟု ဂျပန်တွင် ကြိုတင်မဲထည့်ခဲ့သူ အမျိုးသမီးတစ်ဦး၏ အတွေ့အကြုံကို ဂျပန် ရောက် မြန်မာများ၏ ကြိုတင်မဲပေးမှု အခြေ အနေကိုအဆက်မပြတ် ဖော်ပြခဲ့သော Aung Tun Lin အမည်ရှိ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသော ဗီဒီယိုဖိုင်၌ ပါရှိခဲ့သည်။
ထို့အတူ “ဘယ်လိုပဲ တောင်းတောင်း တောင်ဥက္ကလာပအတွက်က နှစ်မဲပဲ ရပါတယ်။ ဘာလို့လဲလို့ မေးတဲ့အခါ မသိပါဘူးတဲ့”ဟု ဂျပန်ရောက် မြန်မာနိုင်ငံသားတစ်ဦးက ကြိုတင်မဲပေးမှု အခြေအနေနှင့် ပတ်သက်၍ ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။
“ယနေ့ ဂျပန်ရှိ မြန်မာသံရုံး မှာ မနက် ၈ နာရီကစပြီး ကြိုတင်မဲပေးနေပြီး မဲမရိုးသားမှု၊ မဲမသမာမှုတွေ ဖြစ်ပေါ်နေပါ တယ်။ အဲဒီအထဲမှာ မဲပေးခွင့် မရသူ၊ နှစ်မဲ၊ တစ်မဲပဲ ပေးခွင့်ရခဲ့သူတွေ၊ မဲပေးခွင့် ပုံစံ (၁၅) တင်ထားပြီး မဲပေးခွင့်မရသူတွေကိုလည်း အတော်များများ တွေ့ခဲ့ရသလို ပုံစံ (၁၅) လင်မယားနှစ်ယောက်အတူတူတင်ပြီး မိန်း မက မဲပေးလို့ မရခဲ့တာ၊ ယောကျာ်းက မဲပေး ခွင့်စာရင်းထဲ ပါမလာတာ၊ သူငယ်ချင်းတွေ စုပြီး တစ်ပြိုင်နက်တည်း စာတိုက်ကနေ မဲ ပေးခွင့်တင်တာ တစ်ယောက်ပဲ မဲပေးခွင့် ရခဲ့ တာ စတဲ့ပြဿနာတွေ၊ တောင်ဥက္ကလာပမြို့ နယ်အတွက် အားလုံး မဲနှစ်နေရာအတွက်ပဲ ပေးခွင့်ရခဲ့တာ၊ ဦးအောင်သိန်းလင်း ၀င် ရောက်ယှဉ်ပြိုင်တဲ့ ပြည်သူ့လွှတ်တော်အ တွက် မဲစာရွက်ကို သံရုံးက မပေးဘူး၊ မဲရုံမှူး လက်မှတ်မပါတာတွေ၊ စာအိတ်ပြဲနေတာ တွေ၊ အစွန်းအထင်းပါတဲ့သူတွေလည်း ရှိနေ ပါတယ်။ နယ်ကနေ ရထားတစ်ညလုံး စီး လာပြီး အင်းစိန်မဲဆန္ဒနယ်အတွက် တစ်မဲပဲ ပေးခွင့်ရခဲ့တဲ့အစ်မတစ်ယောက်လည်း စိတ်ပျက်လက်ပျက်နဲ့ နယ်ပြန်သွားတာကို တွေ့ခဲ့ရတယ်”ဟု Swe Myint အမည်ရှိ Facebook Account တွင် ရေးသားထားသည်ကို တွေ့ရသည်။
ထို့ပြင် စစ်ကိုင်းတိုင်းတွင် နေထိုင်နေ ပြီး ပုံစံ ၁၅ ဖြင့် မဲပေးခွင့် လျှောက်ထားခဲ့သူ များမဲစာရင်း၌ အမည်မပါခဲ့ခြင်း၊ တောင် ဥက္ကလာပမြို့နယ်နည်းတူ အင်းစိန်အပါအ ၀င် အခြားမြို့နယ်များတွင် နေထိုင်ကြသူ များ မဲလက်မှတ်အပြည့်အစုံမရရှိခြင်းများရှိခဲ့ကြောင်း Aung Tun Lin Facebook Account တွင် ဖော်ပြထားသောဗီဒီယိုဖိုင် အင်တာဗျူးများမှတစ်ဆင့် သိရှိရသည်။
ထို့အတူ ကြိုတင်မဲပေးရန်အတွက် မိုင် ရာချီသွားပြီး မဲပေးခဲ့သူ သြစတြေးလျနိုင်ငံရှိ ဒေါက်တာထွန်းအောင်ရွှေက “ကင်ဘာရာ မြန်မာသံရုံးက တာဝန်ရှိသူတစ်ဦးက ဒီနေ့ ပြောပြတာပါ။ အင်းစိန်မြို့နယ်က ကြိုတင်မဲ ပေးခွင့်ရသူတွေအတွက် ပို့လိုက်တဲ့မဲပြား တွေက အမျိုးသားလွှတ်တော်အတွက်ပဲ ပါ လာပါတယ်တဲ့။ ဒီအတွက် သြစီရောက် မဲ ပေးခွင့်ရသူ အင်းစိန်သူ။အင်းစိန်သားများ ပြည်သူ့လွှတ်တော်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်နဲ့ တိုင်းရင်းသားကိုယ်စားလှယ် များကို မဲပေးခွင့် မရခဲ့ကြပါ။ အလားတူအ ဖြစ်မျိုး အခြားမြို့နယ်များမှာလည်းဖြစ်ခဲ့ ကြောင်း မဲလာပေးသူများမှလည်း ပြောပြလို့ သိရပါတယ်။ တာမွေနဲ့ ဗဟန်းကတော့ မဲအ စုံ ပါလို့ အဲဒီမြို့နယ်များအတွက် ကြိုတင်မဲ ပေးကြရသူများ ကံကောင်းခဲ့ကြပါတယ်”ဟု ၎င်း၏ Facebook Account တွင် ရေးသားထားသည်။
“ဒီတော့ မေးပါရစေ။ (၁) ရွေး/ကော် ဗဟိုနဲ့ အဖွဲ့ခွဲတွေရဲ့ လုပ်ငန်းစွမ်းဆောင်ရည် ညံ့ဖျင်းချက်နဲ့ နိုင်ငံသားများရဲ့ အခြေခံအခွင့်အရေး ဆုံးရှုံးမှုများအတွက် မည်သူ့တွင် တာဝန်ရှိပါသလဲ။ (၂) မပါလာတဲ့ မဲများကို ကြားတစ်ဆင့်တွင် လိုသလို ဖြည့်စွက်၊ မဲရုံး မှူးလက်မှတ်အတုထိုး၊ ပြီးမှ သက်ဆိုင်ရာ မဲရုံကို နိုင်ငံခြားမှ ရောက်လာသော ကြိုတင် မဲများဟု ပေးပို့ခြင်းမျိုး မဖြစ်စေရပါဘူးလို့ မည်သူက အာမခံချက်ပေးနိုင်ပါသနည်း။ ၂၀၀၈ ခြေဥအရ ရွေး။ကော်ကို သမ္မတက ဖွဲ့စည်းပေးရပြီး တာဝန်မဲ့မှုများအတွက် သမ္မတကသာ စွပ်စွဲပြစ်တင်လို့ရတယ်လို့ ဆိုထားပါတယ်။ နိုင်ငံသားများရဲ့ အခြေခံ အခွင့်အရေး ဆုံးရှုံးမှုများအတွက် နိုင်ငံသားများက တိုက်ရိုက်စွပ်စွဲ အပြစ်တင်ခွင့် ပေးမထားပါ။ သမ္မတကြီးခင်ဗျာ။ သမ္မတကြီးရဲ့သမိုင်း သမ္မတကြီးပဲ ရေးရပါမည်”ဟု ၎င်းက ဆက်လက်ရေးသားထားသည်။
ပြည်ပရောက် မြန်မာများ၏ ကြိုတင်မဲ ပေးမှုများအနက် စင်ကာပူတွင် အောက်တို ဘာ ၁၅ ရက်က စတင်ခဲ့ပြီး စင်ကာပူ၌ ကြို တင်မဲပေးသည့် ပထမနေ့တွင်လည်း မဲလက် မှတ်ပြည့်စုံစွာမရရှိခြင်း ပြဿနာအချို့ရှိခဲ့သည်။ ထို့အတူ တောင်ကိုရီးယား၌ မဲပေးမှု မှာလည်း အောက်တိုဘာ ၁၅ ရက်တွင် စတင်ခဲ့ခြင်းဖြစ်ကာ မဲစာရင်း၌ အမည်မပါ သူ ၃၀၀၀ ကျော်နှင့် မဲလက်မှတ်အပြည့်အစုံမရသူများထွက်ပေါ်လာခြင်းဖြစ်သည်။ ဂျပန်၊ ထိုင်းနှင့် မလေးရှားတို့၌ ကြိုတင်မဲ ပေးမှုကို အောက်တိုဘာ ၁၇ ရက်တွင် ပြု လုပ်ခဲ့ခြင်းဖြစ်ကာ ဂျပန်နှင့် သြစတြေးလျ၌ မဲစာရင်းမပါသူ၊ မဲလက်မှတ် အပြည့်အစုံမရ သူအလုံးအရင်းထွက်ပေါ်လာခြင်းဖြစ်သည်။
“ဒီနေ့ ကြိုတင်မဲအတွက် အဖြစ်ပျက်လေးကို မျှဝေချင်ပါတယ်။ ကျွန်မတို့ ဆောမြို့ နယ် မဲဆန္ဒနယ်မဲစာရင်းအတွက် စင်ကာပူ ကမဲပေးသူ အရမ်းနည်းပါတယ်။ ဒီနေ့ မဲ သွားပေးတာမှာ ကိုယ့်နယ်စာရင်းအရဆို ကျွန်မနောက်ဆုံးမဲပေးသူပါ။ အဲဒါနဲ့ မဲရုံမှူး လက်မှတ်တွေစစ်၊ မဲဆန္ဒနယ်တွေစစ်တော့မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မဲပဲမှန် တယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အတွက်က စာအိတ်ပေါ်က စာလဲမှား အထဲ မှာ မဲပေးဖို့ဟာလဲမပါဘူး။ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ကျတော့  စာအိတ် ရော အထဲက မဲရော မဲဆန္ဒနယ်မှားနေတယ်။ အဲဒါနဲ့ မဲရုံမှူးကိုမေးတော့ မဲရုံမှူးက သူရှာ ပေးမယ်ဆိုပြီးရှာတော့ တခုမှမရှိတော့ဘူး။ ကျွန်မမဲက ဆောမြို့နယ်အတွက်ကနောက် ဆုံးဖြစ်နေပါပြီတဲ့။ အဲဒါဆိုဘယ်လိုလုပ်ပေး မှာလဲပြောတော့ ရွေးကောက်ပွဲကော်မရှင် ကိုလိပ်မူပြီး ဒီလို ဒီလိုတွေဖြစ်လို့ မဲပေးခွင့် မရခဲ့တဲ့အကြောင်း ရေးပြီးသူ့ကိုပေးပါတဲ့။ ကျွန်မက ပြောတယ်။ ဟုတ်ပြီ မဲပေးခွင့်မရ ဘူးဆိုပြီးရေးတာပဲရှိတာလေ အခုကျွန်မ အတွက် မဲပေးခွင့်နှစ်ခုကိုဘယ်လိုလုပ် ပေး မှာလဲ။ အခုရေးလိုက်တဲ့စာကရော Officially ကော်မရှင်ကိုရောက်ရောရောက်မှာလား..။ ဘယ်လို Action ယူတယ်ဆိုတာရော ဘယ်လိုသိနိုင်မလဲ။ ဘယ်တော့ သိရမလဲ မေးတော့ အဲဒါ ကော်မရှင်ကပဲအကုန်ဆုံး ဖြတ်မှာ .. သူတို့ဘာမှမသိဘူးတဲ့။ ဘယ်တော့ အကြောင်းပြန်မယ်ဆိုလဲမသိဘူး .. ကော်မရှင်ဖက်ကအကြောင်းပြန်ဖြစ်ရင် ဖုန်းဆက်ပေးမယ်တဲ့။ အဲဒါဆိုကျွန်မရဲ့ ဒီနှစ်မဲက ပယ်မဲဖြစ်သွားမှာပေါ့လို့ပြောတော့ သူတို့က ခိုင်းတဲ့အတိုင်းပဲလုပ်ရတာ သူတို့လဲ မသိပါဘူးတဲ့ရှင့်။ အန်ကယ်တို့ အခုလို လက်လွယ်စပယ်တော့ မပြောနဲ့လေ.. သမီးတို က ညကတည်းက မဲပေးချင်လို့မအိပ်ဘဲနဲ့ တောင် စောင့်နေရတာ ပြောလိုက်တယ်။ ပြောရင်း နဲ့ အသံတောင်တုန်တယ်”ဟု မ၀င်းသိင်္ဂီ ထွန်းက ၎င်း ၏ Facebook Account တွင် ရေးသားထားသည်။
“အဲဒါနဲ့ နောက်ထပ် အန်ကယ်တစ်ယောက် Smart ကျကျဝတ်ထားပြီး အသားဖြူဖြူနဲ့တစ်ယောက်က ရောက်လာပြီး ဘာဖြစ်တာလဲ ဘာညာနဲ့ မဲရုံမှူးကိုမေးတော့ ဒီလို ဒီလိုတွေ မှားနေပါတယ်ပေါ့ ရှင်းပြတယ်။ အဲအန်ကယ်က အဲဒါဆို ဖြစ်သမျှကို A4 စာ ရွက်ပေါ်မှာချရေးပြီးထားခဲ့တဲ့။ တခါတလေ မဲစာရွက်တွေက တခြားနိုင်ငံတွေလဲရောက် နေတတ်တယ်တဲ့။ ကျွန်မကပြောတယ် သမီး ရေးလိုက်မယ့်ဟာက မဲပေးလို့ မရဘူးဆိုတဲ့ အကြောင်းပဲပါမှာလေ.. သမီး ဒီနောက် နှစ်မဲကိုပေးချင်တယ်.. အဲဒီမဲပေးခွင့်ရ၊ မရ Offical သိချင်တယ်။ ပြောတော့ အဲအန် ကယ်က “မင်းပြောတဲ့ Official ဆိုတာ ဘာကိုပြောတာလဲ ငါနားမလည်ဘူး..အခုဖြစ်တာတွေအကုန်စာရွက်ပေးကို ချရေးခဲ့.. ငါတို့ Singapore Myanmar Embassy က သူတွေ တာဝန်မယူဘူး ဘာညာ မင်းကြိုက် တာ အကုန်ချရေးလို့ရတယ်..အခု မဲပေးချင် လဲရတယ်..မပေးချင်လဲရတယ်.. မဲစာရွက်ကို ယူသွားချင်လဲရတယ်..သဘောပဲ..ကြိုက်တဲ့ နေရာတိုင်လဲရတယ်.. မင်းရေးတဲ့ အခုစာကို By Hand နဲ့ ဟိုသွားပို့ လဲရတယ်.. မင်းမဲပေးချင်တဲ့  Party နာမည်ကို စာရွက်ထဲ မှာ ထည့်ရေးလဲရတယ်.. ငါတို့က လုပ်ပေး နိုင်တာ ဒါအကုန်ပဲ”လို့  အသံကျယ်ကျယ်နဲ့ ပြောပြီးထွက်သွားလေရဲ့  ..”ဟု ၎င်းက ဆက်လက်ရေးသားထားသည်။
မ၀င်းသိင်္ဂီထွန်းက “စာရေးဖို့ခုံနားလဲ ရောက်ရော ကိုယ့်လိုပဲ မဲပေးခွင့်မရတဲ့သူတွေ အများကြီးပဲ..။ သူတို့လည်း ဒေါတွေ ကန်နေကြတာ..။ တချို့ကကျ ယခုရောက် ရှိနေတဲ့ နိုင်ငံနေရာမှာ ဘာမှရေးထားတာ မရှိလို့ မဲပေးလို့ မရဘူးလို့ ပြောတယ်။ သူတို့ ပုံစံ ၁၅ တင်တုန်းကကျလိပ်စာစုံ အကုန် ဖြည့်ပါတယ်တဲ့။ တချို့တွေက အကုန်အဆင် ပြေပြေနဲ့ မဲပေးသွားနိုင်တဲ့သူတွေကကျ သံရုံးကလူတွေ အရမ်းသဘောကောင်းတယ် ပြောကြမှာပါ။ ကျွန်မလိုအဖြစ်တူတွေ ဒီနေ့ သံရုံးမှာ အများကြီးပါ..”ဟု ၎င်း၏ Facebook Account တွင် ရေးသားထားသည်။
အမေရိကန်ပြည်ထောင်စုရောက် မြန် မာနိုင်ငံသားများအနေနှင့်လည်း အောက် တိုဘာ ၁၇ တွင် ကြိုတင်မဲပေးခြင်းကို လုပ် ဆောင်ခဲ့ကြောင်း သိရသည်။ အမေရိကန် နိုင်ငံ Wisconsin ပြည်နယ်ရောက် မြန်မာ ကျောင်းသားတစ်ဦးသည် လေယာဉ်ဖြင့် ၀ါ ရှင်တန်ဒီစီသို့ သွားရောက်ကာ မြန်မာသံရုံး တွင် ကြိုတင်မဲပေးရန် သွားရောက်ခဲ့ကြောင်း၊ ကြိုတင်မဲဆန္ဒရှင်စာရင်းတွင် ပါဝင်ခဲ့သော် လည်း ကြိုတင်ဆန္ဒမဲလက်မှတ်မပါသော ကြောင့် ကြိုတင်မဲပေးခွင့်ဆုံးရှုံးခဲ့ရကြောင်း RFA သတင်းဌာန အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။
“ကြိုတင်မဲပေးနိုင်ဖို့ သံရုံးက ပုံစံပို့ပေးတဲ့အတွက် နှစ်လကျော်လောက်ကတည်းက ပုံစံ (၁၅) နဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပို့ထားပြီး ကိုယ့်မဲဆန္ဒနယ်မှာလည်း မဲစာရင်း ထဲ ပါထားတဲ့သူအတွက် ဘာကြောင့် ကြို တင်မဲပေးနိုင်တဲ့သူစာရင်းထဲ မပါရသလဲဆိုတာလည်း တာဝန်ခံဖြေရှင်းပေမယ့်သူ ရွေး။ ကော်ကရော ဘယ်လို ပြန်လုပ်ပေးနိုင်မလဲ ဆိုတာ သိပ်ကို သိချင်ပါတယ်။ မိုးကုတ်မြို့နယ် ကြိုတင်မဲပေးနိုင်သူစာရင်းကလည်း နံပါတ် (၅) ကနေပဲ စဖော်ပြထားတယ်။ နံပါတ် (၁)ကနေ (၄) ဘာကြောင့် ပျောက်နေသလဲ။ ဒါတွေ ဘာကြောင့် ဒီလိုဖြစ်ရသလဲ”ဟု ပတ္တမြားမြေစန္ဒာက Facebook တွင် မှတ်ချက်ပြုထားသည်ကို တွေ့ရသည်။
ထိုင်းနိုင်ငံတွင်လည်း ကြိုတင်မဲပေးရန် ပုံစံ ၁၅ ဖြင့် လျှောက်ထားသူ ၁၀၀၀၀ ကျော် ရှိသည့်အနက် ၅၀၀ ကျော်သာ မဲပေးခွင့်ရခဲ့ သည်။ ကြိုတင်မဲပေးခွင့်ရရှိသူများထဲတွင် နေပြည်တော်မှ ၂၅ ဦး၊ ကချင်ပြည်နယ်မှ ၂၃ ဦး၊ ကယားပြည်နယ်မှ သုံးဦး၊ ကရင်ပြည် နယ်မှ ၆၀ ဦး၊ ချင်းပြည်နယ်မှ ၁ ဦး၊ စစ်ကိုင်း တိုင်းဒေသကြီးမှ ၁၃ ဦး၊ တနင်္သာရီ တိုင်း ဒေသကြီးမှ ၂၃ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၂၂ ဦး၊ မကွေးတိုင်းဒေသကြီးမှ ၁၇ ဦး၊ မန္တလေး တိုင်းဒေသကြီးမှ ၆၈ ဦး၊ မွန်ပြည်နယ်မှ ၆၄ ဦး၊ ရခိုင်ပြည်နယ်မှ နှစ်ဦး၊ ရှမ်းပြည်နယ်မှ ၁၀ ဦးနှင့် ရန်ကုန်တိုင်းဒေသကြီးမှ ၂၂၂ ဦး တို့ပါဝင်ကြောင်း ဘန်ကောက်မြို့ မြန်မာသံ ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သို့သော် အဆိုပါ ကြိုတင်မဲပေးခွင့်ရ သူများထဲမှာပင် သန်လျင်မြို့နယ်၌ နေထိုင် သူများ မဲပေးခွင့်မရခဲ့ကြောင်း သိရပါသည်။
“ကျွန်တော် သံရုံးကိုမနက် ၈ နာရီ လောက်ကတည်းက ရောက်နေတာ။ ၉ နာရီ လောက်တော့ မဲစပေးတယ်။ ၁၀ နာရီကျော် လောက်ကျတော့ လူတစ်ရာလောက် ထပ် ရောက်လာတယ်။ တချို့လည်းမဲပေးခွင့်မရ ဘဲ ကျန်ခဲ့သူတွေရှိတယ်။ သန်လျင်မြို့နယ် တစ်ခုလုံးဆိုမပါဘူးလို့ သိရတယ်”ဟု ထိုင်း နိုင်ငံတွင် ကြိုတင်မဲပေးခဲ့သူ ကိုကျော်မင်း ထွန်းက ပြောကြားသည်။
“ကျွန်တော်ကတော့ ကြိုတင်မဲပေးခွင့် လျှောက်ပေမယ့် မြန်မာပြည်မှာ မဲစာရင်း မပါလို့ မဲပေးခွင့်မရဘူး။ သံရုံးမှာလည်း ကြိုး စားကြည့်ပြီးပြီ။ ကျွန်တော်တို့က မဲပျောက် တွေဖြစ်နေတယ်။ နိုင်ငံပျောက်နေတဲ့သူ တွေဖြစ်နေတယ်။ ကျွန်တော်ဆို ဒီမှာ ပတ်(စ်) စာအုပ်နဲ့ Work Permit နဲ့စနစ်တကျနေတဲ့သူပါ။ မြန်မာပြည်ကိုပြန်ပြီး ပတ်(စ်)ပို့ လုပ်ထားတာ။ ထိုင်းမှာ လုပ်တာတောင် မဟုတ်ဘူး။ ကျွန်တော်တို့ဆီမှာလည်း လိပ်စာပျောက် ဖြစ်နေတယ်။ ရန်ကုန်မိသားစုဆီမှာလည်း မပါဘူး။ ပါအောင်လည်း ကြိုးစားခဲ့ပေမယ့် မရဘူး။ သန်းခေါင်စာရင်းလည်း ရန်ကုန်မှာ ရှိတယ်”ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့မှ ဦးကျော်သောင်းက ပြောပါ သည်။
“ကြိုတင်မဲပေးခွင့်ရသူတွေမှာ အစိုးရ ၀န်ထမ်းပိုင်းတွေ ပိုများပါတယ်။ အလုပ် သမားတွေကတော့ သိပ်စိတ်မ၀င်စားကြပါဘူး။ ဒီကိစ္စကို အလုပ်သမားတစ်ဦးအနေနဲ့ နစ် နာရကောင်းမှန်းမသိကြဘူး”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လက်ရှိအချိန်တွင် မဲစာရင်းမပါမှု၊ မဲလက်မှတ် ပြည့်စုံစွာမရရှိခြင်းတို့နှင့် ပတ် သက်၍ တောင်ကိုရီးယားရှိ မြန်မာသံရုံးက အောက်တိုဘာ ၁၆ ရက်တွင် ရှင်းလင်းချက် တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထုတ်ပြန်ချက်အရ ကြိုတင်မဲလက်မှတ်များကိုအောက်တိုဘာ ၁၃ က လက်ခံ ရရှိခဲ့ပြီး မဲလက်မှတ်များကိုစိစစ်ခဲ့ရာ မဲဆန္ဒ ရှင် ၃၇၈၈ ဦးအတွက် မဲလက်မှတ်သာ ပါဝင် ခဲ့ကြောင်း သိရသည်။ သို့သော် ဆိုးလ်မြို့ မြန်မာသံရုံးအနေဖြင့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ထံသို့ ပုံစံ ၁၅ ဖြင့် စောင် ရေ ၆၃၃၁ စောင်ပို့ထားကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကပေးပို့လာသည့် မဲလက်မှတ် များနှင့်ပတ်သက်၍ တွေ့ရှိရသည့် အချက်သုံးချက်ကို ဖော်ပြခဲ့သည်။
ထိုအချက်များအနက် ပထမအချက် မှာ မဲဆန္ဒရှင်တစ်ဦးလျှင် လွှတ်တော်သုံးရပ် အတွက် မဲလက်မှတ်သုံးစောင်နှင့် တိုင်းရင်း သားဖြစ်ပါက လူမျိုးစုလွှတ်တော်အတွက် မဲလက်မှတ် တစ်စောင်၊ စုစုပေါင်းသုံးစောင် သို့မဟုတ် လေးစောင် ပါရှိလာရမည် ဖြစ် သော်လည်း မဲလက်မှတ်များ ပြည့်စုံစွာပါရှိမ လာသည့် အချက်ဖြစ်သည်။
ဒုတိယအချက်မှာမဲလက်မှတ်များနေရာလွဲမှားစွာရောက်ရှိခြင်းဖြစ်ပြီး ဥပမာ မြန် မာသံရုံးဆိုးလ်မြို့အတွက် မဲလက်မှတ်များ သည် မြန်မာသံရုံးစင်ကာပူမြို့၊ မြန်မာသံရုံး ကွာလာလမ်ပူမြို့များသို့ ရောက်ရှိသွားခြင်း၊ မြန်မာသံရုံး ကွာလာလမ်ပူမြို့အတွက် မဲ လက်မှတ်များသည် မြန်မာသံရုံး ဆိုးလ်မြို့သို့ ရောက်ရှိခဲ့ခြင်းများ ဖြစ်သည်။
တတိယအချက်မှာမူ ပြည်ပရှိ မြန်မာ သံရုံးအသီးသီးတွင် မဲပေးပိုင်ခွင့်ရှိသူများစာ ရင်းချုပ်တွင် အမည်ပါရှိခဲ့သော်လည်း သက် ဆိုင်ရာ မြန်မာသံရုံးသို့ ပေးပို့လာသည့် မဲလက် မှတ်များတွင် ၎င်းင်းအတွက် မဲလက်မှတ်ပါရှိ မလာခြင်း၊ ဥပမာအားဖြင့် စာရင်းချုပ်တွင် ဦးကကြီးသည် သစ်သီးမြို့နယ်၌ မဲပေးပိုင်ခွင့် ရှိသည်ဟုဖော်ပြထားသော်လည်း ဦးကကြီး အတွက် မဲလက်မှတ်တစ်စောင်မျှ ပါရှိမလာ ခြင်း၊ ပါရှိလာသော်လည်းလွှတ်တော်သုံးရပ် နှင့် လူမျိုးစုလွှတ်တော်တို့အတွက် မဲလက် မှတ် မပြည့်စုံခြင်းစသည်တို့ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ယင်းဖြစ်စဉ်များကို နိုင်ငံခြားရေးဝန်ကြီးဌာန (နေပြည်တော်) နှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ထံသို့ တင်ပြသွားမည်ဟု တောင်ကိုရီးယားရှိ မြန်မာသံရုံးက ထုတ်ပြန်ခဲ့သည်။
မဲစာရင်း၌ ပါဝင်ခြင်းမရှိသူများထဲတွင် လတ်တေ လာရရှိသောအချက်အလက်များ အရ တောင်ကိုရီးယားကအများဆုံးဖြစ်နေ ပြီး ပုံစံ ၁၅ ဖြင့် လျှောက်ထားသူ ၆၀၀၀ ကျော် ရှိသည့်အနက် ၃၀၀၀ ကျော်သာ မဲစာရင်း၌ ပါဝင်ခဲ့ကြောင်း သိရသည်။ တောင်ကိုရီးယား နိုင်ငံနည်းတူ ဂျပန်နှင့် ထိုင်းနိုင်ငံတို့တွင် လည်း ယင်းကဲ့သို့ ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ပြီး ကြိုတင်မဲ စတင်ပေးသည့် အောက်တိုဘာ ၁၇ ရက်မှာပင် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
ထိုကဲ့သို့ ပြည်ပရောက် မြန်မာများ ကြို တင်မဲပေးရာတွင် မဲလက်မှတ် အပြည့်အစုံ မရရှိခြင်းများတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒ နယ်အတွက် မဲလက်မှတ်မရရှိမှု အများဆုံး ဖြစ်နေသည်ဟု စုံစမ်းသိရပြီး အဆိုပါမဲဆန္ဒ နယ်များတွင် ၀င်ရောက်ယှဉ်ပြိုင်မည့်သူများ သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တပ်မတော် မှ အငြိမ်းစားယူခဲ့သော စစ်ဗိုလ်ချုပ်ဟောင်း များဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မဲလက်မှတ်အပြည့်အစုံ မရ ရှိဘဲ မဲလက်မှတ်တစ်စောင် (သို့မဟုတ်) နှစ်စောင်ကိုသာ ရရှိခဲ့သူများက ၎င်းင်းတို့ မရရှိခဲ့ သည့် မဲလက်မှတ်များကို အသုံးပြုပြီး မဲမသ မာမှု ပြုလုပ်ရန် စိုးရိမ်မှုများရှိနေပြီး ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ယုံ ကြည်မှုလုံးဝမရှိဘဲ သံသယရှိကြောင်း ပြောဆိုမှုများ ရှိခဲ့ပါသည်။
နောက်ဆက်တွဲအနေဖြင့်လည်း ၎င်းင်းတို့ မပေးလိုက်ရသည့် မဲများကို ခုတုံးလုပ်ပြီး မဲမသမာမှုလုပ်မည်ကို စိုးရိမ်နေကြသဖြင့် တစ်ဦးချင်းစီအလိုက် မိသားစုဝင်များကို ဆက်သွယ်ပြီး မဲပေးသည့်နေ့၌ မဲရုံများကို စောင့်ကြည့်ရန် တိုက်တွန်း ပြောဆိုမှုများလည်း ရှိလာခဲ့ပါသည်။
ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ ကြိုတင်မဲပေးမှုတွင် အခက်အခဲများစွာရှိနေ ပြီး နိုင်ငံသားတစ်ဦး၏ အခွင့်အရေးဆုံးရှုံးမှု များ ဖြစ်ပေါ်နေသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တာဝန်ယူခြင်း မရှိဘဲ လက်ရှိ ဖြစ်ပေါ်နေသော အခက်အခဲ များကို နားလည်ပေးစေလိုကြောင်း မေတ္တာ ရပ်ခံသည့် ကြေညာချက်တစ်စောင်ကို အောက်တိုဘာ ၁၆ ရက်ကထုတ်ပြန်ခဲ့ပြီး မြို့ နယ်ကော်မရှင်အဖွဲ့ခွဲများကို အပြစ်ဖို့သည့် ပုံစံဖြင့် တာဝန်ရှောင်လွှဲခဲ့ပါသည်။
ယခုကဲ့သို့ ပြည်ပရောက် မြန်မာနိုင်ငံ သားများ ကြိုတင်မဲပေးရာတွင် မဲလက်မှတ် အပြည့်အစုံ မရရှိခြင်းကဲ့သို့ မဲမသမာမှုဟု ယူဆရသောဖြစ်စဉ်ကိစ္စသည် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး အနေဖြင့် မြို့နယ်ကို လွှဲချ၍ မရကြောင်း၊ အားလုံးကို ဗဟိုက စနစ်တကျ စီစဉ်ထားပြီး ဖြစ်သည့်အတွက် ယခုကိစ္စသည်လည်း စနစ် တကျ စီစဉ်ပြီး လုပ်သလို ဖြစ်နေကြောင်း၊ ထို့ကြောင့် ပြည်သူကို ဖြေရှင်းချက်ပေးရမည် ဖြစ်ကြောင်း ရွေးကောက်ပွဲလေ့လာသူများက ပြောကြားသည်။
လက်ရှိဖြစ်နေသော အခြေအနေများ အရ ကြိုတင်မဲများကို အသုံးပြု၍ မဲလိမ်၊ မဲ ခိုး၊ မဲမသမာမှု ပြုလုပ်ခဲ့သည် ဆိုပါက ထို လုပ်ဆောင်မှုတွင် ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်ကိုယ်တိုင် ပါဝင်ပတ်သက်နေ သည့် ပုံစံ ဖြစ်နေပါသည်။ ထို့ အတွက်ကြောင့် ဖြစ်ပေါ်နေသော ကိစ္စရပ်များနှင့်ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တာဝန်ယူကာ မဲဆန္ဒရှင်ပြည်သူများ ကျေနပ် ရန်အတွက် တောင်းပန်ရှင်းလင်းရန် လိုအပ် ပြီး မဖြေရှင်းနိုင်ပါက တာဝန်မှ နှုတ်ထွက်ပြီး ရွေးကောက်ပွဲ ကော်မရှင်ကို ဖျက်သိမ်းရမည့် အခြေအနေသို့ ဆိုက်ရောက်လာပါသည်။
“ဒါက ခွင့်လွှတ်လို့ မရဘူး။ မဲသုံးပြား ဒါမှမဟုတ် မဲလေးပြားနဲ့ မဲထည့်တယ်ဆိုတာ ခုမှမဟုတ်ဘူး။ ၂၀၁၀ တုန်းကလည်း ဒီအတိုင်းပဲ ကြိုတင်မဲ ထည့်ခဲ့ကြတယ်။ အဲဒီတုန်း ကတော့ အခုလို ပြဿနာ မပေါ်ဘဲ အခုကျမှ ပေါ်လာတာဟာ ဦးတင်အေးမှာ လုံးဝတာဝန်ရှိတယ်။ အခု ပြည်ပမှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေက သူတို့ရဲ့ မဲပေးခွင့်ကို ဘယ်လောက်တန်ဖိုးထားသလဲဆိုတာ စင်ကာပူက လမ်းဘေးမှာညစောင့်အိပ်ပြီး ဒုက္ခခံ တဲ့သူတွေကို ကြည့်ရင်သိနိုင်တယ်။ ဘာကြောင့် ဒီလိုအခက်အခဲဒုက္ခခံပြီး သူတို့ မဲပေးခွင့်မဆုံးရှုံးဖို့ လုပ်ကြတာလဲ။ ဒါပေမဲ့ အခုလို ကိစ္စတွေပေါ်လာတော့ ဘယ်ကောင်းမလဲ။ ဒါဟာ ရိုးသားလား၊ မရိုးသားလား၊ မသမာမှု ဟုတ်သလား၊ မဟုတ်သလားဆိုတာ ရွေး ကောက်ပွဲကော်မရှင်က တာဝန်ယူ ဖြေရှင်း ရမှာပါပဲ။ ပြီးတော့ အခုမှာ နားလည်ပေးပါ ဆိုပြီး မေတ္တာရပ်ခံချက် ထုတ်ပြန်တာဟာ အခုပေါ်ပေါက်နေတဲ့ပြဿနာတွေကို ဖြေ ရှင်းတဲ့နည်းလမ်းအစစ်အမှန်လို့ မထင်ဘူး။ တကယ်လက်တွေ့လုပ်ရမှာက ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး မှားယွင်းလွဲချော်မှုတွေအတွက် တာဝန်ယူ၊ တာဝန်ခံရမယ်။ မှားရင် တောင်း ပန်ဖြေရှင်းရမယ်။ ဘယ်သူမှ မဲပေး ခွင့်မဆုံး ရှုံးဖို့ အာမခံပေးရမှာပါ။ တကယ်တော့ မြန်မာ နိုင်ငံပြင်ပက မဲပေးခွင့်ရတဲ့ ပမာဏက ၃၄၀၀၀ ကျော်ပဲရှိပါတယ်။ စင်ကာပူတစ်နိုင်ငံ တည်းမှာ အများဆုံး ၂၀၀၀၀ ကျော်ရှိတာပါ။ ဒီတော့ ပြည်သူ့ဘဏ္ဍာတွေ အများကြီး အသုံးပြုထားတဲ့ ရွေးကောက်ပွဲ ကော်မရှင် တစ်ရပ်အနေနဲ့ ဒီလို လူ ၃၀၀၀၀ ကျော်ရဲ့ မဲ ပေးခွင့်ကိုတောင် အာမ မခံနိုင်၊ တာဝန်မခံနိုင် ရင် လာမယ့်ရွေးကောက်ပွဲမှာ သန်း ၃၀ ကျော် ရှိတဲ့ မဲပေးမယ့်သူတွေအတွက် ဘယ်လိုများ လုပ်ကြမလဲ။ ဒီတော့ အခုဖြစ်တဲ့ကိစ္စတွေ အားလုံးမှာ ရွေးကောက်ပွဲကော်မရှင်ကသာ တာဝန်အရှိဆုံးပါ။ ကော်မရှင်ရဲ့ဥက္ကဋ္ဌ ဦးတင် အေးကတာဝန်အရှိဆုံးပါ။ သူတာဝန်ယူ ရပါလိမ့်မယ်”ဟု The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောကြားသည်။
No comments:
Post a Comment