Tuesday, August 11, 2015
ပြည်မြို့နယ်အတွင်းစာသင်ကျောင်း(၁၇)ကျောင်းခေတ္တပိတ်ထား အချိန်ပိုခေါ်ယူစနစ်ဖြင့်ဆက်လက်သင်ကြားသွားမည်
ပြည်မြို့နယ်အတွင်းစာသင်ကျောင်း(၁၇)ကျောင်းခေတ္တပိတ်ထား အချိန်ပိုခေါ်ယူစနစ်ဖြင့်ဆက်လက်သင်ကြားသွားမည်
ပြည် သြဂုတ် ၈
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ်အတွင်းမှာရှိသည့် စာသင်ကျောင်းပေါင်း(၁၇)ကျောင်းကျော်အား ခေတ္တယာယီပိတ်ထားရကြောင်းသိရသည်။ သြဂုတ်လ(၂)ရက်နေ့မှစတင်ကာ ပြည်မြို့နယ်အတွင်းရှိ ကုန်းသလင်း၊လခွဲ-ဇလုံ၊မူလွန်-န၀င်း၊မြရွာ၊မူလွန်-ဗြဟော်၊အမက-ချောင်းနားတန်း၊အမက-သဲဖြူ၊အမက-ရှမ်းကုန်း၊အမက-ရှမ်းစု၊အမက-အနောက်လက်ခုပ်ပင်၊အမက-ဇီးဖြူကုန်း၊အမက-ရွှေကူ(၂)၊အမက-ဇရစ်ချောင်၊အမက-ဆင်စု၊အမက-ပန်းတင် စသည့်ရပ်ကွက်ကျေးရွာအတွင်းမှ စာသင်ကျောင်းများအား ရေကြီးရေလျှံမှူများနှင့်ပတ်သက်၍ ပိတ်ထားရကြောင်းသိရသည်။ ရွှေကူ(၁)၊ရွှေကူ(၂)၊၀ါရုံ စာသင်ကျောင်းများတွင်လည်း ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားရသောကြောင့် စာသင်ကြားနိုင်မှုမရှိသေးကြောင်းသိရသည်။
“ကျောင်းတွေကတော့ ကယ်ဆယ်ရေးစခန်းနဲ့ ရေဘေးကိစ္စတွေကြောင့်ပိတ်ထားရတယ်။လောလောဆယ်တော့ ဒီတစ်ပတ်အတွင်းလာမဲ့သောကြာနေ့အထိပိတ်ထားမယ်။စာတွေနောက်ကျသွားတဲ့အတွက် အချိန်ပိုခေါ်သင်ကြားမယ်။ကျောင်းရက်ရှည်ပိတ်ရက်ဖြစ်တဲ့ သတင်းကျွတ်လိုနေ့မျိုးတွေမှာ အစားပြန်လည်သင်ကြားရေးစနစ်ကိုကျင့်သုံးသွားမယ်။ ”ဟု မြို့နယ်ပညာရေးမှူး ဦးငြိမ်းမြင့်က ပြောသည်။
ပြည်မြို့အတွင်း ဇူလိုင်-၂၈ ရက်နေ့မှစတင်ကာ အဆက်မပျက်ရွာသွန်းမိုးများနှင့် ဧရာဝတီဖြစ်ရေတိုးလာမှုများကြောင့် ပြည်မြို့အတွင်းမြေနိမ့်ပိုင်းရပ်ကွက်တချို့နှင့် ကျေးရွာတွေမှာရေကြီးရေလျှံရေနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့သည်။ထိုရေနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့ပြီး အဆိုပါရပ်ကွက်ကျေးရွာအတွင်းရှိစာသင်ကျောင်းများကို ဆက်လက်ပိတ်ထားရကြောင်းသိရသည်။ထို့အပြင် မြို့တွင်းရေ၀င်ရောက်မှုမရှိသည့်စာသင်ကျောင်းများတွင်လည်း ရေနစ်မြုပ်သည့်နေရာဒေသရပ်ကွပ်ကျေးရွာအတွင်းမှ ကျောင်းသားကျောင်းသူများအား စာသင်ကြားမှုများရပ်တန့်ထားကျောင်းသိရပြီး ရေမ၀င်ရောက်သည့်နေရာများမှကျောင်းသား/သူများ စာဆက်လက်သင်နေကြောင်းသိရသည်။
“ ကလေးတွေအတွက်ပညာရေးနောက်ကျနေခဲ့ရပြီ။ဒါပေမယ့် အစားထိုးပြန်လည်သင်ကြားမှုမှာ အချိန်ပိုခေါ်တာတွေ ကျောင်းပိတ်ရက်တွေမှာဆက်လက်သင်ကြားတာတွေမဖြစ်စေချင်ဘူး။စာမေးပွဲရက်တွေနောက်ဆုက်လိုက်ရင်ပိုအဆင်ပြေလိမ့်မယ်။မိသားစုရေနစ်နေတဲ့ကျောင်းသားကလေးတွေရင်ထဲမှာ ခံစားချက်တွေရှိနေကြတယ်။ကလေးတစ်ယောက်ရဲ့ရုန်းနိုင်မှုစွမ်းအားဦးနှောက်ထက်ပိုခိုင်းလို့မရဘူး။စာပေးပွဲရက်တွေနောက်ဆုတ်တာကလေးတိုင်းအတွက်ပိုအဆင်ပြေပါတယ်။” ဟု မိုးမေတ္တာ နာ/ကူအသင်း ပြည် မှ အတွင်းရေမှူး ဦးညီညီအောင် ကပြောသည်။
ပြည်မြို့၏ ဧရာဝတီသည် သြဂုတ်-၇ရက်နေ့မှစတင်ကာ သြဂုတ်-၈ရက်နေ့လည် ၁၂-နာရီခန့်တိုင်းတာချက်အရ ၂-ပေခန့်ကျဆင်းလျှက်ရှိသည်။သြဂုတ်-၈ရက်နေ့ ညနေ၃-နာရီချိန်ခန့်မှာ ပြည်မြို့ စိုးရိမ်ရေအမှတ် ၂၉၀၀-စင်တီမီတာအောက်သို့ရောက်သွားမည်ဖြစ်ကြောင်း ပြည်မြို့မိုး/ဇလ ဦးစီးဌာနရုံးမှသိရသည်။
ပြည်မြို့အတွင်း မြေနိမ့်ပိုင်းရပ်ကွက်တွေနှင့် ကျေးရွာတချို့တွေမှာ ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်နေ့မှစတင်ကာ ရွာသွန်းမိုးများကြောင့် ပြည်မြို့အတွင်းရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည်။ ပြည်ခရိုင်အတွင်းရှိ ပြည်၊ပေါက်ခေါင်း၊ပန်းတောင်း၊ပေါင်းတည်၊သဲကုန်း၊ရွှေတောင်စသည့်မြို့တွေမှာ သြဂုတ် ၄-ရက်နေ့အထိ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းများအရ သေဆုံးမှု(၁)ဦး၊ရေဘေးသင့်အိမ်ထောင်စု(၂၂၀၀၄)၊ရေဘေးသင့်လူဦးရည်(၃၉၃၉၁)ဦး၊ရေမြုပ်ရေ၀င်အိမ်ပေါင်း(၁၇၀၁၉)၊ရေနစ်မြုပ်ရေ၀င်စာသင်ကျောင်းပေါင်း(၁၁၃)ကျောင်း၊ရေမြုပ်ရေ၀င်ဌာနဆိုင်ရာနှင့်အခြားအဆောက်အဦးပေါင်း(၆၁)ခု၊ရေနစ်မြုပ်ရေ၀င်လယ်ယာဧကပေါင်း(၃၉၀၅၉)ဧက၊ပြိုကျပ်စီးခဲ့သည့်အိမ်ပေါင်း(၁၀)လုံး၊ပြိုကျပျက်စီးခဲ့သည့်တံတား(၁၀)စင်း၊ပြိုကျပျက်စီးလမ်းပေါင်း(၆၈)လမ်း၊ပျက်စီးဆုံးရှုံးခဲ့သည့်လယ်ယာဧကပေါင်း(၁၃၂၇)ဧကရှိခဲ့ကြောင်း ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှသိရသည်။
K3(pyay)
ဒီမိုကရေစီတူဒေးသတင်းစာ..
No comments:
Post a Comment