Wednesday, March 18, 2015

နတ္တလင်းလယ်သမားများ တရားသေလွတ်မြောက်

နတ္တလင်းလယ်သမားများ တရားသေလွတ်မြောက်

ပြည် မတ် ၁၇

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ္တလင်းမြို့နယ်အတွင်း
နတ္တလင်းမြို့နယ်တရားရုံးတွင် ခ.မ.ရ(၅)တပ်မှ ပုဒ်မ-၄၄၇၊၄၂၇ တို့ဖြင့်တရားစွဲဆိုမှုကြောင့် တစ်နှစ်ကျော်ကြာ တရားရင်ဆိုင်နေရသည့် လယ်သမား ၉-ဦးအား
မြို့နယ်တရားရုံးမှမြို့နယ်တရားသူကြီး ဒေါ်မာမာစိုးယဉ်မှ လယ်သမားများတွင် ပြစ်မှုထင်ရှားမှုတစ်စုံတရာမရှိသဖြင့်  တရားသေလွှတ်မိန့်ချလိုက်ကြောင်းသိရသည်။
အဆိုပါ နတ္တလင်းမြို့နယ်အတွင်းရှိ ပဲမခန်းအုပ်စု၊သာယာကုန်းကျေးရွာ၊လက်ပံပျဉ်းကျေးရွာ၊ချောင်းကမ်းကြီးကျေးရွာတို့မှ လယ်သမား ၉-ဦးအား ခ.မ.ရ(၅)တပ်က ၂၀၁၃ ခုနှစ်
၁၀-လပိုင်းတွင် ပိုင်နက်ကျူးလွန်မှု၊အကျိုးပျက်စီးမှုများဖြင့်တရားစွဲဆိုတာဖြစ်ပြီး ၁-နှစ် ၄-လကျော်ကြာ ရုံးချိန်းပေါင်း ၄၀-ခန့်တက်ပြီးမှာ ၂၀၁၅-ခုနှစ် မတ် ၁၆ ရက်နေ့လည် ၂-နာရီ
တွင်အမိန့်ချမှတ်ခဲ့တာဖြစ်သည်။ ကြားနာစစ်ဆေးတွေ့ရှိချက်အရ တရားသေလွှတ်မိန့်ချခဲ့ကြောင်း လယ်သမားများ၏ အကျိုးဆောင်အထက်တန်းရှေ့နေ ဦးရဲလင်းနိုင်မှ ယခုလိုပြော
သည်။

" ကျွန်တော်တို့လယ်သမားတွေ ရုံးချိန်းအများကြီးတက်ခဲ့ရတဲ့အတွက် နစ်နာမှုတော့ရှိတယ်။ လယ်သမားတွေရဲ့ ဇွဲသတ္တိနဲ့ကျိုးစားမှုတွေအပြင် စည်းလုံးခြင်းရဲ့အင်အားတစ်ခုရဲ့
ရလဒ်လို့လည်းပြောလို့ရတယ်။ မြို့နယ်တရားသူကြီးအနေနဲ့လည်း မှန်မှန်ကန်ကန်ဆုံးဖြတ်ချက်ချပေးခဲ့တာတွေကြောင့် လယ်သမားတွေအားလုံး အခုလို အနိုင်ရလိုက်တာပဲ "
ဟု ၄င်းမှပြောသည်။

တရားစွဲခံ လယ်သမားများအပါဝင် လယ်သမား ၃၆-ဦး၏ လယ်မြေ ၈၈.၇၄ ဧကအား ခ.မ.ရ(၅)တပ်မှ ၂၀၀၀-ခုနှစ်တွင် တပ်မိသားစုစားဝတ်နေရေးအတွက် အလံစိုက်သိမ်းယူခဲ့ပြီး
မှုလတောင်သူများကို တစ်ဧက စပါး ၂၀-တင်းဖြင့်သီးစားချထားခဲ့ရာ ၂-နှစ်အကြာတွင် လယ်သမားများမှ သီးစားခပေးသွင်းခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်နေခြင်းကြောင့် တရားစွဲ
ဆိုခဲ့ခြင်းဖြစ်ကြောင်း တရားသေလွှတ်မြောက်လာသူ လယ်သမား ဦးရင်ကြည်မှ ယခုလိုပြောသည်။

" ကျွန်တော်တို့က ကျူးကျော်တာမဟုတ်ဘူး မသက်ဆိုင်တဲ့နေရာတွေကို သိမ်းယူတာဖြစ်တဲ့အတွက် သူတို့ကသာ ကျူးကျော်တာဖြစ်တယ်။ ဒီနေ့တရားသူကြီး ပြောချက်အရ သက်သာ
ချောင်ချိရေးကို ဥပဒေနဲ့လုပ်ခဲ့ပေမယ့် ကျွန်တော်တို့ဘက်က လျော်ကြေးယူခဲ့တာမရှိဘူးလို့ စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ပြောတယ်။ နတ္တလင်းက လယ်သမားတွေလို တစ်နိုင်ငံလုံးမှာ
ရှိတဲ့ လယ်သမားအမှုတွေ အနိုင်ရစေချင်တယ်။ လွတ်မြောက်စေချင်တယ်။ စည်းလုံးစေချင်တယ်။ အခုတရားသူကြီးလိုပဲ တစ်နိုင်ငံလုံးမှာရှိတဲ့ တရားသူကြီးအမှန်ကိုအမှန်တိုင်းအ
မိန့်ချမှတ်ပေးစေချင်ပါတယ် " ဟု၎င်းမှပြောသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ယခုလယ်မြေများအပါဝင် သိမ်းဆည်းခံလယ်မြေဧကပေါင်း ၃၀၀၀-ကျော်ရှိကြောင်း လယ်ယာကဏ္ဍဥပဒေရေးရာအထောက်ကူပြုအဖွဲ့(CPRCG) နှင့်
တောင်သူလယ်သမားသမဂ္ဂ ဗဟိုအလုပ်မှုဆောင် ဦးသန်းနိုင် မှယခုလိုပြောသည်။

" ဒီလယ်သမားကိစ္စတွေကို ကျွန်တော် နိုင်ငံတော်အကြီးအကဲတွေထံကို တိုင်ကြားစာတွေခဏခဏပို့ခဲ့တယ် ဒီနေ့ရလဒ်ဟာ အရမ်းဝမ်းသာစရာပါပဲ မြန်မာနိုင်ငံမျာရှိ
တဲ့ လယ်သမားအရေးဆောင်ရွက်သူတွေ နဲ့ လယ်သမားများအားလုံး မိမိတို့ရင်ဆိုင်နေရတာတွေကိုအားမလျော့တဲ့ ဇွဲလုံ့လတွေနဲ့ စည်းလုံးစွာ အမှန်တရားများအမြန်ဆုံး
ပေါ်အောင်ကြိုးစားကြပါလို့ ဒီနေရာကပြောချင်ပါတယ် " ဟု၎င်းကပြောသည်။

ဖမ်းဆီးထိန်းသိမ်းခံတောင်သူလယ်သမားများအား တပ်အပါအ၀င် တခြားဌာနပေါင်းစုံမှ နည်းအမျိုးမျိုးဖြင့် တရားစွဲဆိုထားမှုများကြောင့် အမှုရင်ဆိုင်နေရဆဲ
တောင်သူလယ်သမား အမှု့များစွာရှိခဲ့ရာ ယခုလိုတရားသေလွတ်မြောက်မှုမှာ ရှားရှားပါးပါးပထမဆုံးအကြိမ်လည်း ဖြစ်နိုင်ကြောင်းသိရသည်။

                                                                                                                                                       သတင်းနှင့်ဓါတ်ပုံ K3(pyay) ဒီမိုကရေစီတူဒေး

တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019


No comments:

Post a Comment