Wednesday, March 18, 2015

လွင့်ထွက်သွားသောခုံသုတ်အ၀တ်ကလေးများ.........ဝေလင်း(ပြည်)

လွင့်ထွက်သွားသောခုံသုတ်အ၀တ်ကလေးများ
================================
the daily ELEVEN news (၁၅.၃.၂၀၁၅) ထုတ်မှ ကူးယူဖော်ပြပါသည်။
“ စားပွဲထိုးချာတိတ်လေးကခါးကြားတွင်ထိုးညှပ်ထားသော လက်သုတ်ပ၀ါမည်းညစ်ညစ်ကိုဆွဲဖြုတ်ကာ စားပွဲပေါ်လာနားသော ယင်ကောင်များကို ဖြန်းခနဲဖြန်းခနဲလိုက်ရိုက်နေသည်။” ဟုသောဝါကျတစ်ကြောင်းကို ဆရာနေမျိုး၏ ကဖေးဆိုင်ထဲကနေ့လည်ခင်း အက်ဆေးထဲတွင် ဖက်လိုက်ရအပြီးတွင် လက်ဘက်ရည်ဆိုင်ဘက်ကို ထွက်လာခဲ့သည်။ နွေနေ့လည်ခင်းကိုလား၊ ကဖေးဆိုင်ကိုလား၊ စားပွဲထိုးကလေးကိုလား၊ သူခါးကြားတွင်ညှပ်ထားသည့် ခုံသုတ်ဝတ်ကလေးကိုလား၊ ဗာဒံရွက်များကိုလား ဘယ်အရာကို ကျွန်တော်ခံစားခဲ့ရမှန်းမဝေခွဲတတ်ခင်မှာပင် စားပွဲထိုးကလေးငယ်ကကျွန်တော်ထိုင်နေသည့် သစ်သားစားပွဲကို ခုံသုတ်ဝတ်လေးဖြင့်သုတ်လိုက်ရင်း ဘာမှာအုံးမလဲအစ်ကိုဟု ကျိုးနွံစွာမေးလာသည်။
စားပွဲထိုးချာတိတ်လေးသည် တစ်ဝိုင်းမှတစ်ဝိုင်းသို့ စုန်ချည်ဆန်ချည်ကူးသန်းရင်း ၀န်ဆောင်မှုကိုပေး နေလေသည်။ စားသုံးသူများထွက်သွားသည့်စားပွဲများကို ညစ်ထေးနေသည့်ခုံသုတ်ဝတ်လေးဖြင့် သုတ်သည်။ အသစ်ဝင်လာသည့် စားသုံးသူများကို စားသောက်ဖွယ်ရာများချပေးနေသည်။ နေ့လည်ခင်းနေပြင်းပြင်းတွင် သူဝတ်စားထာသည့်အ၀တ်စားမှာ လိုက်ဖက်လှသည်ဟုပြောလျှင်လည်းရနိုင်သည်။ ချည်အကျီကွက်ချဲအနွမ်းတွင် လေဘေးထည်များထဲက ရွေးချယ်ထားသည်လား(သို့) လာနေကျဖောက်သယ်တစ်ယောက်ကပေးသည်လားမသိရသည့် ခပ်ပွပွဘောင်းဘီတို ကိုဝတ်ဆင်ထားသည်။ ဆံပင်ကိုတိုနေအောင်ညှပ်ထားကာ၊ ပါးတွင်သနပ်ခါးမရှိ၊ ဆယ့်တစ်နှစ်သားအရွယ်ပကတိ အသားရည် ညိုရောင်တွင် ဂျီးတို့က ဂျွတ်အဖြစ်သို့ ပြောင်းလဲနေသည်။
သာမန်အားဖြင့်ဆိုလျှင်တော့ နေ့လည် ၁ နာရီဆိုသည့်အချိန်မှာထမင်းစားချိန်ကိုကျော်လွန်နေပြီ ဖြစ်သော်လည်း လက်ဘက်ရည်ဆိုင်ထဲတွင်လူရှင်းမည့် အချိန်ကိုစောင့်နေရ၍ စားပွဲထိုးလေးခမျာ ထမင်းမစားရသေးချေ။ ထိုင်လျှက်စ၀ိုင်းနှစ်ဝိုင်းလောက်ကျန်သည့်အချိန်တွင်တော့ သူထမင်းစားဖို့ပြင် တော့သည်။ စတီးချိုင့်ရှည်ကြီးထဲမှ ထမင်းဖြူတစ်ချိုင့်ကို ထုတ်လိုက်ကာ၊ ကြွပ်ကြွပ်အိတ်ထုပ်နှစ်ထုပ်ကို ဖြည်ချလိုက်သည်။ တစ်ထုပ်တွင် သဘောင်္သီးသုပ်နှင့် အခြားတစ်ထုပ်တွင် အာပူလျှာပူထုပ်။ ထမင်းချိုင့်ပေါ်ကို ပုံချလိုက်ရင်း အားရပါးရစားနေတော့သည်။ အေးဆေးသက်သာစွာစားနေရသည်တော့မဟုတ်။ မျက်လုံးအစုံက ဆိုင်အတွင်းကို ကျီးကန်တစ်ကောင်လို လှည့်ပတ်ကြည့်ရင်း ပါးစပ်မှလည်း လှမ်းမှာနေလိုက်သေးသည်။
ဆိုင်အပြင်ဘက်ဝါးလုံးတန်းတွင် လျှော်ဖွပ်နေလှန်းထားသည့် ခုံသုတ်ဝတ်ကလေးများကိုလှန်းထားသည်ကို တွေ့ရသည်။ လျှော်ထားသည်ဆိုသော်လည်း အရောင်ဆင်းအကွက်မရှိ၊ စွန်းထေးနေသည့်ဆီကွက်များက မပျောက်နိုင်ပဲ အ၀တ်စတစ်ခုဆိုသည်ကိုသာပြောနိုင်လိမ့်မည်။ နွေလေအဝှေ့တွင် လှုပ်ခတ်သွားသေးသည်။
သူစားနေပုံကိုကြည့်ပြီး အမျိုးမည်များစွာရှုပ်ထွေးနေသည်ခံစားမျိုးစုံကိုခံစားလိုက်ရသည်။ သူကိုကျွန်တော်က အသေးလေး ဟုခေါ်သည် အခြား နာမည်များစွာလည်းသူမှာ ပိုင်ဆိုင်ပါသေးသည်။ အချို့လူယဉ်ကျေးမဆန် သူများကတော့ ပျစ်နှစ်စွာဆဲရေးအော်ခေါ်တတ်ကြသည်။ အသက်အားဖြင့် ၁၁ နှစ်ခန့်သာရှိသေးသည့် အသေးလို့အဖို့ စာသင်ကျောင်းဆီမှ ထွက်ခွါလာခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ သို့သော်သူ့နေ့စဉ်တွက်ချက်နေကြ မို့ထင်သည်။ အပေါင်းနုတ်မြှောက်စား ကတော့ကျွမ်းလှသည်။ အာဝဇွန်းရွှင်သည်။ ပုံမှန်ဖောက်သယ်များ၏ အကြိုက်ကိုသူသိနေသည်။ ဆိုင်ရှင်မှာသူ့ကိုအားကိုးရသည်။ သူမှာသည့်အတိုင်းလုပ်ပေးရသည်။
လက်ဘက်ရည်ဆိုင်ပိုင်ရှင် အများစုမှာ စိတ်ထားကောင်းလှသည်တော့ မဟုတ်ပါ။ စိတ်ရင်းကောင်းလျှင် တောင်မှ စားပွဲထိုးလေးများကို နှိမ်ထားတတ်သည်။ အရောဝင်လေ့မရှိပါ။ အချို့ပိုင်ရှင်များတွင် ရွယ်တူသို့မဟုတ် ပိုငယ်သည့် ကလေးများရှိပါက ယင်းတို့၏ ဝေယျာဝစ္စများကိုလည်း သီးခံရသည်။ ဆိုင်ရှင်များက မကြိုက်လျှင်ခေါင်းခေါက် ရိုက်ပုတ်တတ်ကြသည်။ ပိုမိုဆိုးသည့်ကတော့ အလုပ်ခွင်တွင်းမတော်တဆ ကွဲရှမှုများအတွက် လစာထဲမှဖြတ်တောက်ခြင်းကိုလည်း ပြုတတ်သေးသည်။
ပြီးခဲ့သည့်နှစ်များက သရုပ်မှန်ဝတ္တုတိုတစ်ပုဒ်ကို ကျွန်တော်ရေးခဲ့ဘူးသည်။ “စောင့်နေသူ” ဟုခေါင်းစဉ်တပ်ပေးထားသည်။ လက်ဘက်ရည်ဆိုင်စားပွဲထိုးလေးတစ်ယောက်အကြောင်းပဲ ဖြစ်သည်။ မကွေးတိုင်း၊ ကံမမြို့နယ်၊ ကျေးရွာလေးတစ်ရွာမှ ပြည်မြို့ရှိဆိုင်တွင် အလုပ်လာလုပ်နေသည့် ဆယ်နှစ်အရွယ်ကလေးငယ်တစ်ယောက်၏ တစ်နေ့တာအကြောင်းပင်။ တိုတိုပြောရလျှင် အမေလုပ်သူက နောက်အိမ်ထောင်ပြုလိုက်သောအခါ ချာတိတ်ကိုနီးစပ်ရာများနှင့် ပြည်သို့ပိုကာဆိုင်တွင်အပ်ထားခဲ့သည်။ ပြန်လာခေါ်မည်ဟုပြောခဲ့သည်ကို ကလေးငယ်ကမမေ့။ နေ့စဉ်စောင့်နေသည်။ လစဉ်ရရှိသည့်လစာများစုဆောင်းကာ ပြန်ရမည်ဟုကလေးကထင်နေသည်။ အမေလုပ်သူထုတ်ယူသွားသည့် ကြိုတင်လစာအကြောင်းကို သူမသိရှာ။ မိုးမလင်းခင်ဆိုင်ရှင်၏အဆူအဆဲခံကာ ထပြီးတစ်နေ့လုံးပင်ပင်ပန်းပန်း အလုပ်လုပ်ရသည်။ ညဥ့်နက်သန်းခေါင်တွင်မှ စားပွဲများကိုဆက်ကာ တက်အိပ်လိုက်သည်။ အိပ်မပျော်ခင်အချိန်ထိ သူစောင့်မျှော်ခဲ့သည်။
မြန်မာနိုင်ငံတွင် လက်ဘက်ရည်ဆိုင်များမရည်မတွက်နိုင်အောင်ပင် များပြားလှသည်။ မြို့ပြများမှစကာ ကျေးလက်ရွာများအထိ လက်ဘက်ရည်ဆိုင်များစွာရှိသည်။ ဆိုင်တိုင်းတွင်လည်းစားပွဲထိုးအလုပ်လုပ် နေကြသည်မှာ ဆယ်နှစ်မှ ဆယ့်ခြောက်နှစ်အောက် ကလေးများအများဆုံးဖြစ်သည်။ ဆယ်နှစ်အောက်ကလေးများပင်ပါဝင်နေသည်။ လစာငွေနည်းနည်းဖြင့်ခိုင်းစေနိုင်ပြီး အလုပ်လုပ်ရာတွင် အချိန်အတိုင်းတာအလွန်ထိခိုင်းကြသည်။ အများစုမှာ အတန်းပညာသင်ကြခွင့်မရခဲ့သူများဖြစ်ကာ အချို့ကရေးတတ်ဖတ်တတ်အဆင့် မူလတန်းပညာသင်ကြားခဲ့ပြီး ကျောင်းထွက်ခဲ့ကြသူများဖြစ်သည်။ ကလေးသူငယ်အခွင့်ရေး၊ ကလေးအလုပ်သမား၊ အနည်းဆုံးလုပ်ခလစာနှင့် အလုပ်ချိန်တို့ကို သိရှိခွင့်မရကြသလို၊ ကျင့်သုံးခံရခြင်းလည်းမရှိခဲ့ပေ။ အမြဲတစေဆိုင်ရှင်၏ စည်းကမ်းသဘောထား၊ လစာအတိုင်းသာ တဘက်သတ်အလုပ်လုပ်ခဲ့ကြရပြီး တောင်းဆိုခွင့်လည်းမရှိကြပဲ အလုပ်ဖြုတ်ချင်လျှင်လည်း အကြောင်းပြချက်မရှိ ဖြုတ်ခွင့်ရကြပြန်သည်။ ဥပဒေစည်းမျဉ်းစည်းကမ်းများနားလည်သူများမဟုတ်ဘဲ စီးပွားတွက်တွက်ကာသာ အလုပ်လုပ်နေကြသည် ဟုကျွန်တော်ထင်သည်။
စားသောက်ပြီးသွားသည့် အသေးလေးက ပန်းကန်များကို ဆေးကြောကာ လုပ်ငန်းခွင်ကို အလျှင်မြန်ပြန်ဝင်လိုက်ပြန်သည်။ ခြေထောက်တွင်ဖိနပ်စီးထားခြင်းမရှိ။ ၀င်လာသည့်လူသုံးယောကို ကြည့်လိုက်ကာ ပါးစပ်က အော်လိုက်သည်။ “ ပေါ့စိမ်တူး ၀မ်းဆီတိုး၊ ကျစိမ့်ဝမ်း ပေါင်းသရီး ဆရာရေ”။ ထိုအသံများသည် နံနက်လင်းမှ ညမိုးချုပ်ထိ မကြာခဏအော်ဟစ်နေရသည်။
တစ်နေ့ခင်းတွင်တော့သူနှင့်ကျွန်တော်စကား ခဏလေးပြောခွင့်ရခဲ့သည်။ သူပြောဆိုသည့်စကားတွင် ဖြစ်ချင်သည်ထက်။ လက်ရှိဘ၀နှင့် ဆက်လက်ဖြတ်သန်းရမည့် ရှေ့ရေးအတွက် အရွယ်နှင့်မမျှသည့် အတွေ့ကြုံများက သူကို ပြဌာန်းထားပုံရသည်။
“ကျောင်းကတော့တက်ချင်လည်း မဖြစ်နိုင်လောက်တော့ပါဘူး အစ်ကိုကြီးရာ၊ ဒီလိုပဲစားပွဲထိုးလုပ်ရင်း လက်လက်ရည်ဖျော်တာပဲဖြစ်ဖြစ်၊ မုန့်အကြော်ဆရာဖြစ်ဖြစ်လောက်တော့ ဖြစ်ချင်တယ်။ အရွယ်ငယ်လို့လား ဆိုင်ရှင်ကမကြိုက်လို့လားမသိဘူး သင်မပေးကြဘူး၊ အိမ်တော့ပြန်ချင်တာပေါ့၊ ဒါပေမယ့်လစာလေး ရတော့ ထောက်ပံ့နိုင်တယ်လေ”ဟု အသေးလေးကပြောခဲ့သည်။
အကြောင်းအမျိုးမျိုးကြောင့် လက်ဘက်ရည်ဆိုင်များသို့ရောက်ရှိလာခဲ့ကြသည့် ကလေးများစွာအနက် အဓိကအကြောင်းရင်းမှာ ဆင်းရဲနွမ်းပါးခြင်းပင်ဖြစ်သည်။ အခြားအကြောင်းရာများစွာလည်း ရှိတတ်သော်လည်း အဓိကမကြသလို ဘ၀ခြင်းလည်းမတူကြပေ။ ထပ်တူကြသည့်အချက်ကတော့ သူတို့ စားပွဲထိုးဘ၀တွင် မပျော်ကြပါ၊ အော်ဟစ်ဆဲဆိုသံများကို မကြိုက်ကြပါ၊ ညအချိန်မတော်မအိပ်ချင်ကြပါ။ မိသားစုများနှင့် အဆင်ပြေသလိုသာနေချင်ကြသည်။ ကလေးများဖြစ်သည့်အတွက် ကျောင်းတက်ချင်သည်။ ကစားချင်သည်။ စားချင်သည်။ ၀ါသနာပါရာလုပ်ချင်သည်။ သေချာပါသည် စားပွဲထိုးကလေးငယ်များမပျော်ကြပါ။
လက်ဘက်ရည်ဆိုင်ယဉ်ကျေးမှုများရှိနေသ၍ စားပွဲထိုးကလေးငယ်များ ရှိနေပါအုံးမည်။ အခွင့်ရေးဥပဒေများကို တင်းကျပ်စွာမလုပ်နိုင်သေးသ၍ စားပွဲထိုးကလေးငယ်များ ပျောက်ကွယ်သွားလိမ့်မဟုတ်ဟုထင်သည်။ အစိုးရအဖွဲ့စည်းများ မေ့ဖျောက်ထားသည့် အရာများတွင် စားပွဲထိုးကလေးငယ်များ၏ ဘ၀များစွာရှိနေသည်။
တစ်ရက်ထိုင်နေကြလက်ဘက်ရည်ဆိုင်တွင် အသေးလေးကိုမတွေ့ရေတော့။ အလုပ်ထွက်သွားသည်ဟု ပြောသည်။ ကျွန်တော်ဆုတောင်းလိုက်သည်။ ပိုမိုကောင်းမွန်သည့်အလုပ်ရပါစေ၊ အသက်မွေးဝမ်းကြောင်း ပညာတစ်ခုတတ်မြောက်ပါစေ။ ထိုထိုသောဆုတောင်းသည်မပြည့်ခဲ့ပါ။ နောက်တစ်ရက် အခြားလက်ဘက်ရည်ဆိုင်တစ်ဆိုင်တွင် အသေးလေးကို ပြန်တွေ့လိုက်ရသည်။
ပိုမိုစည်းကမ်းတင်းကျပ်သလို အဆဲဆိုလည်းသန်သည်ကို နားနှင့်ဆက်ဆက်ကြားလိုက်ရသည်။ အသေးလေးစကားလာမပြောနိုင်ပါ။ ကျွန်တော်သောက်နေကြ လက်ဘက်ရည်ကို မှာကာလာချပေးရင်း တိုးတိုးလေးပြောသွားသည်။
“ဒီဆိုင်ကလစာပိုရတယ်အစ်ကို”
လှည့်ထွက်သွားသည့်အသေးလေးခါးတွင် ခုံသုတ်ဝတ်လေးကိုချိတ်ဆွဲထားသည်။ ဆိုင်ဘေးတွင် လျှော်ဖွပ်ထားသည့် ခုံသုတ်ဝတ်လေးများ လေအတိုက်တွင်လှုပ်ခတ်သွားသည်။ ခုံသုတ်ဝတ်ကလေးများတွင် စွန်းထေးနေသည့် အရောင်များအမည်းစက်များက ဘယ်လိုလျှော်လျှော်မပျောက်တော့။ စားပွဲထိုးလေးများနှင့် ခုံသုတ်ဝတ်လေးများက ခွဲခြား၍မရပါ။ နွေလေဝေ့တစ်ချက်ပြင်းပြင်းတိုက်လိုက်သည်။ ခုံသုတ်ဝတ်လေး တစ်ထည်လွှင့်ထွက်သွားသည်။ မြန်မာနိုင်ငံတွင်စားပွဲထိုးကလေးငယ် သိန်းသန်းချီရှိနေပါသည်။ တစ်ဆိုင်မှတစ်ဆိုင်သို့ ကူးလူးပြောင်းရွှေ့ရင်း အသက်များကြီးပြင်းရင်း အနာဂတ်များေ၀၀ါးစွာ
 စားပွဲထိုးလေးများ ရှိနေပါသည်။
ဝေလင်း(ပြည်)
 တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019

No comments:

Post a Comment