ဆားပုလင်းနှင်းမောင်နှင့် မီးခဲမောင်မောင် (မင်းသိင်္ခ) (ပထမပိုင်း)
**************************************************************************
ကျွန်ုပ်သည် ဒိုင်ယာရီစာအုပ်အား အသုံးချခြင်းမပြုဘဲ အချိန်မရွေး အလွတ်ရွတ်ပြနိုင်သော ရက်စွဲနှစ်ခုရှိ၏။ ထိုရက်စွဲ နှစ်ခုအနက် တစ်ခုမှာ ကျွန်ုပ်၏ မွေးနေ့သက္ကရာဇ် ရက်ချုပ်ဖြစ်ပြီး ကျန်တစ်ခုမှာကား အလွန်ဥာဏ်များ၍ သွေးအေးအေးနှင့် ရက်စက်တတ်သော မီးခဲမောင်မောင်၏ လက်၌ ကျွန်ုပ်၏အသက်ကို ကွက်အပ်ခဲ့ရသော နေ့ဖြစ်၏။ အင်္ဂလိပ်ဘာသာဖြင့် ပြောဆိုထားလေ့ရှိသော အသက်သည် ခန္ဓာကိုယ်မှာ စွန့်ခွာသွားရန် အလွန်နီးကပ်နေပြီ ဖြစ်၍ အဆုတ်၌ပင် အသက်ရှူခြင်း မပြုတော့။ ဆံပင်အဖျား၌ အသက်ရှူနေသည်ဟု ဆိုရလောက်အောင်ပင် သေတွင်းနက်လှသောအချိန်အခါဟု ဆိုနိုင်၏။
ကျွန်ုပ်၏ ဘဝတစ်သက်တာတွင် ကြုံတွေ့ခဲ့ရသော ဘေးအန္တရယ် အမြောက်အမြား ရှိသော်ငြားလည်း ထိုနေ့ထိုရက်က ကြုံတွေ့ခဲ့ရသော အန္တရယ်နှင့် နှိုင်းစာလိုက်ပါမှ ဖြုတ်ကိုက်ခံရခြင်းနှင့် ဆင်နင်း ခံရခြင်းလောက် ကွာခြားလှဘိ၏။ ထိုအဖြစ်အပျက်အား ယခုပြန်၍ စဉ်းစားမိသည့် အခါ၌ပင် ကျွန်ုပ်၏ ကျောရိုးချဉ်ဆီ တစ်လျှောက်၌ စိမ့်ခနဲ ဖြစ်မိသေးတော့၏။ အနိဌာရုံ အဖြစ်အပျက်ကို စာဖတ်သူအား ရေးသားတင်ပြရန် ကျွန်ုပ်အနေနှင့် အလိုမရှိသော်လည်း သူရသတ္တိ အရာ၌လည်းကောင်း၊ ကျေးဇူး သိတတ်သော အရာ၌လည်းကောင်း ၊ ကတိတည်ကြည်သော အရာ၌လည်းကောင်း ၊ စံတင်ထိုက်သော လူတစ်ယောက်အကြောင်းကို သိစေချင်သော ဆန္ဒကြောင့်သာလျှင် ရေးသားရခြင်းဖြစ်၏။ ထိုသူကား ကျွန်ုပ်၏ မိတ်ဆွေကြီး ပြည်သိန်းကျော် ဖြစ်တော့၏။
ကျွန်ုပ်နှင့် ပြည်သိန်းကျော်သည် ဆယ်တန်းကျောင်းသား ဘဝ၌ ခုံချင်းကပ်လျက် ထိုင်ခဲ့ကြသော သိန်းကျော်နှစ်ယောက်အား ဆရာနှင့်တစ်ကွ အခြားကျောင်းသားများ အနေနှင့်ပါ ခွဲခြား၍ ခေါ်ဝေါ်ရန် အခက်အခဲရှိသည့် အားလျော်စွာ ပြည်မြို့သားဖြစ်သော သိန်းကျော်အား ပြည်သိန်းကျော်ဟု လည်းကောင်း၊ ရန်ကုန်သားဖြစ်သော ကျွန်ုပ်အား ရွှေသိန်းကျော်ဟု လည်းကောင်း ခွဲခြား၍ ခေါ်ကြ၏။ ရန်ကုန်သိန်းကျော်ဟု ခေါ်ရမည့်အစား ကျွန်ုပ်အား ရွှေသိန်းကျော်ဟု ခေါ်ဝေါ်ကြခြင်းမှာ ကျွန်ုပ်၏ မိဘများသည် တောသူဌေးများ ဖြစ်ကြသည့်အလျောက် ဂုဏ်ရှိသည် ၊ လူရာဝင်သည်ဟု မှားယွင်းစွာ ယုံကြည်ကြသဖြင့် ကျွန်ုပ်အား မြင်မကောင်း ရှူမကောင်းအောင် လက်ဝတ်လက်စား အမြောက်အမြား ဝတ်ဆင်ပေးထား၏။
ထိုအချိန်က ကျွန်ုပ်ကိုယ်တိုင်ကလည်း ရွှေဝတ်လျှင် အလွန်လှသွားသည်။ ဂုဏ်ရှိသွားသည်ဟု နားလည်ထားသည့် အလျောက် ရွှေလက်ပတ်ကြိုး ၊ ရွှေကြယ်သီးနှင့် အလွန် အကြည့်ရဆိုးသော လက်စွပ်များအပြင် အင်္ဂလိပ်စာလုံးဖြင့် အမည်အတိုကောက် ပုံဖော်ထားသော ရင်ထိုးကြီးကိုလည်း ထိုးထားသည်ဖြစ်ရာ ကျွန်ုပ်အား ရွှေသိန်းကျော်ဟု ခေါ်ဝေါ်ခြင်းသည် အလွန် ခေါ်သင့်လှပေသည်။ ကျွန်ုပ်၏ ဝတ်စားဆင်ယင်မှုအား ကြည့်၍ ပြည်သိန်းကျော်က ပြုံးဖူးသည်များကို နောင်အခါ၌ တွေး၍ ရှက်မိနေသေးတော့၏။ ကျောင်း၌ ဝီရိယအားကိုးဖြင့် ကျက်မှတ်ရသော ပထဝီဝင် ၊ ရာဇဝင်စသော ဘာသာရပ်များ၌ ကျွန်ုပ်သည် မကြာခဏ အချီးမွမ်းခံရသော်လည်း ဆင်ခြင်တုံ ဥာဏ်ရှိမှသာ ထူးချွန်နိုင်သော သင်္ချာဘာသာတို့၌မူ အလွန်ထုံထိုင်းလှဘိ၏။
ကျွန်ုပ်ညံ့သော ဘာသာရပ်များ၌ ပြည်သိန်းကျော်သည် ထူးချွန်လှ၏။ ကျောင်းစာအပြင် ကျောင်း၌ အခါအားလျော်စွာ ကျင်းပသော စကားရည်လုခြင်း ၊ စာစီစာကုံးပြိုင်ခြင်းတို့၌ ကျွန်ုပ်သည် မကြာခဏ ဆုရတတ်သကဲ့သို့ လက်ဝှေ့ထိုးခြင်း ၊ ရေကူးပြိုင်ခြင်း၊ ဘိုင်စကယ်စီးပြိုင်ခြင်း ၊ အမြင့်ခုန်ခြင်းတို့မှာ ကျွန်ုပ်တို့၏ ကျောင်းတွင် ပြည်သိန်းကျော်သာလျှင် ထူးချွန်လေ့ရှိ၏။ ပြည်သိန်းကျော်သည် ယောကျာ်းလေးများနှင့် ရင်းရင်းနှီးနှီးရှိသော်လည်း မိန်းကလေးတန်းမှ မိန်းကလေးများနှင့်မူ ခပ်စိမ်းစိမ်းရှိ၏။ သို့ရာ၌လည်း ပြည်သိန်းကျော် ပါဝင်ထိုး သတ်သော ကျောင်းလက်ဝှေ့ ပွဲများ၌မူကား (ဟီးရိုး) ဟု အသံစာစာ ကလေးများနှင့် မိန်းကလေးများနှင့် မိန်းကလေးများက အားပေးတတ်မြဲဖြစ်၏။ ထိုအခါမျိုး၌ ကျွန်ုပ်သည် ရှေ့ဆုံးတန်းမှ လက်ခေါက်မှုတ်၌ မပြတ်အားပေးလေ့ရှိ၏။ အလွန်ချစ်ခင်လှသော ကျွန်ုပ်တို့နှစ်ဦးသည် (၁၀) တန်းအောင်ပြီးနောက် ကွဲသွားခဲ့ကြရ၏။ ကျွန်ုပ်သည် ကောလိပ်ပညာကို ဆက်လက်သင်၏။ ဘီအေအောင်ပြီးနောက်မှသာ ကျွန်ုပ်ဖခင်၏ လင်ငုတ်လက်ရင်းဖြစ်သော စပါးကုန်သည်အလုပ်ကို လုပ်ကိုင်ခဲ့၏။
ပြည်သိန်းကျော်ကမူ (၁၀) တန်းအောင်သည်နှင့် မန္တလေး ဆပ်ကျောင်းသို့ တက်ရောက်၍ ရာဇဝတ်အုပ် (ပုလိပ်) ဘက်သို့ ကူးပြောင်းခဲ့၏။ ထိုအချိန်မှ အစပြု၍ ပြည်သိန်းကျော် အကြောင်းကို အနည်းငယ် ဖော်ပြပြီးနောက် ကျွန်ုပ်၏ သေမင်းဖြစ်သော မီးခဲမောင်မောင် အကြောင်းကို ဖော်ပြရန်လို၏။ လောက၌ လူတို့မှည့်ခေါ်သော အမည်အမျိုးမျိုးအား အကျဉ်းချုံး လိုက်လျှင် လေးမျိုးလေးစား သာလျှင် ရှိ၏။ ယင်းလေးမျိုးလေးစားသော အမည်တို့ကား မောင်ဘ ၊ မောင်မြတို့ကဲ့သို့သော အခေါ်ဖြစ်ရုံ မှည့်တတ်သော သညာ အမည်မျိုး။ ခွေးသိုး ၊ ဝက်ပုပ်စသည် နှိမ်၍မှည့်တတ်သော “ သညီ ”အမည်မျိုး ၊ အောင်ချမ်းသာ ၊အောင်ကျော်ဇော စသည့်ဖြစ်စေလိုသော အကျိုးတရား မျှော်လင့်၍ မှည့်ခေါ်တတ်သည့် “ ရုဠီ ” အမည်မျိုးနှင့် မွေးဖွားစဉ်ကပင် မဟာသြသဓ နတ်ဆေးအားကိုင်လျက် မွေးဖွားသဖြင့် မဟော်သဓာ ဟူ၍လည်းကောင်း ။
မွေးဖွားစ၌ မြွေဟောက်ကဲ့သို့ (ရှူး ရှူး) ဟု အသံပြုသဖြင့် ရှူး ရှူး နာဂရ (သုသုနာဂရ) မင်းဟု ခေါ်တွင်ခဲ့သည့် အမည်မျိုးကား အနွတ္တအမည်မျိုး ဖြစ်၏။ အနွတ္တ အမည်မျိုးတို့သည် ကောင်းရာ၌လည်းကောင်း၊ ဆိုးရာ၌လည်းကောင်း ထူးချွန်တတ်၏။ မီးခဲမောင်မောင်ကား အနွတ္တ အမည်ရှင် ဖြစ်၏။ ရေနံချောင်း စနေနံ ဘုရားပွဲသို့ မီးခဲမောင်မောင်၏ မိခင်သည် ဘုရားပွဲ သွားရင်း မီးလောင်စ ဉ်အခါ၌ သူ့အားမွေးဖွားခဲ့သဖြင့် မီးခဲမောင်မောင်ဟု တွင်လေတော့၏။ မီးခဲမောင်မောင်၏ ဖခင်ကား ဆန်စက်သူဌေး တစ်ဦးဖြစ်၏။ လယ်မြေများလည်း အမြောက်အမြား ပိုင်ဆိုင်၏။ လယ်မြေများ ပိုင်ဆိုင်သကဲ့သို့ မယားများလည်း အမြောက်အမြား ပိုင်ဆိုင်သည်ဆို၏။ မီးခဲမောင်မောင်၏ မိခင်သည် နံပါတ်ခုနစ်မြောက် ဇနီးဖြစ်သည်ဟု သိရ၏။ ပြည်သိန်းကျော်နှင့် ကျွန်ုပ်သည်လည်း အိုင်အေ အတန်း၌ ကျောင်းနေဘက် ဖြစ်ကြပြန်၏။ ထိုနှစ်ပိုင်းမှာပင် မီးခဲမောင်မောင်၏ ဖခင်သည် မိန်းမတစ်ဦးက ဓားဖြင့် ထိုးသဖြင့် သေဆုံးခဲ့သည်ဟု သိရ၏။
ဖခင်ဖြစ်သူသည် မိန်းမပွေလှသော်လည်း မီးခဲသည်ကား ဤသို့မဟုတ်ပေ။ မိန်းမများအား စေ့စေ့စပ်စပ် ကြည့်သည်ကိုပင် မတွေ့ခဲ့ရဖူးပါ။ လူငယ်ဘဝ မိန်းမနှင့်စပ်သော စကားများ ဝိုင်းဖွဲ့၍ ပြောဆိုကြသည့် အခါ၌လည်း ဝင်ရောက် ပြောဆိုခြင်း၊ နားထောင်ခြင်း မပြုရုံမျှမက ထိုအကြောင်းအရာများကို မပြောဆိုရန် မကြာခဏကန့်ကွက်တတ်သေး၏။ ရုပ်ရည်မှာ ချောမောသည်ဟု မဆိုသာသော်လည်း ကြည့်ပျော်ရှု့ပျော်ရှိသူ တစ်ယောက်ဟု တော့ ဆိုနိုင်၏။ သဘောလည်း အလွန်ကောင်း၏။ တစ်ဖက်သားကိုလည်း အလွန်ပင် ကျွး ချင်မွေးချင်သည့် စိတ်ရှိ၏။ စကားအလွန်နည်း၏။ အိုင်အေတန်း၌ တက်နေကြသူတိုင်း လောက်နီးနီး မီးခဲမောင်မောင်ကို ခင်မင်ကြ၏။ အများအတွက် အနစ်နာခံတတ်၏။
တစ်ခါ၌ မီးခဲအပါအဝင် ကျွန်ုပ်တို့ လူငယ်တစ်စုသည် မေးရိုးမရင်းကလပ်၌ မူးယစ်သောက်စားပြီး ပန်းကန်ခွက်ယောက်များ ပေါက်ခွဲခြင်း၊ စားပွဲခင်းနှင့် လိုက်ကာများ ဆုတ်ဖြဲခြင်းများ ပြုလုပ်၍ ရမ်းကားကြ၏။ မီးခဲမောင်မောင်က ရမ်းကားခြင်းမပြု ၊ ဖျက်ဆီးခြင်းလည်း မပြုရုံမျှမက မူး၍ရမ်းနေသော ကျွန်ုပ်အပါအဝင် အခြားလူများကို လိုက်လံ ထိန်းသိမ်းပေးခဲ့၏။ သို့ရာ၌ ကလပ်မှ တာဝန်ရှိသူက ကျောင်းသို့လည်းကောင်း ၊ ပုလိပ်ဘက်သို့လည်းကောင်း၊ အကြောင်းကြားသည့် အခါ၌မူ သူ့ကြောင့်ငါ့ကြောင့်ဟု တစ်ဦးကိုတစ်ဦး လွှဲချရှောင်တိမ်း၍ သူရဲဘောနည်းစွာ ကိုယ်လွတ်ရုန်းလျက် ရှိတော့၏။ သို့သော် မီးခဲမောင်မောင်က သူလုပ်သည်ဟု အများအတွက် ခေါင်းခံလိုက်မျှမက ပုလိပ်အချုပ်၌ တစ်ညတာ အိပ်စက် ပေးခဲ့သည့်အပြင် ဆုံးရှုံးသွားသော ပစ္စည်းများ၏ တန်ဖိုးကိုလည်း တစ်ယောက်တည်းပင် လျော်ပေးခဲ့လေသည်။
သို့သော် မီးခဲမောင်မောင်၌ ချစ်စရာကောင်းသော လေးစားစရာကောင်းသော အချက်အလက် အမြောက်အမြား အနက်၌ အလွန်စက်ဆုပ်ဖွယ်ရာသော အချက်တစ်ချက်ရှိ၏။ ထိုအချက်ကြောင့်ပင် အကွက်လည်အောင် သွေးထားသော စိန်တုံး၌ အနာကလေး တစ်ကွက်ပါ နေသည့်အလား မီးခဲမောင်မောင်၏ ဘဝသည် နှလုံးနာဖွယ်ရာ ရှိတော့၏။ ဤမျှသဘောကောင်း၍ အေးချမ်းလှသော မီးခဲမောင်မောင်၏ ဟဒယနှလုံး အိမ်နောက်၌ ခိုကပ်နေသော မာရ်နတ်သား၏ တမန်တော် နတ်မိစ္ဆာ တစ်ကောင်ရှိ၏။ ထိုနတ်မိစ္ဆာကား အခြားမဟုတ်။ မခံချင်စိတ်နှင့် တကွ ယှဉ်၍ ဖြစ်ပေါ်လေ့ရှိသော လက်စားချေလိုသော စိတ်မိုက်ပင်ဖြစ်တော့၏။
ကျွန်ုပ်နှင့် မီးခဲမောင်မောင်တို့သည် နှစ်ဦးစလုံး ဘီအေအောင်ပြီးနောက် ကွဲကွာသွားခဲ့ကြ၏။ ကျွန်ုပ်သည် ကျွန်ုပ်ဖခင်၏ လက်ငုတ်လက်ရင်းဖြစ်သော စပါးလုပ်ငန်းတွင် နှစ်မြုပ်၍ နှစ်အတန်ကြာ လုပ်ကိုင်ခဲ့ပြီးနောက် အိမ်ထောင်ပြုရန် အကြောင်းပေါ်လာတော့၏။ ကျွန်ုပ်၏ မိခင်သည် ချောင်းဆိုးသွေးပါ ရောဂါဖြင့်၏ ဖိစီးနှိပ်စက်မှုကြောင့် ကျန်းမာရေး အခြေအနေမှာ မျှော်လင့်စရာ မရှိသော အဖြစ်နှင့် ကြုံတွေ့နေရသည်ဖြစ်ရာ မျက်စိနှစ်လုံး ပိတ်မသွားမီ ကျွန်ုပ်အား အိမ်ထောင်ရက်သား ချထားရန်အရေးမှာ လွန်စွာအရေးကြီးလျက် ရှိတော့၏။ လူကြီးချင်း ပြောဆို ဖူးထားသော သတို့သမီးလောင်းအား ကျွန်ုပ်ကိုယ်တိုင် မမြင်ဖူးပါဘဲလျက် မိခင်ကြီး၏ဆန္ဒကို ပယ်ရှားရန်မ သင့်သောအခါ ဖြစ်သည့်အလျောက် ကျွန်ုပ်က သဘောတူခဲ့ရ၏။
သတို့သမီးလောင်းနှင့်တကွ သူ၏ ဆွေမျိုးတစ်စုတို့သည် ကျွန်ုပ်နှင့် သဘောတူပြီးနောက် ရန်ကုန်သို့ ဘုရားဖူးလာကြ၏။ ကျွန်ုပ်တို့ အိမ်မှာပင် တည်းခိုကြ၏။ ကျွန်ုပ်က ဘုရားပေါင်းစုံ လိုက်ပို့ရ၏။ ထိုအခါကျမှပင် မိမိယူမည့် ဇနီးလောင်းအား အသေအချာ မြင်ဖူးတော့၏။ ဇနီးလောင်းဖြစ်သူက ရေနံချောင်းသူဖြစ်၏။ မျိုးရိုးမှာ ရေနံတွင်းစား မျိုးရိုးဖြစ်၏။ အမည်မှာ လှိုင်လှိုင်တင်ဟုခေါ်သည်။ လှိုင်လှိုင်တင် အားတွေ့မြင်ရသည်၌ မိခင်ကြီးအား အသေဖြောင့်အောင် ပေးစားသော မိန်းမကို ယူပါမည်ဟု ကျွန်ုပ်ပြောခဲ့သော စကားကိုပင် ရှက်မိတော့၏။ ယခုအခါ၌ လှိုင်လှိုင်တင်အား ယူလျှင် ကျွန်ုပ်မိခင်ကြီး စိတ်ဒုက္ခ ခံစားရပါမည်။ ရှောင်ပါသားရယ် ဟုဆိုလာသည့် တိုင်အောင် ကျွန်ုပ်သည် နောက်ဆုတ်လိမ့်မည်မဟုတ်ကြောင်း ကျွန်ုပ်ဝန်ခံရပေမည်။
မိဘစကား နားထောင်သော သားလိမ္မာလည်းဖြစ်၊ ဇနီးချောလည်း ရမည့် သူဌေးမောင်ကောက်ရ ကိန်းနှုင့် ကြုံနေသည်ဖြစ်ရာ ကျွန်ုပ်သည် အပျော်ကြီး ပျော်လျက်ရှိတော့၏။ မိဘစကား နားထောင်သည့် အတွက် သတ္တဘာဂ ဟူသော ဖူးစာနတ်မောင်အပါ ၊ သမ္မာဒေဝ နတ်အပေါင်းသည် ကျွန်ုပ်အား ဆုလာဘ်အဖြစ် လှိုင်လှိုင်တင်လို မိန်းမချောလေး တစ်ဦးနှင့် စုံဖက် ပေးသည်ဟု ကျွန်ုပ်ထင်မှတ်မိ၏။ မင်္ဂလာကိစ္စကိုလည်း မိခင်ကြီး၏ ရောဂါကို အကြောင်းပြ၍ အချိန်ဆွဲရန်မ သင့်ကြောင်း၊ ယူမည့်အတူတူ မြန်မြန်ယူလိုက် ပြီးတာပေါ့ဟူ၍ ကျွန်ုပ်ကပင် လောဆော်လျက်ရှိတော့၏။ လှိုင်လှိုင်တင်အားလည်း ကျွန်ုပ်သည် လက်ဆောင်အမြောက်အမြား ဝယ်ပေး၏။ လှိုင်လှိုင်တင် အနေနှင့်မူ ကျွန်ုပ်အား မိဘများက သဘော တူထာသော ခင်ပွန်းလောင်းအဖြစ်မှလွဲ၍ စိတ်ဝင်စားပုံ မပေါ်လှပေ။
လှိုင်လှိုင်တင် ကျွန်ုပ်တို့အိမ်၌ တည်းခိုနေထိုင်လျက်ရှိသော ရက်များတွင် ကျွန်ုပ်သည် ပူးအလှည့်၌ ဂျိုကာနှစ်ကောင်ရသော ပိုကာသမားကဲ့သို့ လေတချွန်ချွန်နှင့် ရှိတော့၏။ သို့ရာတွင် လှိုင်လှိုင်တင်တို့ ပြန်သွားပြီးနောက် လေမချွန်နိုင်တော့ရုံမက ကျွန်ုပ် ကျွန်ုပ်၏ ရင်ဝသို့ သံချွန်နှင့် တအားဆောင့်၍ ထိုးလိုက်သကဲ့သို့ စာတစ်စောင်ကို စာတိုက်မှ ရရှိတော့၏။ စာမှာ ရေစစ္စရီလုပ်၍ ပေးပို့သော စာဖြစ်သဖြင့် ကျွန်ုပ်လက်မှတ်ထိုး ယူရ၏။ ထိုစာရောက်သည့် နေ့မှစ၍ ကျွန်ုပ်သည် ပထမပိုင်းက ကျေးဇူးတင်ခဲ့သော ဖူးစာရေးနတ်အား ဒေါအပွကြီး ပွမိတော့၏။ စာမှာအောက်ပါအတိုင်း ဖြစ်၏။
သို့....
သူငယ်ချင်း ကိုသိန်းကျော်
သည်စာကို ရေးရတာ အားလည်းနာပါတယ်။
ဒါပေမဲ့ မရေးမဖြစ်လို့ ရေးလိုက်ရတာကို ခွင့်လွှတ်ပါ ခင်ဗျာ။ ကိုရွှေသိန်းကျော်နဲ့ မိဘချင်း သဘောတူပြီး လက်ထပ်ကြမယ် လှိုင်လှိုင်တင်ဟာ ကျွန်တော်ရဲ့ချစ်သူပါ။ ကျွန်တော်တို့ လူငယ်ချင်း ချစ်ကြိုက်နေတာ ကြာပါပြီ။ လှိုင်လှိုင်တင်ရဲ့ မိဘများဟာ ကျွန်တော်တို့ စီးပွားပျက်နေတာကြောင့်ရော၊ ကျွန်တော့်ဖခင်ရဲ့ အကျင့်စာရိတ္တကို မကြိုက်တာ ကြောင့်ရော ကျွန်တော်နဲ့ သဘောမတူ နိုင်ဘဲ ရှိပါတယ်။ ဒါကြောင့် လှိုင်လှိုင်တင် မိဘများက သဘောတူလာ အောင်အတွက် ပျက်နေတဲ့ စီးပွားရေးကိုလည်း ပြန်ပြီး ဖြစ်ထွန်းအောင် ကြိုးစားနေ ရပါတယ်။ ဖခင်ရဲ့အကျင့်စာရိတ္တမျိုး ကျွန်တော့်မှာ မရှိကြောင်း ကိုလည်း သဘောပေါက်နား လည်အောင် ကျွန်တော်ကြိုးစားလျက်ရှိစဉ်မှာ ကိုရွှေသိန်းကျော်နဲ့ စီစဉ်ကြောင်း လှိုင်လှိုင်တင် ပြောပြလို့ သိရပါတယ်။ ဒါကြောင့် ကျွန်တော့်ကိုရော လှိုင်လှိုင်တင်ကိုပါ သနားသော အားဖြင့် စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးပါလို့ အသနားခံပါတယ်။ သည်ကိစ္စကို ခင်ဗျားရယ် ၊ ကျွန်တော်ရယ် ၊ လှိုင်လှိုင်တင်ရယ်ပဲ သိပါတယ်။ တခြား ဘယ်သူ့ကိုမှလည်း မသိစေဖို့ မေတ္တာရပ်ခံပါ တယ်။
သင့်သူငယ်ချင်း
မီးခဲမောင်မောင်
ရေနံချောင်း
ကျွန်ုပ်သည် အထက်ပါစာကို ဖတ်ပြီးနောက် များစွာ စိတ်ထိခိုက်မိ၏။ မိခင်ကြီးအားငဲ့၍ယူရမည် သက်သက်ဆိုပါက ကျွန်ုပ်သည် မီးခဲမောင်မောင် လိုလားသည့်အတိုင်း စေ့စပ်မှုအား ဖျက်သိမ်း ပေးကောင်းပေးေ ပလိမ့်မည် ဖြစ်သော်လည်း လှိုင်လှိုင်တင်အား ကျွန်ုပ်ကိုယ်တိုင်က နှစ်သက်သဘော ကျနေ သည်ဖြစ်ရာ နောက်ဆုတ်ပေးရန်မှာ လုံးဝမဖြစ်နိုင်တော့ပေ။ ထို့ကြောင့် မီးခဲမောင်မောင်ထံသို့ ကျွန်ုပ်၏မိခင်ကြီး၏ စိတ်ချမ်းသာမှုအတွက် လက်ထပ်ရခြင်းဖြစ်ကြောင်း ကျွန်ုပ်အနေနှင့်မူ နောက်ဆုတ်ပေးလိုကြောင်း စသည်ဖြင့် အဖြစ်မှန်အား ဖုံးကွယ်၍ ရေးသားသော စာတစ်စောင်ကို ပေးပို့ခဲ့၏။
ကျွန်ုပ်စာကိုရကြောင်း၊ မိခင်ကြီးအတွက် ဖြစ်နေသောကြောင့် သူ့အနေနှင့်လည်း ကျွန်ုပ်အပေါ်၌ မည်သို့မျှ သဘောမထားကြောင်း၊ ခွင့်လွှတ်ကြောင်း ၊ သေခါနီးဆဲဆဲ ဝေဒနာ သည်တစ်ဦး၏ ဆန္ဒ အတွက်သူရော ၊ လှိုင်လှိုင်တင်ရော ၊ ကျွန်ုပ်ပါ အနစ်နာ ခံသင့်ကြကြောင်းများပါ ရေးသားသောစာကို မီးခဲမောင်မောင်ထံမှ ရရှိခဲ့၏။ ထိုစာရသည့်နေ့က ကျွန်ုပ်သည် အပျော်ကြီး ပျော်ရပြန်၏။ စိန်ကောင်း ကျောက်ကောင်း ရောင်းနေသည့်ကိစ္စတွင် ရှေ့မှ ကိုးလိုးကန့်လန့်ခံနေသည့် ဆေးရိုးသည် မီးခဲမောင်မောင်၏ ကိစ္စ ရှင်းသွားပြီဖြစ်၍ ကျွန်ုပ်သည် များစွာ စိတ်လက် ပေါ့ပါးသွားမိ၏။ ထို့ကြောင့် မင်္ဂလာဆောင်မှ အေးမည်ဖြစ်သဖြင့် အမြန်ဆုံးဖြစ်ရန် ကျွန်ုပ်အနေနှင့် စီစဉ်ရတော့၏။ သို့သော် ကံတရားသည် အလွန်ရုပ်ပြောင်းရုပ်လွှဲကောင်းသူကဲ့သို့ တစ်မျိုးတစ်ဖုံ ပြောင်းလဲရပြန်တော့၏။
ဒုတိယပိုင်းမျှော်......
ဆက်လက်ဖော်ပြပေးပါဦးမည်။
အားလုံးကိုခင်မင်လေးစားလျှက်
ဆရာဟိန်းတင့်ဇော်(ထိုင်းနိုင်ငံ၊မဟာချိုင်မြို့)
တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019
No comments:
Post a Comment