Monday, February 2, 2015

ပြည်အမှတ်(၁)ရဲစခန်းမှူးယာဉ်တိုက်မှု စက်ဘီးတစ်စီး နှင့်ငွေကျပ်(၁၄)သိန်းခွဲပေးလျော်

ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ အမှတ်(၁) ရဲစခန်းမှူး ရဲအုပ်မျိုးဝင်းသည် ဖေဖော်ဝါရီ ၁ ရက် ညပိုင်းက ယာဉ်တိုက်မှု ဖြစ်ခဲ့ရာ လူစုလူဝေး အထိကရုဏ်းများ ဖြစ်ပေါ်ခဲ့ပြီး ဒဏ်ရာရ နစ်နာဆုံးရှုံးသူများကို စက်ဘီးတစ်စီးနှင့် ငွေကျပ်၁၄ သိန်းခွဲ ပေးလျော်ကြေအေးခဲ့ရကြောင်း ကာယကံရှင်များက ပြောသည်။






ထိုနေ့ည ၁၀နာရီခန့် အချိန်က အမှတ်(၁) ရဲစခန်းမှူး ရဲအုပ်မျိုးဝင်း မောင်းနှင်လာသည့် ဇီးရောင် CRV ကားသည် ပြည်မြို့ ဆံတော်ရပ်ကွက် ဗိုလ်ချုပ်လမ်း နာရီစင်အနီးတွင်  ဂျပန်နိုင်ငံလုပ် စက်ဘီး (၁)စီး ၊ ကွမ်းယာရောင်းသော သုံးဘီးဆိုင်ကယ် ၊ ကွမ်းယာဝယ်နေသော အမျိုးသား (၁)ဦး ၊ အမျိုးသမီး (၁)ဦး နှင့် နာရီစင်အုတ်ခုံတို့ကိုဝင်တိုက်မိခဲ့သည်။

“ကားက အသားကုန်မောင်းပြီး ကျနော်တို့စက်ဘီးကိုဝင်တိုက်တယ်။ အရှေ့ကကားပါပါသွားတယ်။ စက်ဘီးက တော့စုတ်ပြတ်သွားတယ်။ ကောင်မလေးတစ်ယောက်လဲ ပွန်းပဲ့သွားတယ်” ဟု အတိုက်ခံရသော စက်ဘီးပိုင်ရှင်နှင့်အတူပါ သူငယ်ချင်း ကိုစောမင်းဟန်က ပြောသည်။

ထိုသို့တိုက်မိပြီးနောက် စခန်းမှူး ရဲအုပ်မျိုးဝင်းသည် ကားမောင်းထွက်ပြေးသွားခဲ့ပြီး လူစုလူဝေး ဖြင့် လိုက်လံရှာဖွေခဲ့ကြသည်။ ၀က်တိုးဘုရားလမ်း (501) စတိုးဆိုင်ရှေ့တွင် ယင်းစခန်းမှူး ကို တွေ့ရှိပြီး ပြန်လည်ခေါ်ဆောင်လာခဲ့ရာ ဗဟိုရ် လက်ဖက်ရည်ဆိုင်လမ်း နှင့် မြောက်စောင်းတန်း လမ်းတွင် စခန်းမှူးရဲအုပ်မျိုးဝင်း နှင့် လူစုတို့ အခြေအတင်စကားများခဲ့ကြသည်။

အခြေအတင်စကားများနေချိန်တွင်စခန်းမှူးက “အကိုအကုန်လုပ်ပေးမယ်။ အစ်ကိုကို အမှုဖွင့်လည်း ရတယ်။ ထောင်ထဲထည့်ရင်လည်းထည့်လိုက်” ဟု ပြောသည်။
၎င်းနောက် နှစ်ဖက်စလုံးကို ပြည်မြို့မရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီး မြို့မရဲစခန်းစခန်းမှူးရုံးခန်းတွင် အကြောင်းအရာများကို စစ်ဆေးမေးမြန်းခဲ့သည်။

စစ်ဆေးမေးမြန်းနေသည့်အချိန်တွင် ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ဦးက “ဖြစ်ပြီးသားတွေက ညာလို့မှမရတာ။ ဖြစ်ဖြစ်တဲ့ အတိုင်း အရှိအရှိ အတိုင်း ဥပဒေနဲ့အညီ လုပ်ပေးမယ်။ ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ရဲစည်းကမ်းဥပဒေနဲ့လဲ အရေးယူမယ်။တိုက်ခိုက်မှုရှိတဲ့ အတွက်ကြောင့် ကာယကံရှင်ရဲ့ ဆန္ဒအတိုင်းဆောင်ရွက်သွားမယ်” ဟုပြောသည်။

သို့သော် (၃)နာရီခန့်အကြာစစ်ဆေးညှိနှိုင်းမှုများပြုလုပ်ခဲ့ရာ ဒဏ်ရာရ နစ်နာဆုံးရှုံးသူများ နှင့် အမှတ်(၁) ရဲစခန်းမှူး ရဲအုပ်မျိုးဝင်း တို့  သဘောတူညီမှုရရှိပြီး နှစ်ဦးနှစ်ဖက် ကြေအေးစာချုပ်ချုပ် ဆိုနိုင်ခဲ့သည်။

၎င်းကြေအေးစာချုပ်အရ သုံးဘီးဆိုင်ကယ်ပျက်စီးမှုအတွက် ပိုင်ရှင်ဦးကြည်စိုးအား ငွေကျပ်(၆)သိန်း ၊ ဂျပန်စက်ဘီးပျက်စီးမှုအတွက် စက်ဘီးပိုင်ရှင် မောင်ရန်ပိုင်စိုးအား စက်ဘီးအသစ်တစ်စီး နှင့် ငွေ ကျပ်(၅)သောင်း ၊ ညာမေးရိုးထိခိုက်ဒဏ်ရာ နှင့် ဘယ် ခါး ၊ ဘယ်ပေါင် ထိခိုက်ဒဏ်ရာရရှိသူ မကြည်ကြည်ဝင်း အား ငွေကျပ် (၄)သိန်းခွဲ ၊ ညာပေါင်ထိခိုက်ဒဏ်ရာရသူ ကိုမောင်မောင်အေး အား ငွေကျပ် (၃)သိန်းခွဲ  ပေးလျော်ခဲ့သည်။

ကြေအေးလက်မှတ်ထိုးအပြီးတွင် မြို့မစခန်းမှူး ဒုရဲမှူးမျိုးမြင့်က“သူတို့အချင်းချင်းက ပြေလည်ပေမဲ့ တို့က ရဲစည်းကမ်းဥပဒေအရ အရေးယူသင့်တန်ယူမှာပါ” ဟုပြောသည်။ ထို့အပြင် ပျက်စီး သွားသော နာရီအုပ်ခုံကိုလည်း အမှတ်(၁)စခန်းမှူး ရဲအုပ်မျိုးဝင်းက ပြုပြင်ပေး ရမည်ဖြစ် ကြောင်း ၄င်းက ဆက်လက်ပြောသည်။

No comments:

Post a Comment