ရွှေတောင်၊ ဒီဇင်ဘာ ၁၁
ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး၊ ရွေတောင်မြို့နယ်၊ နွားမယံအုပ်စု၊ ဘယ်လက်ကျေးရွာ၊ ပုတ္တန်းကျေးရွာနှင့် ပုရပိုက်တန်းကျေးရွာတို့မှ တောင်သူလယ်သမား ၅၄ ဦးကို ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ ဖြင့်တရားစွဲ ထားကြောင်းတရားစွဲဆိုခံရသူများထံကသိရသည်။
အဆိုပါတရားစွဲထားကြောင်း သမ္မာန်စာကို ရွှေတောင်မြို့နယ်တရားသူကြီးဒေါ်ခင်စိုးညွှန့်က လက်မှတ်ရေးထိုး၍ ဒီဇင်ဘာ ၅ ရက်နေ့နေ့စွဲဖြင့်ပေးပို့ခဲ့တာဖြစ်ပြီး၊ ဒီဇင်ဘာ ၁၀၊ ၁၂၊ ၁၅ ရက် သုံးရက်တွင်တရားစွဲခံရသူများ အနေဖြင့် မြို့နယ်တရားရုံးသို့အာမခံလာရောက်ပြုလုပ်ရန် ဆင့်ခေါ်လိုက်ခြင်းဖြစ်ကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်နေ့က တောင်သူ ၈ ဦးအာမခံပြုလုပ်ခဲ့ကြောင်း တရားလိုအဖြစ် ခ.လ.ရ (၁၄) တပ်ကိုယ်စား တပ်ကြပ်ကြီးခင်မောင်ဝင်းနှင့် အခြားဗိုလ်တစ်ဦးတို့မှ ပြုလုပ်ခဲ့ကြောင်း တောင်သူလယ်သမားများက ပြောဆိုသည်။
“ တရားရုံးကရော၊ ရဲစခန်းကကော တပ်ကြပ်ကြီးခင်မောင်ဝင်းကခင်ဗျားတို့ကို တရားစွဲပါတယ်ဆိုပြီး ပြောတယ် မနေ့ကတော့ တရားရုံးမှာ ၁၂ ယောက်ကကို ၈ ယောက်ပဲသွားနိုင်တယ် ခရီးလွန်နေတဲ့လူနဲ့၊ နေမကောင်းတဲ့လူတွေနဲ့၊ ဆိုတော့အစုံမသွားနိုင်ကြဘူး၊ တရားသူကြီးမကတော့ပြေပြေလည်လည်ပါပဲ၊ တပ်ကဒီလိုမျိုးလုပ်ဖို့ပြောထားတယ်၊ အာမခံလုပ်ရမယ်ဆိုပြီးလုပ်ပြီးတာနြဲ့ပန်လွှတ်လိုက်တယ်၊ နောက်ရက်တွေမှာကျန်တဲ့သူတွေကိုထပ်ခေါ်ထားတယ်၊ ” ဟု ဘယ်လက်ကျေးရွာရာအိမ်စုမှူးဦးတင့် ကပြောသည်။
တရားစွဲဆိုခံထားရသူ ၅၄ ဦးကျူးကျော်သည်ဟုစွပ်စွဲထားသည့် ယာမြေ၊ခြံနှင့်လယ်ပေါင်းမှာ ၃၈၅.၇၃ ဧကရှိပြီး၊ ၁၉၉၂-၉၃ ခုနှစ်တွင်တပ်မိသားစုလုပ်ကိုင်စားသောက်ရန် သိမ်းယူ၍ပလပ်မြေများအဖြစ်တင်ခဲ့သည့်အပေါ် လက်ရှိတောင်သူများကကန့်ကွက်ခဲ့ခြင်းကြောင့် ဗိုလ်ချုပ်ကြီးမြင့်အောင်မှ တပ်မှမှူးဗိုလ်ချုပ်ညွှန်တင်အား ပြန်လည်ပေးအပ်ရန်ပြောဆိုခဲ့သော်လည်း လယ်မြေများကိုသာပေးခဲ့ပြီး ယာမြေနှင့်ခြံများကိုကျန်ထားခဲ့ပြီး တပ်သို့ရံပုံငွေပေးသွင်းလုပ်ဆောင်ရမည်ဟုပြောဆိုခဲ့ခြင်းကြောင့် မူလတောင်သူများမှာ ငွေပေးသွင်း လုပ်ဆောင်ခဲ့ရာမှ မြေခွန်ပြေစာရှိသူများ၏ ပြေစာများကိုတောင်းယူကာ ပြန်လည်ပေးခြင်းမရှိကြောင်း မပေးလိုက်သူများမှာ ၂၀၁၂-၁၃ ခုနှစ်ထိပေးဆောင်ထားသည့်မြေခွန်ပြေစာများရှိကြောင်း ယခုနှစ်တွင်းလုံးဝလုပ်ကိုင်မစားရန် တားမြစ်ပိတ်ပင်ကာယခုလိုတရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း တပ်ဧရိယာအဖြစ်အမှတ်စားစည်းရိုးလည်းမရှိကြောင်း တရားစွဲဆိုခံရသူများကပြောသည်။
“ သိမ်းယူတုန်းကလည်းလယ်သမားတွေက အထက်ကိုတက်တဲ့အခါမှာ လူကြီးတွေကပြန်ပေးလိုက်ဆိုလို့ ပေးတော့ပေးတယ် လယ်တွေပဲပေးတယ်၊ ခြံတွေနဲ့ယာတွေကိုပါးစပ်သိမ်းသိမ်းလိုက်တယ် ပြေစာလက်ငုပ် လက်ရင်းတွေလည်းရှိပါတယ် ဒါပေမယ့်သိမ်းတယ်ဆိုတော့ကြောက်ပြီး သူတို့ကိုအခပေးရတယ် တစ်ရာသီကို ၂၀၀၀ ကနေ ၁၀၀၀၀ ထိပေးခဲ့ရတယ် ပြန်ရနိုးနိုးနဲ့ ၂၀၁၃ ခုနှစ်မှာမပေးရတော့ပဲ အခုကျတော့ ပိုင်နက်ကျူးလွန်မှုနဲ့လယ်သမားတွေကိုတရားစွဲတော့တာပဲ၊ အရင်သိမ်းတုန်းကတော့ဦးလေးလယ်တွေပါတယ် အခုကတော့ သူတို့လုပ်တာမတရားလွန်းလို့ ၀င်ပါနေရတာပါ” ဟုရွာခံရွှေတောင်မြို့နယ် တရားသူကြီးဟောင်းဖြစ်သူ ဦးမြင့်စိုးကပြောသည်။
ဘယ်လက်ကျေးရွာတွင်အများစုနေထိုင်ကြသူများမှာ တပ်တွင်းမိသားစုများနှင့်အငြိ
မ်းစားယူထားသူများဖြစ်ကာ သိမ်းယူခြင်းခံရသည့် ခြံမြေများနှင့်ယာများတွင် တပ်မတော်အငြိမ်းစားများ၏ လုပ်စားမြေများလည်းပါဝင် နေကြောင်း သိမ်းယူမှုများမှာလည်း လယ်ကွက်များကိုကျော်လွန်၍ကွက်ကြားသိမ်းယူနေကာ တပ်ဧရိယာ၏ ၁ မိုင်ခွဲမှ ၄ မိုင်အထိ သိမ်းယူခြင်းဖြစ်ကြောင်း ရွာဦးဘုန်းကြီးကျောင်းဖြင့်ကပ်လျှက်ရှိသည့် မိမိခြံအားသိမ်းယူစဉ် ကစစ်သား ၁၀ ဦးခန့်ကလာ၍ သေနတ်များကိုင်ဆောင်ကာ သိမ်းယူလိုက်ပြီဖြစ်ကြောင်းပြောဆိုကာ ၀ါးပင်များကိုခုတ်လှဲခြင်း စိုက်ပျိုးထားသည့် နှစ်ရှည်ပင်များကို ခုတ်လှဲလွှတိုက်ခြင်းများကိုပြုလုပ်သွားကြောင်း တပ်မတော်အငြိမ်းစားဖြစ်အနားယူခဲ့သူတစ်ဦးဖြစ်သည့်ဦးမင်းအောင်ကပြောသည်။
သရေခေတ္တရာ သတင်းမီဒီယာ

No comments:
Post a Comment