လမ်းဘေးလဘက်ရည်ဆိုင်တစ်ခုတွင်
ထိုင်လျှက် ရေနွေးကြမ်းသောက်နေစဉ် မိတ်ဆွေတစ်ယောက် နေပူထဲ မှ ဆိုင်ကယ်ဖြင့်
မောကြီးပမ်းကြီးရောက်လာသည်။ အချိန်က နံနက်(၁၁)နာရီလောက်ဖြစ်သည်။ ဘယ်ကပြန်လာတာလဲမေးရာ-
“မပြောချင်ပါဘူးဗျာ၊ မော်တော်ဆိုင်ကယ် ဦးထုပ်ဘမ်းလို့ ဒဏ်ဆောင်ပြီး ပြန်ခဲ့တာ” တဲ့။
“အော် ခင်ဗျားတို့ကလည်း ခင်ဗျားတို့ဘဲဗျာ၊ စည်းကမ်းရှိရှိလေးတော့ လုပ်မှပေါ့၊ ဦးထုပ်ဆောင်းတော့ ခင်ဗျားတို့အတွက် အန္တရာယ်ကင်းတာပေါ့ဗျာ”ဟု ကျွန်တော်က အပြစ်တင်သည့်သဘောဖြင့် ပြောလိုက်ရာ-
“ဟုတ်တော့ ဟုတ်ပါတယ်ဗျာ၊ ဒါပေမယ့် ဆိုင်ကယ်ဦးထုပ်မဆောင်းလို့ ဒဏ်ရိုက်တာက တရားရုံးပါ၊ဒါပေမယ့် ဒဏ်ငွေဆောင်ရတာက နှစ်နေရာဖြစ်နေလို့”
“ဘယ်လို နှစ်နေရာ ဟုတ်လား၊ ရှင်းပါအုံး”
“ဒီလိုဗျာ့၊ ကျွန်တော်နဲ့ ကျွန်တော့်မိန်းမ ဒီနေ့နံနက် ဈေးသွားတော့ ကျွန်တော်တို့လင်မယားနှစ်ယောက်လုံး ဦးထုပ်ပါတယ်၊ လမ်းမှာ လဘက် ရည်သောက် တယ်။ ပြီးတော့ဆက်အထွက်မှာ အဘမ်းခံရတာ၊ အနောက်က ထိုင်တဲ့ ကျွန်တော့်မိန်းမက အိမ်ကထွက်တုန်းက ဦးထုပ်ဆောင်းလာပေမယ့် လဘက်ရည်ဆိုင်က ထွက်ချိန်မှာ မဆောင်းမိဘူး၊ရှေ့က ဆိုင်ကယ်မောင်းတဲ့ ကျွန်တော်ကတော့ ဦးထုပ်ဆောင်းထားတယ်။ မိန်းမလည်း ဆောင်းလိမ့်မယ်ထင်တာပေါ့ဗျာ။မော်တော်ပီကယ်ဘမ်းတော့မှ ကျွန်တော့်မိန်းမ ဆောင်းမထားမှန်းသိတယ်။ကျွန်တော်လည်း တော်တော်ဒေါသ
ထွက်ပြီး မိန်းမကိုလည်း ပြောပစ်လိုက်တယ်”
“နေပူပါတယ်ဗျာ စိတ်ထိန်းအုံးမှပေါ့”
“ စိတ်ကတော့ ထိန်းတာဘဲ ဆရာရေ၊ တရားရုံးနဲ့ ဘမ်းတဲ့နေရာကလည်း အတော်လှမ်းတာဆိုတော့ ဆိုင်ကယ် ကယ်ရီငှားသွားရတာ။ ကုန်ပြန်လေရော ၂၀၀၀ိ/-၊ တရားရုံးရောက်ပြီး ဒဏ်ငွေ ၁၅၀၀ိ/-ဆောင်ပြီး ဘီးလစ်ပြေစာဆိုတာရလာတော့ ဘမ်းတဲ့ ဗဟိုမီးသတ်ကို ပြန်ရောက်ပြီး ပြတော့ ကျွန်တော်တို့ ဆိုင်ကယ်ပြန်ရပြီအောင်းမေ့တာ၊
မပြီးသေးဘူးဗျို့”
“ဘာဖြစ်လို့တုန်း”
“ ယာဉ်စည်းကမ်းအတွက် စီမံခန့်ခွဲရေးဒဏ်ငွေတဲ့ဗျာ ၅၀၀၀ိ/-၊အဲဒါကိုတော့ CB ဘဏ်ကို သွားဆောင်ရတယ်”
“ ဟင်၊ အဲဒီမှာ ဆောင်တော့ ချလန်တွေဘာတွေ ဖြည့်ပြီး ဘဏ်ကို သွင်းရတာလား”
“ မဟုတ်ဘူးဗျာ၊ ဘဏ်အပေါက်စောင့်ကို မော်တော်ပီကယ်ပေးလိုက်တဲ့စာရွက်လေးနဲ့ ငွေ ၅၀၀၀ိ/-ကို ပေးရတာ။ CB ဘဏ်အပေါက်စောင့်လား၊ လုံခြုံရေးလားမသိတဲ့
လူကကျွန်တော်တို့ပေးတဲ့ ငွေ ၅၀၀၀ိ/-နဲ့ မော်တော်ပီကယ်ပေးလိုက်တဲ့ စာရွက်ပေါ်မှာ လက်ခံရရှိကြောင်း ရေးပြီး ပြန်ပေးလိုက်တော့မှ ဗဟို မီးသတ် အဆောက်အဦကို ပြန်သွားရပြီးဘဏ်အပေါက်စောင့်ပေးလိုက်တဲ့စာရွက်ပြန်ပေးတော့ မှ ကျွန်တော့် ဆိုင်ကယ်သော့ပြန်ပေးပြီး ပြန်ရခဲ့တာဗျ၊ အဲဒါနဲ့ ဒီနေ့ဈေးသွားဟင်းချက် စရာဝယ်ဖို့ငွေလေး ကုန်သွားတာနဲ့ဈေးကို ဆက်မသွားဖြစ်တော့ပါဘူးဗျာ”

တစ်ဖန်အိမ်ပြန်ရောက်သောအခါ အိမ်ဘေးမှ ကလေးမလေးက သူမမြို့ထဲသွားရာ
ဆိုင်ကယ်အဘမ်းခံရကြောင်း ပြောပြန်သည်။ ကျောင်းသူအရွယ် ကလေးမလေး။
တရားရုံးဒဏ်ငွေ ၁၅၀၀ိ/-။ CB Bank ဒဏ်ငွေက ၅၀၀၀ိ/-(ငါးထောင်ကျပ်)၊
တရားရုံးသို့ ဒဏ်ငွေသွားဆောင်ရန် ဆိုင်ကယ်ကယ်ရီ ငှားစီးရသည်က
၂၀၀၀ိ/-(နှစ်ထောင်ကျပ်)တဲ့။
စုစုပေါင်း(၈၅၀၀ိ/-)တဲ့။ စောစောကမိတ်ဆွေ ပြောသွားတာနှင့် တစ်ထပ်တည်းပင်။
သူပြောသွားသည်များကို ကျွန်တော်စဉ်းစားမိသည်။
၁၉၆၄-ခုနှစ်၊မော်တော်ယာဉ်ဥပဒေနှင့် ၁၉၈၉-ခုနှစ်၊မော်တော်ယာဉ် နည်းဥပဒေများတွင် ဒဏ်ငွေ ၅၀၀၀ိ/-ဟူ၍ မရှိပါ။ တရားရုံးများကလည်း ဘယ်တုန်းကမျှ ဒဏ်ငွေ ၅၀၀၀ိ/- တပ်ရိုက်လေ့မရှိကြပါ။ သက်ဆိုင်ရာဥပဒေတွင်လည်း စီမံခန့်ခွဲရေးဒဏ်ငွေဟူသော ပြဋ္ဌာန်းချက်မျိုး
မပါရှိပါပေ။
မော်တော်ဆိုင်ကယ်မောင်းသူနှင့် နောက်ထိုင်ခုံတွင် စီးသူတို့သည် ဆိုင်ကယ်စီး ဦးထုပ်ကို မဆောင်းပါက ၁၉၆၄-ခုနှစ်၊မော်တော်ယာဉ်ဥပဒေပုဒ်မ-၂၂ အရ အရေးယူလေ့ရှိပေသည်။ ဤသို့ အရေးယူရမည်ဖြစ်ကြောင်းကိုလည်း ပို့ဆောင်ရေးဝန်ကြီးဌာနက ၁၈-၆-၁၉၈၅ ရက်စွဲပါ အမိန့်ကြော်ငြာစာ
အမှတ်-၁၉ ဖြင့် ထုတ်ပြန်ထားပြီး မြန်မာနိုင်ငံပြန်တမ်း၊ အပိုင်း ၁၊ ၁၀-၈-၈၅၊ စာမျက်နှာ-၅၇၉ တွင် ဖေါ်ပြထားပေသည်။ ၄င်းအမိန့်ကြော်ငြာစာတွင် အောက်ပါအတိုင်း ဖေါ်ပြထားပေသည်။
“ မော်တော်ဆိုင်ကယ်မောင်းသူနှင့် နောက်ထိုင်ခုံတွင် စီးသူတို့သည် ဆိုင်ကယ်စီးဦးထုပ်ကို ၁-၁-၁၉၈၆ရက်နေ့မှ စ၍ ဆောင်းရမည်။
မောင်းသူနှင့် နောက်ထိုင်ခုံတွင် စီးသူ ၂ ဦးသာ စီးခွင့်ရှိသည်။ မလိုက်နာ
ပါက ပုဒ်မ-၂၂ အရ အရေးယူအပြစ်ပေးခြင်း ခံရမည်။”
၁၉၆၄-ခုနှစ်၊မော်တော်ယာဉ်ဥပဒေကို ၁၉၈၉-ခုနှစ်တွင် န၀တဥပဒေအမှတ်-၂၇/၈၉ဖြင့် ပြင်ဆင်ခဲ့ပြီး ပြစ်ဒဏ်မှာ အောက်ပါအတိုင်း ဖြစ်သည်။
ပုဒ်မ-၂၂ ။ ။မည်သူမဆို ဤဥပဒေပါပြဋ္ဌာန်းချက် သို့မဟုတ် ဤဥပဒေအရ ပြုသည့်နည်းဥပဒေများပါ ပြဋ္ဌာန်းချက်တစ်ခုခုကို ဆန့်ကျင်လျှင် ထိုပြစ်မှုအတွက် အခြားပြစ်ဒဏ်ပြဋ္ဌာန်း မထားသော် ငွေဒဏ်အနည်းဆုံး
ကျပ်နှစ်ရာမှ အများဆုံးကျပ်တစ်ထောင့်ငါးရာအထိ စီရင်ခြင်းခံရမည်-
ဟူ၍ဖြစ်ပေသည်။
ထို့ပြင် ၁၉၆၄-ခုနှစ်၊မော်တော်ယာဉ်ဥပဒေတွင် အခြားအရေးယူလေ့ရှိသည့် ပုဒ်မများမှာ ပုဒ်မ-၃၊ ၁၂၊ ၁၅၊ ၁၇တို့ဖြစ်ကြပြီး အဆိုပါပုဒ်မ များပါ ပြဋ္ဌာန်းချက်မျာကို ဖေါက်ဖျက်ကျူး လွန်ပါက ပုဒ်မ-၂၁ အရ အရေးယူလေ့ရှိရာတွင်လည်း ပုဒ်မ-၂၁ တွင်လည်း အများဆုံးချမှတ်နိုင်သည့် ဒဏ်ငွေမှာ ၁၅၀၀ိ/-အထိသာဖြစ်ပြီး အများပြည်သူ ဗဟုသုတ ရရှိကြစေ ရန်နှင့် အလိမ်အညာမခံရစေရန် အောက်တွင် ပြဋ္ဌာန်းချက်အတိုင်းဖေါ်ပြအပ်ပါသည်။
ပုဒ်မ-၂၁ ။ ။ မည်သူမဆို ပုဒ်မ ၃၊၁၂၊၁၅ သို့မဟုတ် ၁၇ ပါ ပြဋ္ဌာန်းချက်များကို ဆန့်ကျင်လျှင်သော်လည်းကောင်း ယာဉ်ကို အရမ်းမဲ့ သို့မဟုတ် ဘေးအန္တရာယ်ဖြစ်အောင် မောင်း နှင်လျှင်သော်လည်းကောင်း၊ သေရည်သေရက် သို့မဟုတ် မူးယစ်စေတတ်သော ဆေးဝါးသောက်စား၍ မော်တော်ယာဉ်ကို ကောင်းစွာမထိန်းနိုင်လောက်အောင် မူးယစ်နေစဉ်မောင်းနှင်လျှင်သော်လည်းကောင်း၊ ပထမအကြိမ် အဆိုပါပြစ်မှု ကျူးလွန်သည့်အတွက် ခြောက်လအထိ ထောင်းဒဏ်ဖြစ်စေ၊ ကျပ်ငါးရာထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ခြင်း ခံရမည်။ ထို့ပြင် ယခင်ပြစ်မှု ကျူးလွန်ပြီးနောက် တစ်နှစ်အတွင်း ဤ ပုဒ်မပါ ပြစ်မှုတစ်ခုခု နောက်ထပ်ကျူးလွန်လျှင် ထိုသို့ နောက်ထပ်ကျူးလွန်သည့် ပြစ်မှုအတွက် တစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်အနည်းဆုံး ကျပ်ငါးရာမှ အများဆုံးကျပ်တစ်ထောင့်ငါးရာအထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ခြင်းခံရမည်ဟု ပြဋ္ဌာန်းထားပေသည်။
(ပြင်ဆင်သည့်ဥပဒေအမှတ်-၂၇/၈၉)
အထက်ပါ မော်တော်ယာဉ်ဥပဒေအရ ဒဏ်ငွေများကို ယခု ဒီမိုကရေစီစနစ်ဖြင့်သွားနေသော အစိုးရသစ်လက်ထက်တွင်လည်း ပြင်ဆင်သည်ဟု မကြားမိသေးချေ။
ထို့ကြောင့် မော်တော်ဆိုင်ကယ်ဦးထုပ်မဆောင်းသူများကို ၁၉၆၄-ခုနှစ်၊မော်တော်ယာဉ်ဥပဒေအရ အများဆုံးချမှတ်နိုင်သော ဒဏ်ငွေသည် ၁၅၀၀ိ/-အထက်ချမှတ်ပိုင်ခွင့် မရှိပေ။ သို့မှသာ ဥပဒေနှင့် ညီညွတ်မှန်ကန်ပေမည်။ ထိုသို့ဖြစ်လျှင် ယခု တရားရုံးက ဒဏ်ငွေ ၁၅၀၀ိ/-ဆောင်ရသည်ဆိုသော အချက်မှာ မှန်နေသဖြင့် ဘာများပြောဆိုရန်ရှိသနည်းဟု မေးခွန်းထုတ်စရာရှိနေပါသည်။ တရားရုံးများသည် ဥပဒေက သတ်မှတ်ပြစ်ဒဏ်ထက်ကျော်လွန်သော အပြစ်ဒဏ်ကိုသော်လည်းကောင်း၊ လျော့သောပြစ်ဒဏ်ကို သော်လည်း ကောင်းပေးလိမ့်မည်မဟုတ်ပေ။
သို့သော်လည်း ယခုမူ စီမံခန့်ခွဲရေးဒဏ်ငွေဆိုသော ဒဏ်ငွေ ၅၀၀၀ိ/-ကို ဘာမဆိုင်ညာမဆိုင် CB Bank တွင်ဆောင်ခဲ့ရသေးသည်ဟု ဆိုပြန်သည်။ ထိုသို့ဆိုသူများမှာလည်း တစ်ဦး နှစ်ဦးမဟုတ်ပေ။
ယာဉ်စည်းကမ်းထိန်းသိမ်းရေးနှင့်စပ်လျဉ်း၍ယခင်ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရနယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံဖြိုးတိုးတက်ရေးနှင့်စည်ပင်သာယာရေး
ဝန်ကြီးဌာန(စည်ပင်သာယာရေးဦးစီးဌာန)က ၂၃-၃-၁၉၉၉၊ရက်စွဲပါစာအမှတ်၊၁၁၂/ဂ-၁/စရခ(၀၃)ဖြင့် ညွှန်ကြားရေးမှူး၊ပြည်နယ်၊ တိုင်းစည်ပင်သာယာရေးအဖွဲ့များနှင့် အမှုဆောင်အရာရှိ၊-------မြို့နယ်စည်ပင်သာယာရေးအဖွဲ့အားလုံးသို့ လိပ်မူလျှက် မော်တော်ယာဉ်ဥပဒေအရ တပ်ရိုက်သော ဒဏ်ကြေးငွေများ ခွဲဝေပေးရေးကိစ္စ အကြောင်းအရာခေါင်းစဉ်ဖြင့် အောက်ပါအတိုင်း ခွဲဝေပေးထားပြီးလည်းဖြစ်ကြောင်းလေ့လာတွေ့ရှိရပေသည်။
အပိုဒ် ၁ တွင် “ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန၏စီမံခန့်ခွဲရေးကော်မတီမှ ၁၉၆၄-ခုနှစ်၊မော်တော်ယာဉ် ဥပဒေအရ စွဲဆိုသော အမှုများတွင် တပ်ရိုက်သည့်ဒဏ်ငွေများအနက် စည်ပင်သာယာရေးအဖွဲ့များသို့ လွှဲပြောင်းပေးသော ဒဏ်ကြေးရငွေများကို အချိုးကျခွဲဝေပေးရာတွင် တစ်ပြေးညီဖြစ်စေ ရေးအတွက် ယင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ကြသည့် မြို့နယ်ဥပဒေရုံးများကိုလည်း အချိုးကျသတ်မှတ်ခွဲဝေပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေး နိုင်ပါရန် ရှေ့နေချုပ်ရုံးမှ ၀န်ကြီး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးနှင့်စည်ပင်သာယာရေးဝန်ကြီးဌာနသို့ မေတ္တာရပ်ခံလာခဲ့ပါသည်။”
အပိုဒ် ၂ တွင်“အဆိုပါ မေတ္တာရပ်ခံချက်အရ ၀န်ကြီးမှ ရည်ညွှန်းချက်(၁)ပါ ခွဲဝေပေးထားသော ဒဏ်ကြေးရငွေများကို အောက်ပါအတိုင်း ပြင်ဆင်သတ်မှတ်ပေးခဲ့ပါသည်- ဟု ဖေါ်ပြထားပြီး ---
(က) ရရှိငွေ၏ ၃၅ ရာခိုင်နှုန်းအား ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော်မတီ၊
( ခ ) ရရှိငွေ၏ ၁၀ ရာခိုင်နှုန်းအား မြို့နယ်တရားရုံး၊
( ဂ ) ရရှိငွေ၏ ၅ ရာခိုင်နှုန်းအား မြို့နယ်ဥပဒေရုံး၊
(ဃ) ရရှိငွေ၏ ၃၀ ရာခိုင်နှုန်းအား သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေးအဖွဲ့
( င ) ရရှိငွေ၏ ၂၀ ရာခိုင်နှုန်းအား စည်ပင်သာယာရေးဦးစီးဌာန(ရုံးချုပ်)
ဖြစ်ပြီး အပိုဒ် ၃ တွင် ဖေါ်ပြပါ သက်ဆိုင်ရာ တရားရုံးများမှ စည်ပင်သာယာရေးအဖွဲ့များသို့ လွှဲပြောင်းပေးသော ဒဏ်ကြေးရငွေများအား ခွဲဝေပေးမှုကို ၁၉၉၉ ခုနှစ်၊ ဧပြီလဆန်း(၁)ရက်နေ့မှ စတင်ဆောင်ရွက်ကြရန်ဖြစ်ပြီး စည်ပင်သာယာရေးဦးစီးဌာန(ရုံးချုပ်)သို့ ပေးပို့ရမည့် ၂၀ ရာခိုင်နှုန်းအတွက် “ မော်တော်ယာဉ်ဒဏ်ကြေးငွေရန်ပုံငွေစာရင်းအမှတ်၊ အက်စ်အက်ဖ် - ၀၀၂၁ -၀ စည်ပင်သာယာရေးဘဏ်လီမီတက်၊ရန်ကုန်မြို့” ဖြင့် ငွေစာရင်းခေါင်းစဉ်ဖေါ်ပြပြီး (၃)လ တစ်ကြိမ်ပေးပို့သွားကြရန် အကြောင်းကြားပါသည်။ ဟူ၍ ဖေါ် ထားပေသည်။
သို့ဖြစ်ရာ တရားရုံးများက တရားဝင်တပ်ရိုက်သော မော်တော်ယာဉ်ဒဏ်ငွေများအနက်မှ ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော်မတီအနေဖြင့် တရာဝင် ၃၅ ရာခိုင်နှုန်းလည်း ရရှိနေသည့်ပြင် ယခုအခါ အများပြည်သူထံမှ စီမံခန့်ခွဲရေးဒဏ်ငွေဆိုပြီး ၅၀၀၀ိ/-ကိုလည်း CB ဘဏ်အပေါက်စောင့်ထံပေးသွင်းနေရကြောင်း တွေ့ရှိနေရပေသည်။
စီမံခန့်ခွဲရေးဟူသည်မှာ စီမံခန့်ခွဲသည့်လုပ်ဆောင်ချက်မျှသာဖြစ်ပြီး ဥပဒေတစ်ရပ်မဟုတ်ချေ။ ဥပဒေဖြင့် ပြဋ္ဌာန်းထားသော ပြဋ္ဌာန်းချက်တစ်ရပ်အပေါ် စီမံခန့်ခွဲရေးအရ လုပ်ဆောင်ချက်က မည်သို့မျှ လွှမ်းမိုးမှု မရှိနိုင်ချေ။
ဥပဒေတစ်ရပ်က ပြဋ္ဌာန်းထားသည်ကို ဘောင်ကျော်ပြီး စီမံခန့်ခွဲရေးအရ ဥပဒေတွင် မရှိသော ဒဏ်ငွေကို ပေးဆောင်စေခြင်းသည် တစ်နည်းအားဖြင့် ဥပဒေကို ချိုးဖေါက်ခြင်းပင် ဖြစ်ပေသည်။ အများပြည်သူက ဦးထုပ်မဆောင်မိသဖြင့် မော်တော်ယာဉ်ဥပဒေအရ ပြဋ္ဌာန်းချက်ကို ချိုးဖေါက်မိ၍ ဒဏ်ငွေပေးဆောင်စေလျှင် စီမံခန့်ခွဲရေးဒဏ်ငွေဟူသည် ဥပဒေအရ မဟုတ်သည်ကို သိလျှက်ကျူးလွန်ကြကုန်သော ဥပဒေဘက်တော်သားဆိုသူတို့အား မည်သည့်ဥပဒေပြဋ္ဌာန်းချက်တို့အရ ပြန်လည် အရေးယူမည်နည်းဟူသော မေးခွန်းများလည်း ဆက်တိုက်ထုတ်ရပေတော့မည်။ မရှိဆင်းရဲသားများ ဈေးဝယ်စရာမရှိဖြစ်ရတော့သည်။ ထို့ပြင် ဘမ်းဆီးသည့်နေရာနှင့် တရားရုံးနှင့်ဝေးလွန်းသဖြင့် ဆိုင်ကယ်ကယ်ရီငှားစီးရပြန်ရာ ကယ်ရီသမားနှင့်ရော စည်းဝါးများကိုက်ထားလေသလားဟု မေးခွန်းထပ်ထုတ်ရပေအုံးတော့ပေမည်။
ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ပြုလုပ်မှုများဖြစ်သော မြို့ပေါ်လမ်းဆုံလမ်းခွများတွင် မီးပွိုင့်များပြုလုပ်ပေးခြင်း၊ CCTV Camera များတပ်ဆင် ပေးခြင်းစသည်တို့သည် ကောင်းမွန်သောလုပ်ရပ်များဖြစ်သဖြင့် သာဓုခေါ်လိုသော်လည်း အများပြည်သူထံမှ မလိမ့်တစ်ပါတ်လုပ်၍ ဥပဒေပြဋ္ဌာန်းချက် ဘောင်ကျော်ဆောင်ရွက်ချက်များသာဖြစ်ရာ တစ်နည်းအားဖြင့် ပြည်သူမကြည်ဖြူသောငွေကြေးကို ပြည်သူ့ထံမှ ဆိုင်ကယ်အား ဒဏ်ငွေ ၅၀၀၀ိ/-ပေးဆောင်စေပြီးမှ ပြန်ရွေးယူစေခြင်းသည် တစ်နည်းအားဖြင့် မြို့ပေါ်တွင် ဆိုင်ကယ်ဦးထုပ်မဆောင်းသည်ကို အကြောင်းပြု၍ ဆိုင်ကယ်ပြန်ပေးဆွဲနေသည်နှင့်တူနေသည် ဟု ဆိုချင်ပေတော့သည်။ ဤသို့သော ကိစ္စမျိုးကိ သက်ဆိုင်ရာအုပ်ချုပ်ရေး တာဝန်ယူရသူအကြီးအကဲတို့အနေဖြင့်လည်း လွှတ်မထားသင့်ဟုယူဆပေသည်။ မြို့ရွာများတိုးတက်စေချင်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၏ စေတနာကို နားလည်သော်လည်း ဤကိစ္စများမှာ သက်ဆိုင်ရာ အစိုးရတို့မှ ဘတ်ဂျက်ဖြင့် ဆောင်ရွက်ရမည့်ကိစ္စများသာဖြစ်သဖြင့် ယနေ့ခေတ် အခါတွင် မရှိသင့်တော့ပေ။ ဤအကျင့်မှာ ယခင်တစ်ခေတ်တစ်ခါက မကောင်း သော အကျင့်ဆိုးများသာဖြစ်ပေသည်။ အောက်ခြေက ပုဂ္ဂိုလ်များကလည်း ရောင်တော်ပြန်နှင့် ရောမလွှတ်ဟု မဆိုနိုင်ပေ။နိုင်ငံတော်သမ္မတက လာဘ်ပေးလာဘ်ယူ ပပျောက်ရေးကော်မရှင် ဖွဲ့ပြီး လာဘ်ပေးလာဘ်ယူပပျောက်ဖို့ စွမ်းစွမ်းတမံဆောင်ရွက်နေချိန် အောက် ခြေတွင်
မရှိဆင်းရဲသားများ၏ ဆိုင်ကယ်များကို ဦးထုပ်မဆောင်းသည်ကို အကြောင်းပြု၍ ပြောင်ပြောင်တင်းတင်း ငွေ ၅၀၀၀ိ/-ဖြင့် ပြန်ပေးဆွဲနေသလိုမျိုးပြုလုပ်နေခြင်းသည်လည်း မလျော်သြဇာ သုံးစွဲနေခြင်းပင်ဖြစ်ပေသည်။
ဤကိစ္စနှင့်စပ်လျဉ်း၍ အများပြည်သူ သိရှိနိုင်စေရန် အတွက် တည်ဆဲဥပဒေတစ်ရပ်ဖြစ်သော ရာဇသတ်ကြီး ခေါ် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၁၆၆ ပါ ဥပဒေပြဋ္ဌာန်းချက်ကို တင်ပြလိုပေသည်။
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၁၆၆။ ။ပြည်သူ့ဝန်ထမ်းဖြစ်သူသည် ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့် လိုက်နာဆောင်ရွက်ရမည့် ဥပဒေညွှန်ကြားချက်ကို ဖီဆန်ခြင်းဖြင့် တစ်ဦးတစ် ယောက်သောသူအား နစ်နာစေရန် အကြံနှင့်သော်လည်းကောင်း၊ နစ်နာစေတန်ရာသည်ကို သိလျှက်နှင့်သော်လည်းကောင်း၊ ထိုဥပဒေညွှန်ကြားချက်ကို သိလျှက်နှင့်ဖီဆန်လျှင် ထိုသူကို တစ်နှစ်အထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။-ဟု ပြဋ္ဌာန်းထားကြောင်းလည်း လေ့လာတွေ့ရှိနိုင်ပါသည်။
ယခုကိစ္စများတွင်လည်းပြည်သူ့ဝန်ထမ်းတိုင်းတို့သည်တည်ဆဲဥပဒေများကိုသာလိုက်နာရန်
တာဝန်ရှိလျှက် ဥပဒေပြဋ္ဌာန်းချက်တွင် မပါဝင်သော စီမံခန့်ခွဲရေးဒဏ်ငွေဟူသောကိစ္စကို ဆောင်ရွက်ကြခြင်းမှာ လိုက်နာရန် တာဝန်ရှိသည်ကို မလိုက်နာဘဲ မလိုက်နာရမည့်အရာကို လိုက်နာနေခြင်းသာဖြစ်သဖြင့် ဥပဒေညွှန်ကြားချက်ကို ဖီဆန်နေကြခြင်း သာဖြစ်သည်ဟု ဆိုချင်တော့သည်။
အများပြည်သူက ညီညီညွတ်ညွတ်ဖြင့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၁၆၆ အရ သက်ဆိုင်ရာတရားရုံး တော်တွင် ဦးတိုက်လျှောက်ထား တရားစွဲဆိုမည်ဆိုပါက တရားစွဲဆိုနိုင်ခွင့်ရှိနေမည်ဟုယူဆ ပေသည်။
အထက်တာဝန်ရှိသူတို့အနေဖြင့်လည်း သက်ဆိုင်ရာမြို့နယ်များတွင် တရားဝင်ဘတ်ဂျက်အရ မဟုတ်သော ကိစ္စများဆောင်ရွက်ခြင်းမျိုးရှိ/မရှိ စီစစ်သင့်ပြီး၊ တွေ့ရှိပါက ထိုကိစ္စတို့သည် တရားဥပဒေနှင့်ညီမညီ နားစွင့် မျက်စိ ဖွင့် ကြည့်ရှုသင့်ပေသည်။ ထို့အတူ ဒေသဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များသည်လည်း ဤကိစ္စများကို မသိရှိနိုင်စရာအကြောင်းမရှိသည်
ဖြစ်ရာ စောစောစီးစီးတားမြစ်သင့်လှပေသည်။ အောက်ခြေက လုပ်ချင်ရာလုပ်နေသည်ကို မျက်နှာလွှဲနေဉ်ီးမည်ဆိုပါက ၂၀၁၅-သည် မကြာမီ ရောက်ရှိတော့မည်သာဖြစ်၍ အောက်ခြေ ၏ပြုလုပ်မှု အကျိုးအပြစ်တို့သည် အပေါ်သို့ အငွေ့ပျံမည်မှာ မလွဲပေ။
သို့ဖြစ်ရာ မိမိတို့ အုပ်ချုပ်နေသော အချိန်အခါဝယ်-
“ဟိုတုန်းက ဒီလိုလုပ်ခဲ့ပါတယ်မင်းကြီး”ဆိုရုံမျှဖြင့် ကိုရီးယားဇာတ်ကားထဲက ရှင်ဘုရင်တွေလို-
“ ဒါဆိုလဲ ဒီလိုဘဲ လုပ်ကြတာပေါ့”ဆိုလျှင်ဖြင့်-
ငါးပါးသာမက သံဃာစင်ပါမှောက်ကြပါလိမ့်မည်။
အများပြည်သူအနေဖြင့်လည်း ယာဉ်စည်းကမ်းလမ်းစည်းကမ်းတို့ကို လိုက်နာခြင်းဖြင့် အန္တရာယ် ကင်းရှင်းစွာနေထိုင်ကြရန် အကြံပြုလိုက်ရပေသည်။
မိုး ယု အော င် (တရားရေး)
၂၇-၄-၂၀၁၄
ဆရာမိုးယုအောင် ၏ Status ကို တပ်ဆင့်ကူးယူဖေါ်ပြအပ်ပါသည်။

No comments:
Post a Comment