Saturday, October 4, 2014

ပညာရေး နှင့် အနာဂတ်

ကျွန်တော်ငယ်စဉ်က စာအုပ်တစ်အုပ်ဖတ်ဖူးပါတယ်။ ဆရာဖေမြင့်ရဲ့ " ဦးနှောက်မှာရင်းနှီးမြှုပ်နှံပါ" ဆိုတဲ့စာအုပ်ပါ။ မှတ်မိနေတာက အဆိုပါစာအုပ်ထဲမှာ ကောလိပ်တက်နေတဲ့ ကောင်မလေးတစ်ယောက် ကအခက်အခဲတစ်ခုကြောင့် ကောလိပ်ကထွက်လိုက်တဲ့အခါ သူမရဲ့ ဖခင်က စာအုပ်ကောင်းတွေ ဝယ်ယူဖတ်ရှုစေပြီး သူမဟာ တဖြည်းဖြည်းနဲ့ ပညာတတ်တစ်ယောက်လို အတွေးအခေါ်တွေရှိလာခဲ့တာကိုမှတ်မိနေပါတယ်။

တစ်ခုတော့ ရှိတာပေါ့လေ။ အင်ဂျင်နီယာ လိုပညာရပ်တွေဆိုရင်တော့ ကောလိပ်မှာတက်ပြီးစနစ်တကျ တက်ရောက်သင်ကြားမှသာ အဆင်ပြေနိုင်မှာဖြစ်တယ်လို့ စာရေးသူကဆိုထားပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဆယ်တန်းအောင်ပြီဆိုတာနဲ့  ကျောင်းသားတွေမှာ ရွေးချယ်စရာလမ်း နှစ်လမ်းကိုစဉ်းစားကြတယ်လို့ ထင်ပါတယ်။ တစ်လမ်းက အဝေးသင်ဖြစ်ပြီး နောက်တစ်လမ်းက Day ဖြစ်ပါတယ်။ အများစုကတော့ အဝေးသင်ကို ရွေးချယ်ကြမယ်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နှစ်ခုစလုံးဘွဲ့ရတာချင်းအတူတူ Day ကအချိန်ပေးရပြီး ငွေကြေးကုန်ကျမှာဖြစ်ပေမယ့် အဝေးသင်က တော့ အချိန်သိပ်ပေးစရာမလိုအပ်သလို အလုပ်လုပ်လည်းလုပ်နိုင်မှာဖြစ်ပြီး ငွေကြေးကုန်ကျမှုလည်းသိပ်မရှိတဲ့အတွက် အများစုက အဝေးသင်ကို ရွေးချယ်ကြတာဖြစ်ပါတယ်။

Day နဲ့ အဝေးသင်ကွာခြားချက်ကို ပြောလိုခြင်းတော့မဟုတ်ပါ။ စာရေးသူငယ်စဉ်ကတွေ့ခဲ့ဖူးတဲ့ ကျောင်းသားတွေကို ဥပမာပေးလိုပါတယ်။ တစ်ယောက် အဝေးသင်၊ တစ်ယောက်က Day။ Day တက်တဲ့တစ်ယောက်အကြောင်းအရင်ပြောချင်ပါတယ်။ သူက သိပ်အချမ်းသာကြီးမဟုတ်သလို ပညာရေးမှာလည်း ဆယ်တန်းကို နှစ်ခါဖြေပြီး အောင်တဲ့နှစ်မှာ ငါးဘာသာရှိတဲ့အနက် လေးငါးလီ ၂၀၀ ကျော်ကျော်လောက်နဲ့အောင်မြင်ခဲ့ပါတယ်။ သူက ဆယ်တန်းအောင်မယ့် ဒုတိယ နှစ်ဖြေပြီးတော့ အင်္ဂလိပ်စာလေ့လာဖြစ်တယ်။စာဖတ်လည်းဝါသနာပါတော့ စာတွေနင်းကန်ဖတ်ဖြစ်တယ်ဆိုပါတော့။ ဒီလိုနဲ့ အင်္ဂလိပ်စာလေ့လာရင်း အသိပညာတွေကို ဆည်းပူးဖို့တော်တော်ဝါသနာပါသွားတယ်။ ဒီလိုနဲ့ ဆယ်တန်းအောင်တော့ အများစုက အဝေးသင်တက်ကြပေမယ့် သူကတော့ Day တက်ဖြစ်တယ်။ မန္တလေးမှာပေါ့။

 မန္တလေးဆိုတော့ မြန်မာပြည်ရဲ့ ဒုတိယမြို့ဖြစ်တော့ ရန်ကုန်လိုပဲ အင်္ဂလိပ်စာသင်တန်းတို့ ၊ တရုတ်စာသင်တန်းတို့ကောင်းကောင်းရှိတယ်။ သူက တက္ကသိုလ်တက်စဉ်မှာ အဆိုပါ သင်တန်းများကိုလည်း တစ်ဖက်တက်ရောက်ပြီး ကျောင်းမှာလည်းနှစ်စဉ် အမှတ်ကောင်းကောင်းနဲ့အောင်မြင်ခဲ့တဲ့အတွက် မာစတာတက်ရောက်ခွင့်ရခဲ့တယ်။ မာစတာတက်ရောက်တဲ့အချိန်မှာသူက ဘာသာစကားတွေကျွမ်းကျင်နေပြီဖြစ်သလို သက်ဆိုင်ရာတက်ရောက်ခဲ့တဲ့ ဘာသာရပ်မှာလည်း ထူးချွန်သူဖြစ်လို့ ကျူရှင်ပြဘာပြနဲ့ အခက်အခဲမရှိတက်ရောက်နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ကျောင်းပြီးတော့ တက္ကသိုလ်မှာ ကျူတာဝင်လုပ်ရင်း အစိုးရက နိုင်ငံခြားပညာတော်သင်စေလွှတ်ခြင်းခံခဲ့ရတယ်။

ခုတော့ နာမည်ကျော်တက္ကသိုလ်ဆရာကြီးဖြစ်နေပြီပေါ့..။ ပညာတတ်ကြီးဖြစ်နေသလို ငွေရေးကြေးရေးပိုင်းလည်း အဆင်ပြေပါတယ်။ အဲဒိအတွက် ဆယ်တန်းအောင်တဲ့အချိန်ကနေ စတွက်ရင် လေးငါးနှစ်ကျော်ကျော်လောက်ပဲကြာပါတယ်။

နောက်တစ်ယောက်တော့ ဆယ်တန်းကို 2D နဲ့အောင်မြင်ခဲ့ပြီး အဝေးသင်တက်ရောက်ခဲ့သူပါ။ ဧရာဝတီတိုင်း ရွာကလေးတစ်ရွာကနေအောင်မြင်ခဲ့ပြီး ဆယ်တန်းအောင်တာနဲ့ရန်ကုန်မှာ အလုပ်လာလုပ်တယ်။ ရသမျှလစာအိမ်ပြန်ပို့၊ ပုသိမ်အဝေးသင်ဖြေခါနီးဆိုရင် လစာကြိုထုတ်ပြီး သွားသွားဖြေလေ့ရှိတယ်။ အားတဲ့အချိန်တွေမှာ မြောက်ဥက္ကလာက ဘုန်းကြီးကျောင်းမှာ ပညာဒါန အခမဲ့ ဂျပန်စာသွားသင်တယ်။ ဒီလိုနဲ့ အဝေးသင်နဲ့ပြီးသွားတယ်ဆိုပါတော့။ အဝေးသင်ပြီးတော့ ဘွဲ့လက်မှတ်တစ်ခု ရပြီဖြစ်တဲ့အတွက် UFL နိုင်ငံခြားဘာသာတက္ကသိုလ်မှာ ဘွဲ့လွန်ဒီပလိုမာတွေတက်လို့ရတဲ့အတွက် သူက ဂျပန်စာ တက်ခဲ့ပါတယ်။ နံနက်ပိုင်းပေါ့။ အလုပ်ကလည်းတစ်ဖက်နဲ့။ အဲဒိမှာ တက်ရတာ ငွေကြေးကုန်ကျမှုလည်းသိပ်မရှိတဲ့အတွက် သူ့အတွက် အခက်အခဲသိပ်မရှိပါဘူး။ ဒီလိုနဲ့ ဂျပန်စာ ဒီပလိုမာလည်းပြီးသွားခဲ့ပါတယ်။ ယခုတော့ ပြည်ပနိုင်ငံတစ်ခုမှာ အလုပ်အကိုင်ကောင်းကောင်းနဲ့ ဝင်ငွေတော်တော်ကောင်းနေပြီဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ လုံးဝ Zero နီးပါးဘဝအခြေအနေရှိတဲ့ တွေ့ကြုံခဲ့ဖူးတဲ့ သူနှစ်ယောက်ရဲ့ ပညာရေး ကိုအရင်းအနှီးပြုပြီး အဆင်ပြေတဲ့ဘဝတစ်ခုကိုတည်ဆောက်သွားနိုင်တာကိုတင်ပြရခြင်းဟာ Day ဖြစ်ဖြစ်၊ အဝေးသင်ပဲဖြစ်ဖြစ် မိမိတို့ရဲ့ ကြိုးစားမှုသာ ပဓာနဆိုတာကိုပြောလိုခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ကြုံတွေ့နေရတဲ့ ဘဝအခြေအနေကို လက်သင့်ခံပြီး အဲဒိအခြေအနေကို ရတဲ့နည်းနဲ့ပြောင်းလဲလို့ရနိုင်တယ်ဆိုတာကိုပါပဲ။ အဲဒိအတွက် အကောင်းဆုံးကတော့ ပညာရေးသာလျှင်ဖြစ်တယ်လို့ဆိုချင်ပါတယ်။သေချာမှုလည်းရှိသလို ဘဝအဆင်ပြေလာတဲ့အခါ ပညာတတ်ဆိုတဲ့ အသိုက်အဝန်းထဲလည်းရောက်ရှိနိုင်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ယခုအခါ တက္ကသိုလ်၊ကောလိပ်များစွာလည်းဖွင့်လှစ်နေပြီဖြစ်သလို ယခင်ပိတ်ထားခဲ့သော ရန်ကုန်တက္ကသို်လ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်(ဗဟန်း-ဘောင်ဒီရီ) စတာတွေလည်းပြန်ဖွင့်နေပြီဖြစ်တဲ့အတွက် လွန်ခဲ့တဲ့ နှစ်များစွာဆီက အထက်တန်းကျောင်းသားတွေမက်ခဲ့ဖူးတဲ့ YIT အိပ်မက်၊ ဆေးကျောင်းအိပ်မက်၊ ကံကော်တန်းက ရန်ကုန်တက္ကသိုလ်အိပ်မက်တွေကိုလည်း မက်နိုင်နေပြီဖြစ်ပါတယ်။
အစိုးရအလုပ်အကိုင်တွေမှာလည်း ပညာတော်သင်တွေကို ပြည်ပနိုင်ငံကြီးများသို့ ယခင်ကထက်များစွာပို့လွှတ်နေပြီဖြစ်ပါတယ်။ နိုင်ငံတကာ အလုပ်အကိုင်များစွာဖြစ်ထွန်းလာပြီဖြစ်သလို ပြည်ပမှာ အလုပ်သွားလုပ်ဖို့ ၊ ကျောင်းတက်ဖို့ဆိုတာတွေကလည်း သိပ်ခက်ခဲတော့တာမဟုတ်ပါဘူး။ 

ထို့ကြောင့် ကျောင်းသူကျောင်းသားများအနေနဲ့ မိမိတို့ သက်ဆိုင်ရာ မေဂျာဘာသာရပ်များမှာ တန်းစဉ် Grade ကောင်းကောင်းနဲ့အောင်မြင်ဖို့ ၊ ဘာသာစကားများ ၊ မိမိတို့မေဂျာနဲ့ပတ်သက်သော ပညာရပ်များကို တစိုက်မတ်မတ် ထူးချွန်အောင်ကြိုးစားကြခြင်းဖြင့် အချိန်တိုအတွင်း ဘဝကိုပြောင်းလဲနိုင်မှာဖြစ်တယ်ဆိုတာ မလွဲမသွေပဲဖြစ်ပါတယ်။

အင်တာနက်လိုင်း ၊ ကွန်ပျူတာစတဲ့ ပညာရေးအထောက်အကူပြု tools တွေကလည်း ယခင်လို သုံးစွဲဖို့ သိပ်ခက်ခက်ခဲခဲမရှိတော့ဘဲ လက်တစ်ကမ်းမှာရှိနေပြီဖြစ်ပါတယ်။ စာရေးသူအနေဖြင့် ကျောင်းသားလူငယ်များအား အကြံပြုလိုတာက ပညာရေးဆိုတာ မိမိတို့ရဲ့ အနာဂတ်ကို ဖန်တီးပေးနိုင်မယ့် အသေချာဆုံးသော လမ်းကြောင်းတစ်ခုပဲလို့ဆိုချင်ပါတယ်။
ဒါ့ကြောင့် ဦးနှောက်မှာရင်းနှီးမြှုပ်နှံကြပါလို့။
Nyein Chan

No comments:

Post a Comment