Thursday, September 18, 2014

တန်ရာတန်ကြေး ပေးလို့ မရတဲ့ MPT

  မောင်သာစည် ရေးသည်။




- ရန်ကုန်တိုင်းမ် ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၆)။

ပြီးခဲ့တဲ့ အပတ်က MPT ရဲ့ ၁၅ဝဝ တန် ဆင်းမ်ကတ် လေးတစ်ခုဝယ်ချင်လို့ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် မေးမြန်းစုံစမ်းဖြစ်ခဲ့ပါတယ်။ ပထမဆုံးမေးကြည့်ဖြစ် တာက လှည်းတန်း(ကမာရွတ်)က Samsung ဖုန်း အရောင်းဆိုင်ပါ။ ဆင်းမ်ကတ်ကို သပ်သပ်မရောင်း ပါဘူးလို့ ပြောပါတယ်။ ဟန်းဆက်တစ်လုံးဝယ်ရင်တော့ Ooredoo ရော၊ MPT ဆင်းမ်ကတ်ပါ အခမဲ့လက် ဆောင်ပေးပါတယ်လို့ ဆိုပါတယ်။

ဒါနဲ့ ဦးထွန်းလင်းခြံလမ်း(လှည်းတန်း)ထဲက ဖုန်းပစ္စည်းအရောင်းဆိုင်တစ်ခု ကို ရောက်ဖြစ်ပါတယ်။ MPT ဆင်းမ်ကတ်တစ်ကတ်ကို ကျပ် ၂ဝဝဝဝ ဖြင့် ဝယ်ယူ နိုင်ပြီလို့ ဆိုင်ရဲ့အတွင်းဘက်တစ်နေရာမှာ ရေးထားပါတယ်။ သွားမေးကြည့်တော့ အခုမရသေးဘူးလို့ပြောပါတယ်။ ဘာကြောင့် ကျပ် ၁၅ဝဝတန်ကို ကျပ် ၂ဝဝဝဝ အထိ ဈေးတင်ရောင်းသလဲလို့တော့ မမေးခဲ့ပါဘူး။ ဈေးတင်ရောင်းခွင့်ရှိနေလို့ ရောင်းကြတယ်လို့ပဲ ယူဆရမှာပဲမဟုတ်လား။

ဆိုတော့ ဒီလိုမျိုး ဘာကြောင့်လုပ်ခွင့်ပြုထားပါသလဲလို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို မေးခွန်းထုတ်လိုပါတယ်။ ပြည်သူတွေအတွက်ရည်ရွယ်တဲ့ သူတို့ရဲ့စိတ် ကူးကို ပြည်သူတွေအတွက်ဖြစ်အောင် ဘာကြောင့်မပြင်ဆင်၊ မထိန်းသိမ်းရတာလဲ။ လက်တစ်ဆုပ်စာ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အကျိုးစီးပွားအတွက်ပဲ ဖန်တီးပေး နေသလို ဖြစ်နေပါတယ်။

SONY ဟန်းဆက်အရောင်းဆိုင်မှာ ဟန်းဆက်ဝယ်ရင် ဆင်းမ်ကတ်လက် ဆောင်မရပါဘူး။ ဒါကြောင့် အချို့ဆိုရင် SONY ဟန်းဆက်ဝယ်ပြီးကာမှ MPT ဆင်းမ်ကတ်ဝယ်ဖို့ကြိုးစားတဲ့အခါ အပြင်မှာ ဝယ်လို့မရခဲ့ပါဘူး။ သူတို့က လက် ဆောင်ပေးဖို့ပဲလို့ ဆိုပါတယ်။ ဆိုတော့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြည်သူကို ရောင်းချပေးဖို့ ၁၅ဝဝတန်ဆင်းမ်ကတ် ထုတ်ပေးခဲ့တာဟာ လက်တစ်ဆုပ်စာလုပ် ငန်းရှင်များရဲ့ လက်ဆောင်ပေးဖို့ပစ္စည်းတစ်ခုသာ ဖြစ်သွားရပါတယ်။ အရောင်းမြှင့် တင်ရေးပစ္စည်းတစ်ခုသာ ဖြစ်သွားရပါတယ်။ တော်တော်ကို စိတ်မကောင်းစရာပါပဲ။

စီးပွားရေးလုပ်ငန်းရှင်များရဲ့လုပ်ရပ်က တော့ တော်တော့်ကို ရှက်စရာကောင်းတဲ့လုပ် ရပ်၊ ဂုဏ်သိက္ခာမဲ့တဲ့လုပ်ရပ်ပါပဲ။ ဘာကြောင့် ဒီလောက်ရင့်ရင့်သီးသီးဆိုရသလဲဆိုရင် ကျပ် ၁၅ဝဝတန်မှန်း သိပါလျက်နဲ့ ကျပ် ၂ဝဝဝဝ အထိ ဈေးတင်ရောင်းရဲတဲ့ မျက်နှာပြောင် တိုက်တဲ့ လုပ်ရပ်ဖြစ်နေလို့ပါပဲ။ တချို့လုပ်ငန်း ရှင်တွေကျတော့လည်း ဈေးကွက်ဝယ်လိုအား ကြောင့်လို့ အကြောင်းပြလေ့ရှိပါတယ်။

ဟုတ်ပါတယ်။ ဈေးကွက်ဝယ်လိုအား ကြောင့်ပဲ ဆိုပါစို့။ မြန်မာပြည်သူတွေဟာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အပေါင်း ပါ စီးပွားရေးလုပ်ငန်းရှင်ကြီးများရဲ့ ခေါင်းပုံဖြတ်၊ အမြတ်ထုတ်ခြင်းကို ဆယ်စုနှစ် တော်တော်ကြာအောင် ခံခဲ့ရပါတယ်။

အိမ်နီးချင်းထိုင်းနိုင်ငံလိုနေရာမျိုးမှာတောင် မိုဘိုင်းဆင်းမ်ကတ်တစ်ကတ်ကို မြန်မာငွေ ကျပ် ၁၅ဝဝ ပတ်ဝန်းကျင်နဲ့ ရောင်းချ နေတဲ့အချိန်မှာ အထက်ပါလူတစ်သိုက်က ဆင်းမ်ကတ်တစ်ခုကို ကျပ်သိန်းပေါင်း ဆယ်ဂဏန်းချီပြီး အမြတ်တင်ကာ မြန်မာပြည်သူတွေကို ရောင်းချခဲ့ပါတယ်။

မြန်မာပြည်သူတွေရဲ့ ရာခိုင်နှုန်းတော်တော်များများဟာ မိုဘိုင်းဆင်းမ်ကတ် ဈေးနှုန်းတွေကို လက်လှမ်းမမီခဲ့ပါဘူး။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့ အပေါင်းပါ စီးပွားရေးလုပ်ငန်းရှင်ကြီးများက သတ်မှတ်ထားတဲ့ ကမ္ဘာ့အမြင့်ဆုံး ဆင်းမ်ကတ် ဈေးနှုန်းကြီးကို ဆင်းရဲနွမ်းပါးတဲ့မြန်မာပြည်သူအများစုက လက်လှမ်းမမီတာလည်း အဆန်းတော့မဟုတ်ပါ။ ၄င်းတို့ရဲ့ပစ်မှတ်ကိုက သူတို့လို သူဌေးကြီးများ၊ လုပ်ငန်းကြီး များအတွက် ရည်ရွယ်ပြီး ဆင်းမ်ကတ်တွေ ထုတ်ရောင်းနေတာ မဟုတ်ပါလား။

စစ်ယူနီဖောင်းချွတ်ကာ အရပ်သားတစ်ဖြစ်လဲ သမ္မတဦးသိန်းစိန်အစိုးရလက် ထက်မှာတော့ ပြည်သူလူထုရဲ့ တောင်းဆိုလှုပ်ရှားမှုတွေကြောင့် တစ်ချိန်က ကျပ် သိန်းဆယ်ဂဏန်းအထိ တန်ဖိုးကြီးခဲ့တဲ့ မိုဘိုင်းဆင်းမ်ကတ်တွေကို ကျပ်နှစ်သိန်းခွဲ ဖြင့် တရားဝင်လျှော့ချကာ ရောင်းချပေးနိုင်ခဲ့ပါတယ်။ ဈေးလျော့လိုက်တဲ့အတွက် အဆိုပါနှစ်သိန်းခွဲတန် ဆင်းမ်ကတ်တွေကို လက်လှမ်းမီသူများက အလုအယက် ဝယ်ယူခဲ့ပါတယ်။

သိပ်မကြာပါဘူး။ မိုဘိုင်းဆင်းမ်ကတ်တစ်ခုကို အပြင်ဈေးကွက်မှာဆိုရင် ကျပ် တစ်သိန်းဝန်းကျင်၊ ကျပ်ငါးသောင်း စသဖြင့် အဆင့်ဆင့် ဈေးနှုန်းများကျဆင်းခဲ့ပါ တယ်။ သို့သော် ဆက်သွယ်ရေးဝန်ဆောင်မှုကို ဆယ်စုနှစ်အတန်ကြာ ငတ်မွတ်နေ ခဲ့တဲ့ မြန်မာပြည်သူတွေရဲ့ဝယ်လိုအားကို သူက မဖြည့်ဆည်းနိုင်ခဲ့ပါ။ နောက်ပိုင်းမှာ တော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် ကာတာနိုင်ငံအခြေစိုက် Ooredoo ဆက်သွယ် ရေးကုမ္ပဏီနဲ့ နော်ဝေနိုင်ငံအခြေစိုက် Telenor ဆက်သွယ်ရေးကုမ္ပဏီတို့ကို ခွင့်ပြု ခဲ့ပါတယ်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကိုယ်တိုင်လည်း ဂျပန်နိုင်ငံအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီအုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်

အခုဆိုရင် Ooredoo အနေဖြင့် ကျပ် ၁၅ဝဝ တန် ဆင်းမ်ကတ်များကို ဈေး ကွက်ထဲမှာ တရားဝင်ရောင်းချပေးနေပါပြီ။ မြန်မာပြည်သူတွေကတော့ သိတဲ့အတိုင်း ပဲ အလုအယက် ဝယ်ယူအားပေးနေကြတုန်းပါပဲ။ ဒါပေမဲ့ အင်တာနက်လိုင်းကောင်း မွန်ပြီး ဆက်သွယ်ရေးဝန်ဆောင်မှုအပိုင်း အားနည်းတယ်လို့ မှတ်ချက်အပေးခံရတဲ့ Ooredoo ကုမ္ပဏီရဲ့ မိုဘိုင်းဝန်ဆောင်မှုကို သုံးစွဲသူများက သိပ်သဘောမတွေ့ခဲ့ပါ ဘူး။ ဝေဖန်သံတွေ ဆူညံခဲ့ပါတယ်။ Telenor ကတော့ ယနေ့အထိ ဆင်းမ်ကတ် တွေ ရောင်းချပေးနိုင်ခြင်းမရှိသေးပါဘူး။

ဒီအတောအတွင်းမှာ အစောက ပူးပေါင်းဆောင်ရွက်လိုက်တဲ့ မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းနဲ့ ဂျပန်အုပ်စုတို့ပူးပေါင်းထုတ်လုပ်တဲ့ ၁၅ဝဝတန် GSM ဆင်းမ် ကတ်တွေကို ထပ်ပြီးထုတ်လုပ်ရောင်းချပေးနေပါပြီ။ သို့သော် သူတို့ရဲ့ ၁၅ဝဝ တန် ဆင်းမ်ကတ်က ပြည်သူတွေလက်ထဲကို ကျပ် ၁၅ဝဝနဲ့ မရောက်ခဲ့ပါဘူး။

Samsung ဟန်းဆက်ဝယ်တဲ့ ပြည်သူ တွေက အဲဒီ ၁၅ဝဝတန်ဆင်းမ်ကတ်ကို လက် ဆောင်အဖြစ် ရပါတယ်။ ၄င်းဟန်းဆက်မဝယ် တဲ့သူကတော့ ၁၅ဝဝတန် ဆင်းမ်ကတ်ရဖို့ တန်းစီတယ်လို့ ဆိုပါတယ်။ တချို့ မိုဘိုင်းဖုန်း အရောင်းဆိုင်တွေမှာတော့ ကျပ်တစ်သိန်း အထက် တန်ဖိုးရှိ မည်သည့်ဟန်းဆက်ကို ဝယ်သည်ဖြစ်စေ ၁၅ဝဝတန် ဆင်းမ်ကတ် တစ်ခု လက်ဆောင်ရတယ်လို့ဆိုပါတယ်။ Samsung အရောင်းဆိုင်တစ်ခုက အရောင်းစာရေး မလေးတစ်ဦးကဆိုလျှင် ၁၅ဝဝတန် ဆင်းမ်ကတ်ကို လက်ဆောင်ပေးဖို့ အတွက်ပဲ စာချုပ်ချုပ်ထားတဲ့အကြောင်း ပြောပြတော့ တော်တော်စိတ်မကောင်းဖြစ်မိပါတယ်။

အချို့သောဆိုင်များကျတော့လည်း ၁၅ဝဝတန် ဆင်းမ်ကတ်ကို ကျပ် ၁၅ဝဝ ဖြင့်သာ တန်းစီးရောင်းချပေးပါတယ်။ ဒါပေမဲ့ ဝယ်လိုအားကိုမနိုင်တဲ့အတွက် အရောင်း ရပ်ပစ်လိုက်ရတဲ့အခြေအနေနဲ့သာ အဆုံးသတ်သွားပါတယ်။ သို့သော် သူလုပ်ရပ် ကတော့ သိက္ခာရှိတယ်လို့ ဆိုနိုင်ပါတယ်။

မြန်မာပြည်သူတွေဟာ ယနေ့အထိ မိုဘိုင်းဆင်းမ်ကတ်တွေ လိုအပ်နေတုန်း ပါပဲ။ ဒါကိုအခွင့်ကောင်းယူပြီး အစိုးရနဲ့နီးစပ်သူ၊ ပေါင်းတတ်သူ လုပ်ငန်းရှင်ကြီး များက အကျိုးအမြတ်အတွက် အသုံးချနေတာလည်း မျက်မြင်ကိုယ်တွေ့ပါ။

ဘာကြောင့် အစိုးရက ခွင့်ပြုထားရပါသလဲ။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဘာကြောင့် လျစ်လျူရှုထားရတာပါလဲ။ ယင်းသို့ ပြုမူနေတဲ့အတွက် အကျိုးအမြတ် မည်မျှရပါသလဲ။ ဘာကြောင့် ယနေ့အထိ ပြည်သူအပေါ် ခေါင်းပုံဖြတ်ချင်နေသေး တာလဲ။ ဘာကြောင့် ကျပ် ၁၅ဝဝ သတ်မှတ်ထားတဲ့ ဆင်းမ်ကတ်ကို ဈေးတင်ရောင်း ခိုင်းထားတာလဲ ဆိုသောဆိုသောမေးခွန်းတွေကို သက်ဆိုင်သူများ ဖြေဆိုပေးပါ။

ပြည်သူတွေဘက်ကတော့ ရှင်းပါတယ်။ မိုဘိုင်းဖုန်းနဲ့ အလှမ်းကွာနေသေး လို့ပါ။ ဒါကြောင့် ဆင်းမ်ကတ်တွေကို လုံလောက်အောင်ထုတ်ပေးပါ။ ကိုယ်တိုင် မထုတ်နိုင်ရင် ထုတ်နိုင်တဲ့သူတွေကိုထုတ်ခိုင်းပါ။ အဆင့်အတန်းရှိရှိ၊ သိက္ခာရှိရှိ ရောင်းချပါ။ အပြောတစ်မျိုး၊ အလုပ်တစ်မျိုးနဲ့ ပြည်သူတွေကို ထပ်ပြီးမနှိပ်စက်စေ လိုတော့ပါ။

#TheYangonTimes

No comments:

Post a Comment