Friday, September 19, 2014

ပြည်မြို့တွင် ယခုနှစ်မိုးရာသီအတွင်း ကွမ်းခြံများပျက်စီးသဖြင့် ကွမ်းရွက်ဈေးအဆမတန် မြင့်တက်

သီဟလွင် - ပြည် (မြစ်မခ)

ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့တွင် ၂၀၁၄ ခုနှစ် မိုးရာသီအတွင်း ကွမ်းခြံများ ပျက်စီးကာ ကွမ်းရွက်များ အထွက်နှုန်းနည်းပါးခြင်းကြောင့် 
ကွမ်းရွက်ဈေးအဆမတန်  မြင့်တက်ခဲ့ကြောင်း ဒေသခံကွမ်းစိုက်ပျိုးသူများထံမှ သိရှိရသည်။

မိုးရာသီကာလမှာ ကွမ်းရွက်အထွက်ဆုံးကာလဖြစ်သော်လည်း ရာသီဥတုကြောင့်ကွမ်းခြံများ ပျက်စီးခြင်း ကြောင့် ကွမ်းအထွက် လျော့လာသဖြင့် ယခင်နှစ်က ခြံဈေးမှာ တစ်ပိဿာလျှင် ကျပ် ၃၀၀ ဈေးပေါက်ခဲ့ရာမှ ယခုနှစ်တွင် တစ်ပိသာ ၄၅၀၀ ကျပ်ထိ ဈေးနှုန်း အဆမတန်မြင့်တက်ခဲ့ကြောင်း ကွမ်းရွက်အ၀ယ်ဒိုင်များနှင့် ကွမ်းစိုက်ပျိုးသူများက ပြောသည်။

 “ဒီနှစ် ကွမ်းစိုက်တဲ့သူတွေ ကွမ်းခြံတွေသိပ်မဖြစ်ကြဘူး။ ကွမ်းတွေထွက်တာနည်းတယ်။ ကွမ်းခြံတွေ ပျက်တယ်။ အဲဒါကြောင့် လက်ရှိကျန်တဲ့ကွမ်းခြံကတွက်ခြေကိုက်ပြီး ကွမ်းခြံပျက်တဲ့သူတွေ အရှုံးပေါ် တယ်။”ဟု ကွမ်းစိုက်တောင်သူကိုညီက ပြောသည်။

ပြည်မြို့နယ်အတွင်းထွက်ရှိသော ကွမ်းရွက်မျိုးအစားမှာ ကွမ်းနုဝါအမျိုးအစားဖြစ်ပြီး အများဆုံးထွက်သော ဒေသများမှာ ပေါင်းတည်တိုက်နယ်ရှိ ခွေးရဲရွာမအုပ်စု အနီးတစ်ဝိုက်ကျေးရွာများ မစိုးရိမ်၊ မတောင်းတ၊ တောင်တီးရယ်အစရှိသည့်ကျေးရွာများမှဖြစ်ကြောင်းသိရသည်။

“မိုးတွင်းတောင် ကွမ်းဈေးက ဒီလောက်ဖြစ်နေရင် နွေဆို ကွမ်းဈေးက တစ်ပိဿာ သောင်းချီသွား နိုင်တယ်”ဟု ကွမ်းစိုက်ပျိုးသူတစ်ဦးက ယခုနှစ်ကွမ်းဈေးကို ခန့်မှန်းပြောဆိုသည်။

အဆိုပါ ဒေသမှထွက်သော ကွမ်းရွက်များကို ပြည်၊ ပေါက်ခေါင်းစသည့်မြို့နယ်များတွင် အဓိကရောင်းချရပြီး မကွေးတိုင်း၊ အောင်လံမြို့နယ်နှင့်နေပြည်တော်အထိ ကွမ်းရွက်များတင်ပို့ကြကြောင်း သိရသည်။

Shwe Myitmakha Media Group

No comments:

Post a Comment