ပြည်မြို့တွင် ဆန္ဒထုတ်ဖော်သူများအားလွှတ်ပေးရေး တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်မှုပြုလုပ်
Post 03 September 2014
By သီဟလွင် -ပြည် (မြစ်မခ)
ပြည်မြို့တွင် အရေးယူခံထားရသည့် ဆန္ဒဖော်ထုတ်သူများအား အမြန်ဆုံးလွှတ်ပေးရန်အတွက်ဟုဆိုကာ စက်တင်ဘာလ (၃)ရက်နေ့ နံနက်ပိုင်းက တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်မှုပြုလုပ်ခဲ့ပြီး ရဲတပ်ဖွဲ့က လုံခြုံရေးယူပေးခဲ့ကြောင်း သိရှိရသည်။
“အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းအပိုဒ်(၁၉)အရ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်သူများအား ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၄၄၇၊ ပုဒ်မ ၄၂၇၊ ပုဒ်မ(၁၈)၊ ပုဒ်မ(၁၉)တို့ဖြင့် ဖမ်းဆီးထောင်ချခံနေတာတွေ လွတ်မြောက်အောင် ရည်ရွယ်တာပါ။”ဟု တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်သူက ပြောသည်။
ယင်းကဲ့သို့ ဆန္ဒဖော်ထုတ်ရန်အတွက် ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ သြဂုတ်လ(၃၀)ရက်နေ့က စာတင်ခဲ့ပြီး စက်တင်ဘာ (၂)ရက်နေ့က ခွင့်ပြုမိန့်ရခဲ့ခြင်းဖြစ်သည်။
ဆန္ဒထုတ်ဖော်မှုကို ပြည်မြို့လယ် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကျောက်ရုပ်မှစတင်ကာ လူစည်ကားရာနေရာများ ဖြစ်သော လမ်းရှည်လမ်း၊ လမ်းမတော်လမ်းတို့မှတဆင့် ပြည်ခရိုင်တရားရုံးရှေ့ထိ လှည့်လည်ဆန္ဒထုတ်ဖော် ခဲ့ခြင်းဖြစ်ပြီး ပြည်မြို့နယ် ရဲတပ်ဖွဲ့က လိုအပ်သည့် လုံခြုံရေးရယူပေးခဲ့သည်။
တစ်ကိုယ်ဆန္ဒဖော်ထုတ်သူက အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ်(၁၉) နှင့် မကိုက်ညီ သော ဥပဒေများအမြန်ဆုံးဖျက်သိမ်းပေး၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သည့်အတွက် မတရား ဖမ်းဆီးခံရသော သူများ အမြန်ဆုံးလွှတ်ပေးရေး၊ အစိုးရတိုင်း အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကို လေးစားကာကွယ် မြှင့်တင်ပေးရေးစသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။
တင်ဆက် ... ပြည်သတင်းလူငယ်(ပြည်သတင်း)
No comments:
Post a Comment