ခွင့်ပြုချက်ယူကာ ပါးစပ်ပိတ် အသံတိတ် ဆန္ဒထုတ်ဖော်ခဲ့ကြသည့် ပြည်သတင်းထောက်များ
**********************************************************************
သီဟလွင်၊ (မြစ်မခ)
နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေအရ ထောင်ဒဏ်(၁၀)နှစ်ချမှတ်ခံရသည့် ယူနတီဂျာနယ်မှ CEO နှင့် သတင်းထောက်(၄)ယောက်အမှုမှာ တရားမျှတမှုမရှိဘဲ မီဒီယာများအားဖိနှိပ်သည်ဟု ယူဆသောကြောင့် ပြည်မြို့ရှိ သတင်းထောက် (၂၀)ဦးက ဇူလိုင်လ ၁၅ ရက်နေ့က ဆန္ဒထုတ်ဖော်မှုတစ်ရပ်ပြုလုပ်ခဲ့သည်။ ပြည်မြို့ ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်ရှေ့တွင် သတင်းသမားများက ကင်မရာများ၊ အသံဖမ်းစက်များကို လမ်းမပေါ်တွင်ချကာ ပါးစပ်ကိုစတေကာဖြင့်ပိတ်၍ အသံတိတ်ဆန္ဒပြခြင်းဖြစ်ပြီး ပြည်ခရိုင်တရားရုံးရှေ့ထိ ချီတက်ကြကြောင်း သိရသည်။ “သူတို့ရဲ့လုပ်ရပ်ကိုကြည့်ခြင်းအားဖြင့် စစ်တပ်နဲ့ပတ်သက်လာရင် အထိမခံတဲ့သဘောရှိတယ်။ စစ်တပ် ဘက်က သတင်းသမားတွေကို သတင်းဖြေကြားပေးတာ ရှင်းလင်းတာပေးတာမျိုးတွေ မရှိတာဟာ သတင်း သမားတွေကို အခက်အခဲဖြစ်စေတယ်။ဒါကြောင့် ဒီလိုမျိုးပြဿနာတွေဖြစ်နေရတာ”ဟု ဧရာဝတီ သတင်း ဌာနမှ သတင်းထောက်ကိုကောင်းမြတ်မင်းက ပြောသည်။ အဆိုပါ ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ရန်အတွက် ပြည်မြို့နယ် ရဲတပ်ဖွဲ့မှုးရုံုးမှခွင့်ပြုချက်ဖြင့် ဆန္ဒထုတ်ဖော် ကြခြင်းဖြစ်ပြီး လမ်းကြောင်းတစ်လျှောက်၌ပြည်မြို့နယ် ရဲတပ်ဖွဲ့မှု လုံခြုံရေးရယူပေးကြောင်း သိရသည်။ ယူနတီဂျာနယ်က မကွေးတိုင်းဒေသကြီးပေါက်မြို့နယ် အမှတ် (၂၄)ကာကွယ်ရေးပစ္စည်းစက်ရုံအား လျှို့ဝှက်ဓါတုလက်နက်စက်ရုံဟု ခိုင်မာသည့်သတင်းရင်းမြစ်များမပါရှိဘဲ ဖေါ်ပြခဲ့သည်ဟုဆိုကာ နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေဖြင့် တရားစွဲခဲ့ခြင်းဖြစ်ပြီး အဆိုပါအမှုကို ဇူလိုင် ၁၀ ရက်နေ့က အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀) နှစ်စီအမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။ ထိုကဲ့သို့ အမိန့်ချမှတ်လိုက်ပြီးနောက် ရန်ကုန်မြို့မြန်မာငြိမ်းချမ်းရေးစင်တာ ဇူလိုင်လ(၁၂)ရက်နေ့ နိုင်ငံတော် သမ္မတနှင့် သဘင်၊ ရုပ်ရှင်၊ ဂီတပညာရှင်များတွေ့ဆုံပွဲ၌လည်း ရန်ကုန်မြို့မှ သတင်းအချို့က သက်ဆိုင်ရာမှ ခွင့်ပြုချက် မယူဘဲ ဆန္ဒထုတ်ဖေါ်ခဲ့ကြသည့်အတွက် ကမာရွတ်ရဲစခန်း၌ အမှုဖွင့်အရေးယူရန်စီစစ်နေကြောင်း သိရသည်။
No comments:
Post a Comment