Friday, June 20, 2014

ရေခဲ(ပြည်​)

သစ်ပင်ခုတ်သည်ဟုဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူး တရားစွဲခံရ
ရေခဲ (ပြည်)

ပြည်၊ ဇွန် ၁၉
ပိုင်ရှင်ရှိ သစ်ပင်များဝင်ရောက်ခုတ်ယူသည်ဟုဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို ခြံပိုင်ရှင်က အမှုဖွင့် တိုင်တန်းထားသည့် ဖြစ်စဉ်တစ်ခု ပြည်မြို့၊မှော်ဇာကျေးရွာအုပ်စုတွင် ဖြစ်ပွားခဲ့သည်ဟု အမှတ် (၃) ရဲစခန်းမှူး ရဲအုပ်စိုးလှိုင်ဦးက ပြောသည်။
“တရားလိုထွက်ချက်တွေတော့ စစ်နေတယ်။ တစ်ဖက်(ရပ်ကွက်အုပ်ချုပ်ရေးမှူး)ကိုတော့ ဒီတစ်ရက်နှစ် ရက်အတောအတွင်း ခေါ်စစ်မယ်”ဟု ၎င်းက ပြောသည်။
ဇွန်လ ၅ ရက် နံနက်က မှော်ဇာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးထွန်းပါ ၁၀ဦးသည် မှော်ဇာကျေးရွာ အုပ်စု၊ မှုတ်ရှည်ကျေးရွာရှိ ဒေါ်နွဲ့ရီပိုင်ခြံဝင်းအတွင်းမှ ကုက္ကိုပင်နှင့် မန်ကျည်းပင်အကြီး၊ အသေး ၃၀ ကို ခုတ်လှဲသယ်ဆောင်သွားခဲ့သည်ဟု ရဲမှတ်တမ်းတိုင်တန်းချက်တွင် ဖော်ပြထားသည်။
ယင်းကြောင့် ငွေကျပ် ငါးသိန်းခန့် ဆုံးရှုံးခဲ့ရသည်ဟုဆိုခဲ့ပြီး နှစ်ဖက်ညှိနှိုင်းရာ ပြေလည်မှုမရသဖြင့် ဇွန် ၁၈ရက်တွင် ခြံပိုင်ရှင် ဒေါ်နွဲ့ရီကအမှုဖွင့် တိုင်တန်းခဲ့သည်ဟု ရဲမှတ်တမ်းက ဆိုသည်။
အဆိုပါ ဖြစ်စဉ်ကို ပြည်မြို့ အမှတ်(၃) ရဲစခန်းတွင် (ပ)၁၁၉/၂၀၁၄ ပြစ်မှုပုဒ်မ ၄၄၇/၄၂၇ ဖြင့် အမှုဖွင့်စစ် ဆေးလျက် ရှိသည်။
ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ဒေါ်နွဲ့ရီကို မဇ္ဈိမက မေးမြန်းရာတွင် အတည်ပြုချက်ရရှိ ခဲ့သော်လည်း မှော်ဇာ ကျေးရွာအုပ်ချုပ်ရေးမှူးကိုမူ ဆက်သွယ်နိုင်ခြင်းမရှိသေးပေ။
မေ ၁၉ ရက်ကလည်း ပြည်မြို့၌ပင် န၀ဒေးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဌေးကို ကျူးကျော်အိမ်ရာများဖယ်ရှား မှုတွင်ပိုင်နက်ကျူးလွန်သည်ဟုဆိုကာ မြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားမှု တစ်ခုရှိခဲ့သည်။

ပြည်သတင်းလူငယ် တင်ဆက်သည်

No comments:

Post a Comment