ရွှေတောင်၊ ဧပြီ ၂၀
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ရွှေတောင်မြို့နယ်တွင် ဧပြီ ၁၂ ရက်နေ့ ညနေပိုင်းက မိုးသက်လေပြင်းကျစဉ် ပြိုကျခဲ့သည့် နေအိမ် ၃၇ လုံး အပါအဝင် ပျက်စီးခဲ့သည့် နေအိမ် အများအပြားမှာ ပြန်လည် တည်ဆောက်နိုင်ရန် ခက်ခဲ၍ အကူအညီ လိုအပ်လျက် ရှိကြောင်း ဒေသခံများက ပြောကြားသည်။
“ရွာမှာ ပြိုတာက ၁၄ လုံး၊ အမိုးလန်ပြီး ပျက်စီးတာက ၂၀ လောက် ရှိမယ်။ အိမ်ပြိုတဲ့ သူတွေကိုတော့ အုပ်ချုပ်ရေးမှူးက ငွေကျပ်ငါးသောင်းနဲ့ ဆန် ၁၀ ပြည်ပေးတယ်။ အိမ်ပြင်ဖို့ကတော့ နွားရောင်းပြီး လုပ်ရမှာ။ ကျပ်လေးသိန်းလောက် ကုန်မယ်။ လယ်လုပ်ရင်တော့ နွားငှားပြီး လုပ်ရမှာပေါ့” ဟု လေပြင်းကြောင့် အိမ်ပျက်စီးခဲ့ရသူ ကသစ်တိုင် ကျေးရွာသား ဦးဌေးအောင်က ပြောဆိုသည်။
လယ်နှင့် ခြံလုပ်ငန်း လုပ်ကိုင်သည့် လေဘေးသင့် ပြည်သူများမှာ နွမ်းပါး ကြသည့်အပြင် သက်ဆိုင်ရာက ထောက်ပံ့သည့် ငွေဖြင့် အိမ်ပြန်လည် တည်ဆောက်ရန် မဖြစ်နိုင်သောကြောင့် အကူအညီ လိုအပ်လျက် ရှိနေပြီး လက်ရှိအချိန်၌ ယာယီတဲများဖြင့် နေထိုင်လျက် ရှိကြောင်း အိမ်ပြိုကျခဲ့သူများထံမှ သိရသည်။
“တောထဲက တိုင်တွေခုတ်ပြီး ရွာကို နွားလှည်းနဲ့ တိုက်ရတယ်။ အမိုးအကာ အတွက်ကတော့ မတတ်နိုင်သေးဘူး။ ပေးတဲ့ ကျပ်ငွေ ၅ သောင်းက ကျောက်ခုံဖိုးတောင် မရှိဘူးလေ။ အရပ်ထဲမှာ လှည့်ပတ်ချေးငှားပြီး ပြန်ဆောက်ဖို့ ကြိုးစားရမှာပဲ။ အကူအညီ ရရင်တော့လည်း ကောင်းတာပေါ့” ဟု အိမ်ပြိုကျခဲ့သူ တစ်ဦးက ရှင်းပြသည်။
မိုးသက်လေပြင်း ကျမှုကြောင့် ဘုန်းကြီးကျောင်း တစ်ကျောင်း အပါအဝင် မြို့နယ်အတွင်းရှိ စမ်းရွာ၊ ရှင်ညိုရွာ၊ ညောင်ဝိုင်းရွာ၊ ရွာကုန်း အစရှိသည့် ကျေးရွာအုပ်စုများက လူဦးရေ ၁၃၈ ဦး နေထိုင်သည့် အိမ်ခြေ ၃၇ လုံး ပြိုကျခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
ပြိုကျခဲ့သည့် မြသိန်းတန် တောင်ပေါ် တောရကျောင်း ဆရာတော် ဦးတေဇောဘာသကလည်း ]]သီတင်းသုံးတဲ့ နှစ်ထပ် သစ်သားကျောင်း ပြိုသွားတယ်။ ဆွမ်းစားဆောင်လည်း ပျက်စီးရတယ်။ ပြိုကျခဲ့တဲ့ ကျောင်းဆောင် ဆောက်တုန်းက ၃ နှစ်လောက် အချိန်ယူခဲ့ရတာ။ ပျက်စီးတာတွေကို လာကြည့်ကြပြီး ဆန်တစ်အိတ်တော့ လာလှူသွားကြတယ်” ဟု မိန့်ကြားသည်။
ဧပြီလ ၁၂ ရက်နေ့ ညနေ ၆ နာရီခန့်က မိုးနှင့်အတူ ပါလာသော လေကြမ်းများက လေဆင်နှာမောင်း သဖွယ် တိုက်ခတ်ခဲ့ပြီး လူ ၃ ဦး သေဆုံးခဲ့ကာ ရွှေတောင်မြို့နယ်တွင် ယခုကဲ့သို့ လေဘေးဒဏ် အဆိုးဝါးဆုံး ခံခဲ့ရမှု့မှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
The Voice Weekly

No comments:
Post a Comment