Wednesday, January 15, 2014

ပြည်ခရိုင်အတွင်း လူစည်ကားရာ နေရာ ၂၄ ခုတွင် လုံခြုံရေး ကင်မရာများ တပ်ဆင်မည်


ပဲခူးတိုင်းပြည်ခရိုင်အတွင်း မြို့နယ်ခြောက်ခုရှိ လူစည်ကားရာနေရာ ၂၄ ခုတွင် ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းများ ပိုမိုကောင်းမွန်လာစေရန်နှင့် ရဲမှုခင်းဖြစ်စဉ်များကို စောင့်ကြည့်ဖော်ထုတ်နိုင်ရန်အတွက် CCTV ကင်မရာများကို တိုင်းအစိုးရ ခွင့်ပြုချက်ရသည်နှင့် တပ်ဆင်သွားမည်ဟု ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး မှ ရဲမှူးခင်မောင်သန်းက ပြောသည်။

“ယာဉ်စည်း၊ ကမ်းလမ်းစည်းကမ်း ပိုကောင်းလာမယ်ပေါ့။ ဒါတွေရှိတဲ့အတွက် လူတွေက ထိန်းပြီးတော့ သွားလာဖို့ရယ်။ မှုခင်းနဲ့ပတ်သတ်လို့ ဖြစ်သွားရင်လည်း ဒါတွေပြန်ကြည့်ပြီး ဖော်ထုတ်နိုင်အောင်လို့”ဟု ဆိုသည်။ CCTV တပ်ဆင်လိုက်ခြင်းဖြင့် ယာဉ်မတော်တဆမှုများ ဖြစ်ပွားပြီး ထွက်ပြေးတိမ်းရှောင်သွားသူများကို ကင်မရာတွင် ပြန်လည်ကြည့်ရှုကာ စစ်ဆေးအရေးယူမည်ဟုလည်း ရဲမှူးက ဆက်ပြောသည်။

ကင်မရာတပ်ဆင်ရန် ကုန်ကျငွေများကို ပဲခူးတိုင်း ယာဉ်စည်းကမ်းလမ်းစည်းကမ်း စီမံခန့်ခွဲမှုမှရရှိသည့် ဒဏ်ငွေများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းအစီအစဉ်အတွက် တိုင်းအစိုးရအဖွဲ့ ခွင့်ပြုချက်ရပါ က စတင်ဆောင်ရွက်သွားမည်ဟု ရဲမှူးက ပြောသည်။ ပြည်မြို့ ရွှေဆံတော်စေတီတွင် ၂၀၁၃ ခုနှစ် စက်တင်ဘာလက CCTVလုံခြုံရေး ကင်မရာ ၃၂ လုံး တပ် ဆင်ခဲ့ပြီး ၂၀၁၃ ဒီဇင်ဘာလက ရှေးဟောင်းသမိုင်းဝင် ကင်ဘုရားကြီးတွင် ရှစ်လုံး တပ်ဆင်ခဲ့ပြီး ဖြစ် သည်။ မကြာမီ CCTV ကင်မရာတပ်ဆင်မည့် နေရာများတွင် ပြည်မြို့နာရီစင်မီးပွိုင့် အပါအ၀င် မြင်းစီးကျောက် ရုပ်၊ စည်ပင်သာယာဈေးကြီး၊ နွားမယံတိုးဂိတ်၊ န၀ဒေးတိုးဂိတ်၊ ပြည်အမှတ်(၃) ရဲစခန်းအနီး မြို့ဝင်တိုး ဂိတ်၊ မြို့သစ်အဝေးပြေးကားဝင်း၊ ပေါက်ခေါင်းမြို့နယ်တွင် ဗိုလ်ချုပ်ကျောက်ရုပ် လမ်းဆုံ၊ ဆေးရုံလမ်း ဆုံ၊ ပေါက်ခေါင်းဘူတာ၊ သဲကုန်းမြို့နယ်တွင် သဲကုန်းဈေးချိုလမ်းနှင့် လမ်းမတော်လမ်းထောင့်၊ ပုတီး ကုန်း ဘူတာလမ်းဆုံ၊ ပုတီးကုန်း ဈေးလမ်းဆုံ၊ အင်းမဈေးထိပ်၊ ပေါင်းတည်မြို့နယ်တွင် ရန်ကုန်-ပြည် လမ်းနှင့် ဘုရားကြီးလမ်းဆုံ၊ ရန်ကုန်ပြည်လမ်းနှင့် အရှေ့လမ်းဆုံ၊ ရန်ကုန်-ပြည်လမ်းနှင့် တာပွန်လမ်း ဆုံ၊ ပေါင်းတည်ဘူတာရုံ၊ ရွှေတောင်မြို့နယ်တွင် တည်ကုန်းလမ်းဆုံ၊ ကားလေးယာဉ်လမ်းဆုံ၊ ဘီအိုစီ လမ်းဆုံ၊ ဘုရားနီလမ်းဆုံ၊ ပန်းတောင်းမြို့နယ်တွင် န၀ဒေးတံတားရဲကင်း၊ ဥသျှစ်ပင်လမ်းဆုံ စသည့်နေ ရာများဖြစ်ကြောင်း သိရသည်။

ရေခဲ(ပြည်)
Pyay City

No comments:

Post a Comment