ရန်ကုန် စက်တင်ဘာ ၁
နိုင်ငံတော် အစိုးရ အနေဖြင့် အသေးစား
လုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက် ပေးနိုင်ခဲ့ပြီး အလတ်စား
လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စတင်နိုင်ခြင်း မရှိသေး ကြောင်း
Myanmar Peace Center (MPC) တွင် ဒုတိယအကြိမ် ပြုလုပ်သည့် ပြည်တွင်း ပြည်ပ
အဖွဲ့အစည်းများ၊ အလှူရှင်နိုင်ငံများ၊ ပညာရှင်များနှင့် ပြည်ထောင်စု
ဝန်ကြီးများ တွေ့ဆုံပွဲ တွင် ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက
ပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော် အနေဖြင့် အသေးစား
လုပ်ငန်းများ ဖွံ့ဖြိုးရေး အတွက် လူငါးဦးပါဝင်သည့် အဖွဲ့ငယ် လေးများ
စုဖွဲ့ပြီး အသေးစား လုပ်ငန်းလေးများ ထူထောင် ပေးနေကြောင်း၊ အသေးစားနှင့်
အလတ်စား စီးပွားရေး လုပ်ငန်းများသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတွင်
စွမ်းရည် မြှင့်တင်ပေးသူများ အဖြစ်လည်းကောင်း၊ ဖွံ့ဖြိုးတိုးတက်မှု၏
အဓိကမောင်းနှင် သူများ အဖြစ်လည်းကောင်း၊ အားလုံးပါဝင်ပြီး ဟန်ချက်ညီသည့်
ဖွံ့ဖြိုးတိုးတက်မှု (Inclusive and Balanced Growth) ဆောင်ကြဉ်း ပေးသူများ
အဖြစ်လည်းကောင်း ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်နေပြီး ၂ဝဝ၁ ခုနှစ်မှ
၂ဝဝ၉ ခုနှစ်အတွင်း ဖွံ့ဖြိုးပြီးနိုင်ငံများ၊ အာရှပစိဖိတ် နိုင်ငံများ
စီးပွားရေး လုပ်ငန်းများတွင် အသေးစားနှင့် အလတ်စား စီးပွားရေး
လုပ်ငန်းများ၏ ပါဝင်မှု ၉ဝ ရာခိုင်နှုန်းကျော် ရှိပြီး အလုပ်အကိုင်
ဖန်တီးပေးမှု တွင်လည်း အသေးစားနှင့် အလတ်စား လုပ်ငန်းများက အများဆုံး
ဖြစ်သည်ဟု လုပ်ငန်းရှင်များက ပြောကြားခဲ့သည်။
နိုင်ငံတော် အနေဖြင့် မြန်မာ့အသေးစားနှင့်
အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ငွေကြေးအရင်း
အနှီးအပြင် လိုအပ်သော ပညာရပ်များ၊ အတွေ့အကြုံ များကို ဖြည့်ဆည်းပေးရန်၊
လုပ်ငန်းကျွမ်းကျင်မှု အရည်အသွေးမြှင့် တင်ပေးရန်၊ ကြီးမားသော အာမခံ ပစ္စည်း
မတင်နိုင်သော်လည်း အထူး ကိစ္စရပ်အနေဖြင့် လုပ်ငန်းတစ်ခုချင်း အလိုက်
ဆန်းစစ်ပြီး သက်သာသော အတိုးနှုန်းဖြင့် ငွေချေးပေးရန်၊ ဈေးကွက် သတင်းနှင့်
ပတ်သက်ပြီး SME လုပ်ငန်းများနှင့် ဆက်စပ်သော သတင်း အချက်အလက်များ
ထုတ်ပြန်ပေးမည့် သီးခြား ရုပ်သံလိုင်း တစ်ခု ထားရှိပေးရန်၊ ကုန်ပစ္စည်း
ထုတ်လုပ်ရာတွင် မူရင်းတိုင်းပြည်၏ အရေး ပါမှုကို အသေးစားနှင့် အလတ်စား
စီးပွားရေး လုပ်ငန်းရှင်များ သိစေရန် ထုတ်ပြန်ပေးရန် လိုအပ်ပြီး ပုဂ္ဂလိက
လုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ ပြည်တွင်း လုပ်ငန်းရှင် အချင်းချင်း
ဖြစ်စေ၊ ပြည်ပ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ဖြစ်စေ အသေးစားနှင့်
အလတ်စား စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်သည့် လုပ်ငန်းပြင်ပမှ
ကျွမ်းကျင်သူများ၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းကွန်ရက် တစ်ခု
တည်ထောင်ပြီး အချင်းချင်း အပြန်အလှန် ရိုင်းပင်းကူညီ လုပ်ကိုင်ကြသော
စနစ်တစ်ခု တည်ဆောက် ပေးခြင်းများ လုပ်ဆောင်ပေးရန် လိုအပ်သည်ဟု
လုပ်ငန်းရှင်များက သုံးသပ်ကြသည်။
ကွန်းဇော်
No comments:
Post a Comment