Sunday, September 1, 2013

ပုဂ္ဂလိက အာမခံ ကုမ္ပဏီများတွင် မီးအာမခံ ထားသူ များပြားလာ



ရန်ကုန်  စက်တင်ဘာ  ၁
လွန်ခဲ့သော သုံးလခန့်က စတင်၍ လုပ်ကိုင်ခွင့် ရရှိခဲ့သော ပုဂ္ဂလိက အာမခံ ကုမ္ပဏီများတွင် မီးအာမခံ ထားကြသူများမှာ အများဆုံး ဖြစ်ပြီး ယခုလတွင် ယခင်လ များကထက် ပိုမိုများ ပြားလာကြောင်း သိရသည်။ ထိုသို့ မီးအာမခံ ထားကြသူများ ထဲတွင် စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းရှင်များပင် ပါဝင်သကဲ့သို့ လူနေအိမ်များ အတွက် မီးအာမခံထား ကြသူများလည်း ပါဝင်သည်။
''အာမခံ လာထားကြတဲ့ သူတွေထဲမှာ မီးအာမခံ ထားကြတဲ့သူတွေက အများဆုံးပါပဲ။  လူနေ အိမ်တွေ အတွက်လည်း ပါတယ်။ စက်ရုံ၊ အလုပ်ရုံတွေ  အတွက်လည်း ပါတယ်။  အထူး သဖြင့် မီးလောင် လွယ်တတ်တဲ့ စက်ရုံ၊ အလုပ်ရုံ အမျိုးအစားတွေ အတွက် မီးအာမခံ လာထား ကြသူတွေ ပိုများပါတယ်။ အိမ်ပဲဖြစ်ဖြစ်၊ လုပ်ငန်းပဲ ဖြစ်ဖြစ် မီးလောင် ဆုံးရှုံးသွားရင်  အရင်း အစား ပြန်ရအောင် အာမခံ ထားကြတဲ့ သဘောပါ။  ပျက်စီးဆုံးရှုံး တာချင်း အတူတူ  မီးအာမခံ ထားတဲ့သူတွေက ကိုယ့်အိုးအိမ် ဒါမှမဟုတ်  ကိုယ့်လုပ်ငန်းကို လွယ်လွယ်ကူကူနဲ့ အမြန်ပြန်ပြီး ထူထောင် နိုင်တာပေါ့''ဟု အပြည်ပြည်ဆိုင်ရာ ကမ္ဘောဇ အာမခံ လုပ်ငန်းမှ  ဝန်ထမ်းတစ်ဦးက ပြောပြသည်။ မီးအာမခံ ထားရာတွင်  လူနေအိမ်များ စက်ရုံ၊ အလုပ်ရုံများ၊ အဆောက်အအုံများ၊ စက်ကိရိယာများနှင့် ကုန်ပစ္စည်းများ အစရှိသည်တို့ကို အာမခံထားနိုင်ပြီး အဓိကရုဏ်းများ၊ လေယာဉ် ခရီးစဉ်တွင် ထိခိုက်ခြင်းများ၊ မြေငလျင်များနှင့် လေမုန်တိုင်းများ စသည်တို့ကြောင့် ပျက်စီးဆုံး ရှုံးမှုများ ကိုလည်း မီးအာမခံထဲတွင် အကာအကွယ် အဖြစ်  ထည့်သွင်း ပေးခြင်းအနေဖြင့် ဝန်ဆောင်မှုများ ပေးထားကြောင်း သိရသည်။
ပုဂ္ဂလိက အာမခံလုပ်ငန်း အများစုတွင် မီးအာမခံအပြင် အသက်အာမခံ၊ မော်တော်ယာဉ် အာမခံ၊ ငွေသားလုံခြုံမှု အာမခံ၊ ငွေပို့၊ ငွေသယ် အာမခံနှင့် သမာဓိအာမခံ များလည်း ဆောင် ရွက်ပေးလျက် ရှိပြီး  မီးအာမခံမှာ လူအများ စိတ်ဝင်စားကြသည့် အာမခံ အမျိုးအစား ဖြစ်ကြောင်း သိရသည်။
ဆောင်းဦး

No comments:

Post a Comment