Monday, September 2, 2013

ထင်ရှားကျော်ကြားသူများ၏ အဆိုအမိန့်များ(၂)

“အချစ်၏ ဆန့်ကျင်ဘက်”

အချစ်၏ ဆန့်ကျင်ဘက်သည် မုန်တီးခြင်း မဟုတ်ပါ။

ဥပေက္ခာပြုခြင်းသာ ဖြစ်သည်။

(ရိုလိုမေ)

......................................................................
 
“မကဲ့ရဲ့နှင့်”

မိမိကိုယ်ကို မကဲ့ရဲ့ မရှုတ်ချနှင့်။

မိမိကိုယ်ကို မလေးစားသူအား မည်သူကမျှ လေးစားလိမ့်မည်မဟုတ်။

(ဖေမြင့်)

............................................................................
 
“ငွေရောင် အနားသတ်”

တိမ်ညို တိမ်မည်းများ၌လည်း ငွေရောင် အနားသတ်များ ရှိတတ်သည်ဆိုသော စကားရှိသည်။

ထို့ကြောင့် မည်မျှ အခက်အခဲ ကြုံရသည်ဖြစ်စေ အားမလျှော့ပါနှင့်။

မည်သည့်အနေအထားမျိုးမှာမဆို မိမိအတွက် တတ်နိုင်သမျှ အကောင်းဆုံးကို ဖန်တီးမည် ဟူသော စိတ်ဓာတ်မျိုး၊ အဆိုးဆုံး အခက်အခဲဆုံး အတွေ့အကြုံများမှ အဖိုးတန်ဆုံး သင်ခန်းစာများ ရယူသွားမည်ဟူသော သတ္တိမျိုးဖြင့် ကြိုးစားပါက ပုန်းခိုနေသော ဆုလာဘ်များသည်လည်း သင့်လက်တွင်းသို့ သက်ဆင်းလာမည်သာ ဖြစ်သည်။

......................................................................................
 
“ဂုဏ်ယူပါ....သို့သော်”

သင် လုပ်နိုင်သမျှ အကောင်းဆုံးကိုသာ ဆောင်ရွက်ပါ။

မိမိ ဆောင်ရွက်မှုအတွက် ဂုဏ်ယူပါ။

သို့သော် လောက၌ မရှိမဖြစ်သောသူ ဟူသည်မရှိဆိုသော အချက်ကိုကား မမေ့ပါနှင့်။

(အာတီ ပါရီရာ)

..............................................................................................
 
“နှလုံးသားမှ ချီးမွမ်းစကား”

မြှောက်ပင့်ခြင်းသည် နှုတ်ဖျားမှာ လာ၍ ချီးမွမ်းခြင်းကား နှလုံးသားမှလာ၏ ဟူသော စကားတစ်ခွန်းရှိသည်။

နှလုံးသားထဲမှ လာသော သဘာဝကျသည့် ချီးမွမ်းစကားမျိုး ပြောထွက်ရန်အတွက် လူတစ်ဖက်သားထံ၌ ချီးမွမ်းစရာကို တွေ့တတ်မြင်တတ် ရှာဖွေကြည့်ရှုတတ်သော အလေ့အကျင့်လိုသည်။

သင့်စိတ်တွင် ချီးမွမ်းစရာကို အမှန်တကယ် မြင်သည်ဆိုကသာ သင့်နှုတ်မှ ထွက်လာသည့် ချီးမွမ်းစကားသည်လည်း သဘာဝကျစွာ လှိုက်လှဲမှုအပြည့် ပါပေမည်။

..................................................................................................
 
“အတော်ဆုံး လူများ”

ပညာရှိများ သုံးသပ်ပြောဆိုလေ့ ရှိသော စကားတစ်ခွန်း ရှိသည်။ အတော်ဆုံးလူများထံ အကြီးမားဆုံး ပြဿနာများ ရောက်ရှိလာစမြဲဖြစ်သည် ဟူသော စကား။

အတော်ဆုံးလူ တဲ့။ ဘယ်သူများပါနည်း ။

လူတော်အခေါ်ခံရမည့်သူများ သီးခြားရှိပါသလား။ သူက လူတော် သူက လူညံ့ဆိုပြီး မွေးကတည်းက သီးခြားစီ ပြဌာန်းထားပြီး ဖြစ်ပါသလား။ သင်ကကော လူတော်ထဲမှာ ပါခဲ့သလား၊ လူညံ့စာရင်းဝင် ဖြစ်ခဲ့သလား။

မဟုတ်ပါ ။ သည်လို မဟုတ်ပါ ။ သင်လည်း လူတော် ဖြစ်နိုင်သည်။ ကျွန်တော်လည်း လူတော်ဖြစ်နိုင်သည်။ သင်ရော ကျွန်တော်ပါ အကောင်းဆုံးစာရင်းဝင်တွေ ဖြစ်လာနိုင်ကြသည်။

အရေးကြီးသည်က ကျွန်တော်တို့ ကြိုးစားကြဖို့။

သည်ကနေ့ သင့်မှာ ဘာအခက်အခဲ ရှိသလဲ၊ ဘာပြဿနာတွေ ဖြေရှင်းစရာ ရှိသလဲ။ အဲသည်ဟာတွေသည် သင် လူတော်ဖြစ်ဖို့ အခွင့်အရေးတွေပဲ။ အခက်အခဲကြီးလေ ပြဿနာ ရှုပ်ထွေးလေ သင် ပိုတော်ခွင့် ပိုထူးချွန်ခွင့် ရှိလေဖြစ်သည်။ အလေးနက် အခက်ဆုံး ပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်သူသာ အတော်ဆုံးလူ ဖြစ်မည်။

..............................................................................................
 “ဆုပ်ထားသော လက်”

ဆုပ်ထားသော လက်ဖြင့် ဘယ်အရာကိုမျှ မခံယူနိုင် ဟူသော စကားတစ်ခု ရှိသည်။

အိမ်နီးချင်းကို မကူညီ မပေးကမ်းသူထံ ကူညီပေးကမ်းခြင်းများ ရောက်လာရန် ခဲယဉ်းသည်။

မျိုးစေ့ချသူသာ သီးနှံကို ရိတ်သိမ်းစားသောက်ခွင့် ရရှိနိုင်သည်။ မျိုးစေ့ချရန် ပေးကမ်းရန်အတွက် ရှေးဦးစွာ လက်ကိုဖြန့်ဖို့ လိုပေသည်။

................................................................................................
 
“ကြင်နာတတ်သော စိတ်”

လူတွေတွင် အလွန်နူးညံသိမ်မွေ့ပြီး အလွန်သနားကြင်နာတတ်သောစိတ် ရှိပါသည်။ အသက်ကြီးခြင်း ငယ်ခြင်း သို့မဟုတ် အတွေ့အကြုံများခြင်း နည်းခြင်းကြောင့် အဆိုပါစိတ်ဓာတ်သည် အကြီးအကျယ် ပြောင်းလွဲသွားမည်ဟု ကျွှန်တော် မယုံကြည်ပါ။

ပြင်ပသွင်ပြင် လက္ခဏာတွေ ဘယ်လောက် အသားမာတက်ပြီး ဘယ်လောက်ကြမ်းထော်နေသည် ဖြစ်စေ ရင်ထဲတွင် ကြင်နာသနားတတ်သော စိတ်ခံစားမှုများနှင့် စိတ်လှုပ်ရှားမှုများ မွေးထုတ်ပေးသည့် နှလုံးသား ရှိနေပါသည်။

(စတီဗင် ကိုဗေး)

...............................................................................................
 
“ပညာဆည်းပူးခြင်း၏ တန်ဖိုး”

ပညာဆည်းပူးခြင်း၏ တန်ဖိုးသည် ငွေရေးကြေးရေးအရ သို့မဟုတ် အလုပ်အကိုင်အရ မဟုတ်ပါ။ သို့သော် ယင်းတန်ဖိုးသည် သင့် တစ်ကိုယ်ရေအတွက်၊ သင့်စိတ်ပိုင်းဆိုင်ရာအတွက် နောက်ပြီး သင့်အကျင့်စရိုက်ကောင်းမွန်လာရေးနှင့် ဆိုင်ပါသည်။ သင့်အနေဖြင့် ပိုကောင်းသည့် ခင်ပွန်းနှင့် ဖခင်တစ်ဦး ဖြစ်လာနိုင်သည်။ ပိုကောင်းသည့် ဇနီးနှင့် မိခင်၊ နောက်ပြီး နိုင်ငံသားတစ်ဦး ဖြစ်လာနိုင်သည်။ ပညာဆည်းပူးခြင်ဖြင့် သရုပ်ခွဲ စဉ်းစားတတ်လာသည်။ တီထွင်ဆန်းသစ်စွာ ကြံဆတတ်လာမည်။

ပညာဆည်းပူးခြင်းအားဖြင့် စာရေးရာတွင်လည်းကောင်း၊ ပြောဆိုဆက်ဆံရာတွင်လည်းကောင်း ရှင်းလင်းပြတ်သားစွာနှင့် တစ်ဖက်သားကျလောက်အောင် ရေးနိုင်ပြောနိုင်လာမည်။ ပညာဆည်းပူးခြင်းအားဖြင့် စာကောင်းနှင့် စာဆိုး ခွဲခြားဖတ်တတ်လာသည်။

ဘ၀နှင့် ပြဿနာများအကြောင်း စဉ်စားတွေးခေါ်နည်း တစ်မျိုးဖွံ့ဖြိုးတိုးတက်လာမည်။ သင့် အခြေခံအသိပညာသည် နက်နဲပြီး ကျယ်ပြန့်လာမည်။ သင့်မြင်ကွင်းကျယ်လာမည်။ စာနာစွမ်းနှင့် နားလည်သဘောပေါက်နိုင်စွမ်း တိုးတက်လာမည်။ သင်သည် ဘက်ပေါင်းစုံတွင် ပိုမို ပြည့်ဝလာပြီး အများနှင့် တန်းတူရည်တူ ပေါင်းစပ်နိုင်သူ တစ်ဦး ဖြစ်လာကာ ပိုမိုစွမ်းဆောင်နိုင်သော ဥာဏ်အမြော်အမြင်ကြီးသော လူသားတစ်ဦး ဖြစ်လာပါလိမ့်မည်။

..............................................................................................
 
“၀ယ်ယူလို့ မရ”

သင့် အနေဖြင့် လူတစ်ဦး၏ လုပ်အားကို ၀ယ်ယူလို့ ရသည်။ သို့သော် သူ့ နှလုံးသားကို ၀ယ်ယူလို့ မရ။ သူ၏ စိတ်အားထက်သန်မှု၊ သူ၏ သစ္စာစောင့်သိမှု ရှိရာသည် သူ့နှလုံးသား ဖြစ်၏ ။

သင့် အနေဖြင့် လူတစ်ဦး၏ ပံ့ပိုးမှုကို ၀ယ်ယူလို့ရသည်။ သို့သော် သူ့ဦးနှောက်ကို ၀ယ်ယူလို့ မရ။ သူ၏ တီထွင်ဖန်တီးမှု၊ သူ၏ စဉ်းစားဥာဏ်၊ သူ၏ ကြံရည်ဖန်ရည် ရှိရာသည် သူ့ဦးနှောက် ဖြစ်၏ ။

..................................................................................................
 
“လူဖြစ်ရကျိုး”

လူ့ဘ၀တွင် လူဖြစ်ရကျိုး နပ်စေသည်မှာ ပစ္စည်းဥစ္စာများ

စုပုံများပြားလာခြင်းမဟုတ်၊ လောက ကောင်းကျိုး သယ်

ပိုးခြင်းသာ ဖြစ်၏ ။

(စတီဗင် ကိုဗေး)

...................................................................................................
 
“နားထောင်ခြင်းက ပို၍”

သင်သည် မည်သည့်အလုပ်မျိုးကို လုပ်ကိုင်သူဖြစ်ပါစေ၊

စကားပြောခြင်းထက် နားထောင်ခြင်းက သင့် အတွက်

အမြဲပို၍ အကျိုးရှိပါသည်။

(အာတီ ပါရီရာ)

.................................................................................................
 
“ယုဉ်ပြိုင်ရဲသော စိတ်”

အောင်မြင်လိုလျှင် လူတကာနှင့် ယုဉ်ပြိုင်ရဲသောစိတ် ရှိရလိမ့်မည်။

ငယ်စဉ်အခါက လူအများပင် ပြိုင်ရဲဆိုင်ရဲခဲ့ကြသည်။ အလွယ်တကူ အလျှော့မပေး၊ မိမိ ရွေးချယ်သည့် ကဏ္ဍ၌ လူတကာထက် ထိပ်က နေရအောင် ကြိုးစားခဲ့ကြသည်။

သို့သော် ထိုပြိုင်ဆိုင်ရဲသည့်စိတ်သည် အထက်တန်းကျောင်းသားဘ၀၊ သို့မဟုတ် အလွန်ဆုံး တက္ကသိုလ်ကျောင်းသား ဘ၀လောက်ထိသာ ပါလာကြသည်။ သည်နောက်ပိုင်းရောက်လျှင် အစရှာမရချင်တော့။ လူအတော်များများသည် ကျောင်းထွက်စ အလုပ်တစ်ခုခု ၀င်စမှာပင် မိမိဘ၀ အဆင့်အတန်းကို မိမိ ပိုင်းဖြတ်ကန့်သတ်လိုက်ကြသည်။ သည့်ထက် ကြီးကျယ်တိုးတက်ဖို့ မမျှော်လင့်ကြတော့။ မရ ရအောင် ချမည်ဟူသော စိတ်မျိုး မရှိကြတော့။

လုံးဝ မှားသော စိတ်ဓာတ်ဖြစ်သည်။

ပြိုင်ရဲဆိုင်ရဲသော စိတ်ဇွဲတွေ နည်းပါးသွားသည် လူလတ်လူကြီးများကြားတွင် လူငယ်ကျောင်းသား ဘ၀က ယှဉ်ပြိုင်သည့် စိတ်ဓာတ်မျိုး ဆက်လက်မွေးမြူထားနိုင်သူသည် နေ့ချင်းညချင်း ထိပ်တန်းရောက်လာမှာ သေချာသည်။

လုပ်ရမည်။ ထချရမည်။ ကျောင်းသားဘ၀တုန်းကလို လက်အိတ်စွပ်၊ ကြိုးဝိုင်းထဲ ၀င်၊ ထိုး ၊ အဲသလို လုပ်ရမည်။

သည်လို စိတ်ဓာတ်မျိုး မရှိဘဲနှင့်တော့ ဘယ်သောအခါမျှ မအောင်မြင်နိုင်၊ မကြီးပွားနိုင်၊ ထိပ်တန်းမရောက်နိုင်။

...................................................................................................................
 
“အလုပ်သည် လူကို ဖန်တီး၏”

သင့်တစ်သက်တာ လုပ်ရပ်စုသည် သင့်ပုံတူ ရုပ်တုပင် ဖြစ်၏ ။ သည်လုပ်ရပ်-ရုပ်တုမှ သင်ရှောင်ခွာထွက်ပြေး၍ မရနိုင်။

သည်ရုပ်တုသည် လုပချင် လှပမည်။ အကျည်းတန်ချင် တန်နေမည်။ နှစ်သက်ဖွယ် ဖြစ်ချင် ဖြစ်မည်။ အားကျစရာ ကောင်းနိုင်သလို စက်ဆုပ်ဖွယ် ဖြစ်ချင် ဖြစ်မည်။ အထင်ကြီးစရာ ကောင်းနိုင်သလို အထင်သေးစရာလည်း ဖြစ်နေနိုင်သည်။

......သင် လုပ်သည့် အမှုကိစ္စကြီးငယ်မှန်သမျှ၊ သင်ရေးသမျှ ပေးစာ၊ သင် ရောင်းသည့် ကုန်ပစ္စည်း၊ သင် ပြောသည့်စကား၊ သင် တွေးသည့် အတွေးစသည့် အသီးသီးသော သင့်အလုပ် သင့်အတွေးအကြံတို့သည် သင့်ပုံတူရုပ်တုကို ချို့တဲ့ပျက်ယွင်းအောင် သို့မဟုတ် ပိုမိုလှပအောင် ထုဆစ်လိုက်သည့် လုပ်ဆောင်ချက်များ ဖြစ်သွားခဲ့ပေသည်။

(အို၊ အက်စ်၊ မာဒင်)

......................................................................................................................
 
“စိတ်ဓာတ် စွမ်းအား”

စိတ်ဓာတ်စွမ်းအားဆိုသည်မှာ လူတစ်ယောက်ကို သူ ရည်မှန်းသည့်နေရာသို့ ရောက်အောင် တွန်းပို့ပစ်တင်ပေးမည့် ထက်သန်မှုစွမ်းအားကို ဆိုသည်။

ကိစ္စတစ်ခု ဖြစ်မြောက် အောင်မြင်သွားချင်သည့် ဆန္ဒ သူ့မှာ ဘယ်လောက် ထက်သန်ပြည့်ဝနေသလဲ၊ အဲသည် ထက်သန်မှုအား ကြီးမားလျှင် ကြီးမားသလောက် ခရီးဝေးဝေးသူ ရောက်မည်။ မြင့်မြင့်မားမား သူ တက်နိုင်မည်။ ကိစ္စတစ်ခုအတွက် ထက်သန်စိတ်ပြင်းထန်ပြည့်ဝနေသည့်အခါ သည်ကိစ္စအတွက် ဘာတွေ ဘယ်လောက်စွန့်လွှတ်ရ စွန့်လွှတ်ရ ဘေးဒုက္ခ အခက်အခဲတွေ ဘယ်လောက် ရင်ဆိုင်ရ ရင်ဆိုင်ရ စွန့်လွှတ်မည် ရင်ဆိုင်မည်ဟူ၍ ရဲ့ဝံ့ပြတ်သားလာသည်။

ထက်သန်မှုစွမ်းအားနှင့် ရဲ့ဝံပြတ်သားမှု ပေါင်းစပ်ထားသူကို ဘယ်သူမျှ တားဆီးမထားနိုင်။ မိမိနှင့် ပန်းတိုင်ကြား ရှိသမျှ အတားအဆီးကို တွန်းတိုက်ဖယ်ရှားကာ အောင်မြင်မှုကို သူ အရယူသွားမည် ဖြစ်သည်။

.................................................................................................................
 
“အများအကျိုးဆောင်”

အများအကျိုးဆောင် ကိုယ့်အကျိုးအောင် ဟူသောစကားသည် အမြဲမှန်ကန်လျက် ရှိ၏ ။ သင်က သူတစ်ပါးအား စိတ်ဝင်စားသည့်အခါ သူတစ်ပါးကလည်း သင့်အပေါ် စိတ်ဝင်စားလာမည် ဖြစ်၏ ။

သူတစ်ပါးအရေးကို မိမိအရေးသဖွယ် သဘောထားကူညီခြင်းဖြင့် သင့်ဘေးပတ်လည်၌ သင့်ကို တပျော်တပါး ၀ိုင်းဝန်းကူညီမည့် မိတ်ဆွေသင်္ဂများ ၀န်းရံလာမည် ဖြစ်သည်။

.......................................................................
.“လိုလျှင်ကြံဆ နည်းလမ်းရ”

မည်သည့်အလုပ်မဆို ပထမ၌ ခဲယဉ်းသည်ထင်ရ၏ ။ သို့ရာတွင် မလျော့သော ဆန္ဒဖြင့် အကြိမ်ကြိမ် ဥာဏ်ထုတ်၍ ကြိုးစားလုပ်ကိုင်ပါလျှင် အောင်မြင်ရပေတော့၏ ။

အခက်အခဲနှင့် တွေ့ကြုံလျှင် “လိုလျှင်ကြံဆ နည်းလမ်းရ” ဆိုသော ပညာရှိများ၏ သွန်သင်ဆုံးမ သြ၀ါဒစကားအစဉ် ရွတ်ဖတ်ပါလေ။

အခက်အခဲဆိုသည်မှာ ယာယီအခိုက်အတန့်မျှသာ ဖြစ်၏ ။ မိမိက အကြံထုတ်ကာ ဇွဲကောင်းစွာဖြင့် လက်မလျှော့ဘဲ ကြိုးစားလုပ်ကိုင်ပါက မိမိအရည်အချင်းကို စုံစမ်းရန်လာသော ခေတ္တယာယီ အနှောင့်အယှက် ကလေးများသည် လက်မြှောက်ကာ ထွက်သွားရရှာတော့၏ ။

ဆန္ဒရှိ၍ ကြိုးစားလျှင် ဘုရားပင်ဖြစ်နိုင်သည်ကို အမြဲသတိပြုပါလော့။

(ပီမိုးနင်း)

..........................................................................................................
 
 
 

No comments:

Post a Comment